ထန်းတပင်(ရန်ကုန်)၊ ဇန်နဝါရီ ၁၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း အရည်အသွေးကောင်းမွန်သော စံပြကွက်များ ဖြစ်စေရေးအတွက် ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာ၊ ကွင်းအမှတ်(၁၇၆-ခ) ရှိ လယ်ယာမြေ ဧက(၁၅ဝ)ကို စက်မှုလယ်ယာစနစ်ကျလယ်ယာမြေများအဖြစ် ပြောင်းလဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုအခါတွင် စနစ်ကျလယ်ယာမြေ ဖော်ထုတ်မှုများအနေဖြင့် (၁ဝဝ) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သလို စိုက်ပျိုးတောင်သူများလည်း စိုက်ပျိုးရေးလုပ်ငန်းများကိုစတင်ကာ ဆောင်ရွက် နေပြီဖြစ်ကြောင်း ထန်းတပင်မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးနိုင်ထံမှ သိရသည်။
ထန်းတပင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေဧက ဖော်ထုတ်ခြင်းလုပ်ငန်းကို ထန်းတပင်မြို့နယ်အတွင်း ရေပေါ်သောင်ကျေးရွာတွင် ပထမအကြိမ်အဖြစ် (၂၀၁၆) ခုနှစ်တွင် ဧကပေါင်း(၃၈၁)ဧကကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သလို ယခုအခါ ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာတွင် လယ်ယာမြေ ဧက(၁၅၀)ကို စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေများအဖြစ် ဒုတိယမြောက်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပြီး စနစ်ကျလယ်ယာမြေဧကများ ဖော်ထုတ်ခြင်းကြောင့် ဒေသခံတောင်သူများ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရောက်ရှိခြင်း၊ တောင်သူများအကျိုးရှိ ဝင်ငွေတိုးပွားစေခြင်း၊ ရေသွင်း ရေထုတ်မြောင်းများ ကောင်းမွန်စေခြင်း၊ လယ်ယာကုန်ထုတ်လမ်းများကြောင့် လမ်းပန်း ဆက်သွယ် ရေး ကောင်းမွန်လာခြင်း၊ သီးနှံများအထွက်တိုးပွားလာခြင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အထောက်အကူပြုသည့် အကျိုးကျေးဇူးများကိုပါရရှိစေမည် ဖြစ်ကြောင်းလည်း သိရသည်။
ထန်းတပင်မြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာတွင် လယ်ယာမြေဧက(၁၅ဝ)ကို စက်မှု လယ်ယာစနစ်ကျ လယ်ယာမြေများအဖြစ် ၂၀၂၁ခုနှစ်၊ မေလ(၁)ရက်နေ့မှ စတင်၍ ပြောင်းလဲ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်း လုပ်ငန်းကို ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် စက်မှုလယ်ယာဦးစီးဌာန၏ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် လယ်ယာမြေဧကပေါင်း (၁၅ဝ)ဧကကို တစ်ဧကလျှင် ငွေကျပ် (၁.၂၁၅) သန်းနှုန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)
No comments:
Post a Comment