မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍ စည်းလုံးညီညွတ်မှုကို ခိုင်မာစွာ တည်ဆောက်နေသည်။ စည်းလုံးညီညွတ်မှု လျော့ရဲချည့်နဲ့သည်နှင့် အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် ပြည်ထောင်စုကြီးအား ထိပါးလာသည်ကို တွေ့ကြရမည်ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံသည့် စည်းလုံးညီညွတ်မှုကို တိုင်းရင်းသားပြည်သူအားလုံး ကြိုးပမ်းတည်ဆောက်နေကြရမည်ဖြစ်သည်။
မိမိတို့နိုင်ငံသည်
အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို မကြာခဏခြိမ်းခြောက် ခံနေရပြီး နိုင်ငံ၏စုစည်းညီညွတ်သည့်အားဖြင့်
ခိုင်မာအောင် ဆောင်ရွက်နေရန်လိုကြောင်း၊ လွတ်လပ်ရေးမှ ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များ
ခံစားနိုင်အောင် ဆောင်ရွက်ရန်လိုအပ်သဖြင့် မိမိအနေဖြင့် ယခုနှစ်တွင် နိုင်ငံ၏အရေးအကြီးဆုံး
လိုအပ်ချက်ဖြစ်သည့် ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး ခြေလှမ်းသစ်
စတင်မည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အစည်းအဝေး(၁/၂၀၂၂)တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသည်မှာ
(၇၄) နှစ်ပြည့်ခဲ့ပြီး (၇၅) နှစ် မြောက် စိန်ရတုကာလသို့ပင် ဖြတ်သန်းနေပြီ။ လွတ်လပ်ရေးရရှိပြီးသည်မှာ
လူ့သက်တမ်းတစ်ခုပင် ရှိလာပြီဖြစ်သော်လည်း တိုင်းရင်းသား ပြည်သူအားလုံး၏ လူမှုဘ၀များငြိမ်းချမ်းသာယာဝပြောခြင်း
အပြည့်အဝ မရရှိသေးပေ။ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့်ကြည့်လျှင် အချို့ဒေသများ၌
လွတ်လပ်ရေး၏ အရသာ၊ လွတ်လပ်ရေး၏အသီးအပွင့်များကို ပြည့်ပြည့်ဝဝမခံစားရသေးပေ။ ပဋိပက္ခများ၊
မငြိမ်းချမ်းမှုများ ယနေ့ထက်တိုင်ရှိနေသေးသည်။ မငြိမ်းချမ်းသောအကျိုးဆက်များကို မငြိမ်းချမ်းသောဒေသများမှ
တိုင်းရင်းသားပြည်သူများ ခံစားနေကြရသည်။ တိုက်ပွဲရှောင်၊ ပဋိပက္ခရှောင်ဖြင့် အေးချမ်းစွာ
လုပ်ကိုင်စားသောက်နေထိုင်နိုင်ခြင်း မရှိပေ။
မြန်မာနိုင်ငံသည်
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စု ခရီးလမ်းကို လျှောက်လှမ်းနေသည်။
ကမ္ဘာပေါ်ရှိ ဖက်ဒရယ်နိုင်ငံများတွင် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို တူညီသည့်အခွင့်အာဏာများပေးထားသည်။
မြန်မာနိုင်ငံတွင်လည်း တိုင်းရင်းသားအားလုံးကို တူညီသည့်အခွင့်အရေးများ ရရှိစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။
မြို့ပြ၊ ကျေးလက်၊ တောင်ပေါ်၊ မြေပြန့် တူညီသောအခွင့်အရေးများရရှိစေရန် ငြိမ်းချမ်းရေး၊
တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်သည်။
တစ်ခုနှင့်တစ်ခု အခွင့်အရေးများပိုယူ၍ ရမည်မဟုတ်ပေ။ အားလုံးတန်းတူညီမျှ အခွင့်အရေးရမှ
မျှော်မှန်းထားသည့် ဖက်ဒရယ်ခရီးလမ်းကို ရောက်ရှိနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ငြိမ်းချမ်းရေး၊
တည်ငြိမ်အေးချမ်းရေးသည် အရေးအကြီးဆုံး ဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်
NCA နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ်တွင် အခြေခံ၍ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို
အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ထိခိုက်မှုမရှိအောင် ဆောင်ရွက်ကြရမည် ဖြစ်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့်အဖွဲ့များနှင့်
တွေ့ဆုံဆွေးနွေးမှုများ အမြဲမပြတ် ပြုလုပ်လျက်ရှိသည်။ NCA တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသော
အဖွဲ့များနှင့် လည်း အလွတ်သဘောဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်မှာ ဝမ်းမြောက်စရာ
ဖြစ်သည်။ သို့သော် NCA တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အဖွဲ့များ အနက် KIA နှင့်
KNPP အဖွဲ့တို့သည် CDM ပြုလုပ်သူများကို ထောက်ပံ့ကူညီပေးပြီး ဖောက်ခွဲရေးသင်တန်းများပေးခြင်း၊
လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခြင်း၊ ကိုယ်တိုင်အကြမ်းဖက်လုပ်ငန်းများတွင်ပါဝင်၍ လမ်းကြောင်းများ၊
တံတားများ၊ မြို့ရွာများအား တိုက်ခိုက်ဖျက်ဆီးလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။
နိုင်ငံတော်ကိုဆန့်ကျင်ပြီး
လမ်းမှားရောက်နေသူများအား သွေးထိုးမြှောက်ပင့်ပေးကာ အဖျက်လမ်းကြောင်းပေါ်သို့ တွန်းပို့နေခြင်းသည်
ငြိမ်းချမ်းရေးကို မလိုလားကြောင်း သိသာပေသည်။ ဤသို့ပြုလုပ်ခြင်းသည် အစိုးရကို ဦးတည်တိုက်ခိုက်ခြင်းထက်
တိုင်းရင်းသား ပြည်သူများ အကျိုးပျက်စီးရေး၊ တိုင်းပြည်ပျက်စီးရေးသာ ဖြစ်စေသည်ကို သတိချပ်ရမည်ဖြစ်သည်။
နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သူများ၏
လုပ်ရပ်များသည် မိုက်မဲသောအပြုအမူများဖြစ်၍ အချိန်တန်လျှင် နိဂုံးချုပ်အဆုံးသတ်သွားမည်
ဖြစ်သည်။
သို့ဖြစ်ရာ ဒီမိုကရေစီနှင့်
ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ငြိမ်းချမ်းရေးခြေလှမ်းသစ်ကို တက်လှမ်းနိုင်ရန်အတွက် တိုင်းရင်းသားပြည်သူများအားလုံး၏
စည်းလုံးညီညွတ်သော စွမ်းအားများဖြင့် လက်တွဲကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
။
No comments:
Post a Comment