ဟားခါး ဧပြီ ၈
၂၀၂၂ ခုနှစ်၊ ချင်းပြည်နယ် မဟာသင်္ကြန်ပွဲတော် ကျင်းပရေးနှင့် မြန်မာနှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်းအခမ်းနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
ရှေးဦးစွာ ၂၀၂၂ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ကျင်းပရေးနာယက၊ ပြည်နယ်ဝန်ကြီးချုပ်
ဦ:ငွန်ဆန်းအောင်က မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့်
လုံခြုံရေးလစ်ဟာမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် ကော်မတီအသီးသီးမှ ဆောင်ရွက်နေမှုအခြေအနေများ
ရှင်းလင်းတင်ပြစေလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြည်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကော်မတီအလိုက်
လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး
ဖျော်ဖြေရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး
ဦးကျော်ဇင်ဦးက မဟာသင်္ကြန်ပွဲတော်တွင် ကပြဖျော်ဖြေ ယှဉ်ပြိုင်ကြမည့် ယိမ်းအဖွဲ့များနှင့်
ပြိုင်ပွဲဝင်မည့် သီချင်းများအခြေအနေ၊ သင်္ကြန်မယ်ပြိုင်ပွဲဆောင်ရွက်မည့် အစီအစဉ်၊
ဆုချီးမြှင့်မည့်အစီအစဉ်နှင့် ရန်ပုံငွေလျာထားမှု၊ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား ကျင်းပမည့်
အစီအစဉ်နှင့် နေ့အလိုက် ယိမ်းအဖွဲ့များ ဖျော်ဖြေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို
Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က
အကြံပြုဖြည့်စွက် ဆွေးနွေးကြပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက
အခမ်းအနားပြင်ဆင်ခြင်းလုပ်ငန်း ဧပြီ ၉ ရက်နေ့အပြီး ဆောင်ရွက်ရေး၊ လျှပ်စစ်မီးအလှဆင်ခြင်းလုပ်ငန်းနှင့်
အသံပိုင်းဆိုင်ရာများ အချိန်မီကြိုတင် တပ်ဆင်ဆောင်ရွက်ရေး၊ နေ့အလိုက် စတုဒီသာကျွေးမွေးမည့်
အစီအစဉ်များအား ကျန်းမာရေးနှင့် ညီညွှတ်ရေး ကြီးကြပ်စစ်ဆေးရန်လိုအပ်မှုနှင့် လုပ်ငန်းအောင်မြင်စွာ
ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ရန် အကြံပြုဖြည့်စွက်ဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က
လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြန်မာနှစ်ဆန်း (၁)ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် နာယူပူဇော်ခြင်း
အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီအစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်နယ်သာသနာရေးမှူး၊
ညွှန်ကြားရေးမှူး ဦးသန်းထွေးနှင့် တာဝန်ရှိသူများက ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှုနှင့်
ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်လင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ဆောင်ရွက်ပေးကာ
နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အစည်းအဝေးအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်
ဝန်ကြီးများနှင့် တာဝန်ရှိသူများက မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍာပ်ပြင်ဆင်ခြင်း လုပ်ငန်းများကို
ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment