နေပြည်တော် ဇန်နဝါရီ ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မန္တလေးမြို့ရှိ ဘာသာပေါင်းစုံအဖွဲ့များ၊ မြို့မိ၊ မြို့ဖများ၊ မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ၊ မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများအား ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ မြို့တော်ခန်းမ၌ တွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့်
အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်
တာဝန်ရှိသူများ၊ မန္တလေးမြို့အခြေချ YMBA အသင်းမှ ဥက္ကဋ္ဌ ဦးကြည်စိန်၊ အထက်မြန်မာပြည်
ဟိန္ဒူဘာသာရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊ မန္တလေးမြို့ ကတ်သလစ် ဘာသာရေးအဖွဲ့မှ
ခရစ်ယာန်ဘုန်းတော်ကြီး ဦးခင်မောင်ထွေး၊ မန္တလေးမြို့ နှစ်ခြင်း ဘာသာရေးအဖွဲ့မှ ခရစ်ယာန်သင်းအုပ်ဘုန်းတော်ကြီး
ဦးနောင်နောင်လွင်၊ မန္တလေးမြို့၊ အစ္စလာမ်ဘာသာရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ မောင်လာနာဟာဖစ်ဇ်
နူရ်ရွတ်ဒီးန်(ခ) ဦးမျိုးမြင့်တို့နှင့် အဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ၊ မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေး
ကော်မတီ (MMIC) ဥက္ကဋ္ဌ ဦးခင်မောင်လှနှင့်
အဖွဲ့ဝင်များ၊ မန္တလေးတိုင်းကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (MRCCI) ဥက္ကဋ္ဌ ဦးဝင်းဌေးနှင့် အဖွဲ့ဝင်များ၊
တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရေခံမြေခံများကောင်းမွန်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် မန္တလေးမြို့သည် နောက်ဆုံးမင်းဆက်ဖြစ်သည့်
ကုန်းဘောင်မင်းဆက် သီပေါမင်း နန်းစိုက်ခဲ့သည့်မြို့တော်ဖြစ်ပြီး ယဉ်ကျေးမှုမြို့တော်တစ်ခုဖြစ်ကာ
သမိုင်းအစဉ်အလာ ကြီးသည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ဘာသာရေးခေါင်းဆောင်များ
ပေါ်ထွန်းရာနေရာတစ်ခုဖြစ်သကဲ့သို့ အခြားဘာသာများဖြစ်သည့် အစ္စလမ်ဘာသာ၊ ခရစ်ယာန်ဘာသာဝင်များနှင့်
ပတ်သက်၍လည်း အရေးပါသည့်မြို့တစ်မြို့ဖြစ်ကြောင်း၊ အလားတူ အခြားသော နိုင်ငံ့ခေါင်းဆောင်များနှင့်
အနုပညာသည်များပေါ်ထွန်းရာမြို့တစ်မြို့ဖြစ်သကဲ့သို့ စီးပွားရေးအရ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး
စီးပွားရေးအခြေခံကောင်းများ များစွာရှိ သည့် နေရာဒေသတစ်ခုဖြစ်ကြောင်း၊ ရေခံမြေခံများကောင်းမွန်ပြီး
ရာသီဥတုလည်း သင့်တင့်ကောင်းမွန်သည့် ဒေသတစ်ခုဖြစ်ကြောင်း။
သိသိသာသာတိုးတက်လာ
ကုန်ထုတ်လုပ်ငန်းများ
များစွာဆောင်ရွက်နိုင်သည့် ဒေသဖြစ်ပြီး မန္တလေးမြို့ ပတ်ဝန်းကျင်တွင် လယ်လုပ်ငန်းများ၊
ဥယျာဉ်ခြံမြေများ အောင်မြင်ဖြစ်ထွန်းသကဲ့သို့ မွေးမြူရေးလုပ်ငန်းများလည်း အောင်မြင်ဖြစ်ထွန်းကြောင်း၊
အလားတူ ပညာတတ်များ ပေါများသည့် မြို့တစ်မြို့ဖြစ်ပြီး ပြီးခဲ့သည့် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း
စာမေးပွဲ၌ တစ်နိုင်ငံလုံးပထမရရှိခဲ့ကြောင်း၊ မိမိအနေဖြင့် မန္တလေးမြို့အား တိုးတက်စေလိုသည့်
စိတ်ဆန္ဒရှိကြောင်း၊ ပါတီစုံဒီမိုကရေစီအစိုးရသက်တမ်းများ အတွင်း မန္တလေးမြို့သည် သိသိသာသာတိုး
တက်လာသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါတိုးတက်မှုများကို ယခုထက်ပိုမိုအသုံးချ နိုင်မည်ဆိုပါက
နိုင်ငံ၏စီးပွားရေးတွင် အချက်အခြာကျသည့် ဒေသတစ်ခု၊ မြို့ တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း။
ထိန်းသိမ်းဆောင်ရွက်ရမည်
ကောင်းမွန်သော လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့်
အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ တမူးဘက်သို့ နယ်စပ်ကုန်သွယ်ရေး
အခွင့်အလမ်းများရှိပြီး ဒေသမှထွက်ရှိသည့် ထုတ်ကုန်များအား ပြည်ပနိုင်ငံများသို့ တိုက်ရိုက်တင်ပို့ရောင်းချနိုင်သည့်
အခွင့်အရေးများရှိကြောင်း၊ မိမိတပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူချိန်တွင်လည်း
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ နန်းမြို့ရိုးအား
ထိန်းသိမ်းခြင်းနှင့် နန်းမြို့တွင်းရှိ နန်းတော်ရာ၊ အမြောက်ပြတိုက်၊ ဘုတ်တလုပ်ကန်နှင့်
အခြားသမိုင်းဝင်ရှေးဟောင်း အမွေအနှစ်နေရာများအား ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်
ခဲ့ကြောင်း၊ မိမိတို့ နိုင်ငံ၏ နန်းစိုက်ရာ နေရာတစ်ခုဖြစ်သဖြင့် ထိန်းသိမ်းဆောင်ရွက်ရမည်
ဖြစ်ကြောင်း။
ရှေးမှုမပျက်တည်ဆောက်လျက်ရှိ
နေပြည်တော်၌လည်း မြန်မာတွင်သာမက
ကမ္ဘာ့နိုင်ငံများတွင်ပါ စကျင်ကျောက်တော်ကြီးဖြင့် ထုဆစ်သည့် ဆင်းတုတော်ကြီးများအနက်
အကြီးဆုံးနှင့် ဉာဏ်တော်အမြင့်မားဆုံး ဆင်းတုတော်ကြီးဖြစ်လာမည့် မာရဝိဇယစေတီတော်ကြီး
ကိုတည်ဆောက်လျက်ရှိပြီး အဆိုပါစကျင်ကျောက်များသည် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်မှ
ထွက်ရှိသည့် ကျောက်များဖြစ်ကြောင်း၊ စေတီတော်ကြီးကို တည်ထားကိုးကွယ်ရေးလုပ်ငန်းများ
ဆောင်ရွက်ရာတွင်လည်း ရတနာပုံခေတ်ဟန် လက်ရာများဖြင့် ခေတ်မီနည်းပညာ အထောက်အကူရယူ၍ ရှေးမူမပျက်တည်ဆောက်လျက်ရှိကြောင်း၊ မန္တလေးသည်
မြန်မာနိုင်ငံ၏ယဉ်ကျေးမှုမြို့တော်ဖြစ်သဖြင့် မြန်မာမင်းဆက်၏ ယဉ်ကျေးမှုများနှင့်ဂုဏ်ကို
ပြန်လည်ထိန်းသိမ်းခြင်းများကို လုပ်ဆောင်ရမည်ပင်ဖြစ်ကြောင်း။
ထိုသို့ထိန်းသိမ်း
ဆောင်ရွက်ရာတွင်လည်း ရှေးရိုးစွဲမဖြစ်စေရန်နှင့် ခေတ်နှင့်လျော်ညီအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဘာသာများအလိုက်ရှိနေသည့် ယဉ်ကျေးမှုများကိုလည်း
ထိန်းသိမ်းကြရန်လိုကြောင်း၊ ခေတ်အမြင်နှင့်ပတ်သက်၍ လူငယ်အချို့တွင် ယဉ်ကျေးမှုနှင့်
ပတ်သက်ပြီး ထိန်းသိမ်းမှုအားနည်းသည်ကို တွေ့ရှိရကြောင်း၊ မန္တလေးမြို့မှစ၍ ယဉ်ကျေးမှုကိုစံနမူနာပြ
အနေဖြင့် ထိန်းသိမ်းဆောင်ရွက် ကြစေလိုကြောင်း။
ခေတ်အဆက်ဆက်ကြိုးပမ်း
စီးပွားရေးနှင့်ပတ်သက်၍
မန္တလေးမြို့သည် ဗဟိုချက်မဖြစ်ပြီး နိုင်ငံအဝန်းသို့ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ
လွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးအတွက်လည်း
ခေတ်အဆက်ဆက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြကြောင်း၊ အဖျက်အမှောင့် လုပ်ငန်းများကြောင့်လည်း
လျှပ်စစ်ဓာတ်အားများ လုံလောက်စွာဖြန့်ဖြူး ပေးနိုင်မှုမရှိခြင်းနှင့် စီမံကိန်းလုပ်ငန်းများ
အကောင်အထည်ဖော် ဆောင်ရွက်ချိန်တွင်လည်း အကြောင်းအမျိုးမျိုးပြ၍ အနှောင့်အယှက်ပေးမှုများရှိခြင်းတို့ကြောင့်
လျှပ်စစ်စီမံကိန်းများ ဆောင်ရွက်ရန် နှောင့်နှေးမှုများဖြစ်ပေါ်လျက်ရှိကြောင်း။
လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကြောင့်
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုအနည်းဆုံးဖြင့်
ထုတ်လုပ်နိုင်သည့် ခေတ်မီနည်းလမ်းများ ရှိကြောင်း၊ သို့သော် အချို့သောအဖွဲ့အစည်းများမှ
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုအကြောင်းပြ၍ မိမိတို့နိုင်ငံ၏လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို
ဆောင်ရွက်မှုမပြုနိုင်ရန် နိုင်ငံရေးအရအသုံးချ ဆောင်ရွက်လျက်ရှိသဖြင့် မိမိတို့နိုင်ငံတွင်
လျှပ်စစ်ဓာတ်အား လုံလောက်စွာထုတ်လုပ်နိုင်မှု မရှိသေးကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင်
မိုးရွာရက်နည်း ပါးခြင်းနှင့် မိုးရေချိန်နည်းပါးခြင်းကြောင့် နေရောင်ခြည်စွမ်းအင်သုံး
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို ဆောင်ရွက်၍ရနိုင်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက်
နိုင်ငံတော်အစိုးရ အနေဖြင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ LED မီးများကိုအသုံးပြုခြင်းဖြင့်
လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်သဖြင့် မီတာခများသက်သာမည် ဖြစ်သကဲ့သို့
လိုအပ်သည့်နေရာတွင် မီးသုံးစွဲမှုကို ပိုမိုအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး
လုပ်ငန်းများမှထွက်ရှိသည့် ဘိုင်အိုဂတ်စ်များမှလည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများကိုဆောင်ရွက်နိုင်ကြောင်း၊
“လိုလျှင်ကြံဆနည်းလမ်းရ” ဟူသည့်အတိုင်း တွေးခေါ်ကြံဆ ဆောင်ရွက်ကြရန်လိုကြောင်း။
ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိ
လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်၍
မန္တလေးတိုင်းဒေသကြီးအတွင်း ရထားလမ်းများ၊ ကားလမ်းများ ကောင်းမွန်စေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
လေကြောင်းဖြင့် သယ်ယူပို့ဆောင်မှုသည် ကုန်ကျစရိတ်များပြားပြီး ခရီးသည်နှင့် ကုန်အနည်းငယ်ကိုသာ
သယ်ယူပို့ဆောင်ပေးနိုင်ကြောင်း၊ အလားတူကားဖြင့် ပို့ဆောင်မှုသည်လည်း ငွေကြေးကုန်ကျ
စရိတ်များပြားကြောင်း၊ ရထားဖြင့် သယ်ယူပို့ဆောင်မည်ဆိုပါက လူများစွာဖြင့် ကုန်တန်ချိန်
ပေါင်းများစွာကို သယ်ယူပို့ဆောင်ပေးနိုင်သဖြင့် ရထားလမ်းများကောင်းမွန်စေရေး အဆင့်မြှင့်တင်
ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရထားများ အချိန်မှန်ပြေးဆွဲပေးနိုင်ရေး စီမံဆောင်ရွက်ပေးလျက်
ရှိကြောင်း၊ ခရီးသွားလာမှုများအဆင်ပြေရန်ချောမွေ့ရန်အတွက် လမ်းနှင့်တံတားများကောင်းမွန်
ရန်လိုအပ်သဖြင့် လမ်းများကောင်းမွန်စေရေး နိုင်ငံတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊
မန္တလေးတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်သဖြင့် ရှိရင်းစွဲကောင်းမွန်သည့်
လမ်းပန်းဆက်သွယ်ရေးများကို အသုံးပြုပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိအောင်ဆောင်ရွက်ရန်လိုကြောင်း။
ခရီးသွားများကိုဆွဲဆောင်
နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက်
GDP ကို စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ စက်မှုလုပ်လုပ်ငန်းနှင့် ဝန်ဆောင်မှုသုံးခုဖြင့်
တွက်ချက်ရကြောင်း၊ မန္တလေးဒေသတွင် အဆိုပါအချက်သုံးခုစလုံး အားကောင်းကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းကိုအခြေခံသည့်
SME လုပ်ငန်းများ ဆောင်ရွက်၍ရသည့် အခြေခံကောင်းများရှိသကဲ့သို့ ယဉ်ကျေးမှုမြို့တော်၊
ရှေးဟောင်းမြို့တော်ဖြစ်သဖြင့် ဘုရား၊ ကျောင်းကန်များ များစွာရှိသကဲ့သို့ ယဉ်ကျေးမှုအမွေ
အနှစ်များများစွာရှိကြောင်း၊ ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုများရှိ သကဲ့သို့ ရှေးဟောင်းအဆောက်အဦများနှင့်
ပတ်သက်၍လည်း ယဉ်ကျေးမှုအမွေအနှစ်များ များစွာရှိကြောင်း၊ အဆိုပါယဉ်ကျေးမှု အမွေအနှစ်များကို
ထိန်းသိမ်းဆောင်ရွက်၍ ခရီးသွားများကိုဆွဲဆောင်ပြီး ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုများ
ပိုမိုတိုးတက်အောင် ဆောင်ရွက်၍ရကြောင်း။
အမြဲမပြတ်ကြိုးစားအားထုတ်
နိုင်ငံတိုင်းသည်
ကိုယ့်နိုင်ငံကိုယ်ကြီးပွားတိုးတက်အောင် ဆောင်ရွက်နေကြကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများရှိသကဲ့သို့
ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ Least Developed Countries များ၊ စက်မှုထိပ်သီးနိုင်ငံများ
G- 7၊ ဖွံဖြိုးပြီး စက်မှုနိုင်ငံများ
OECD၊ များရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေသောနိုင်ငံများအားလုံးရှိ အစိုးရအဖွဲ့အစည်းများသည်
မိမိတို့နိုင်ငံတိုးတက် စေရေးဦးဆောင်၍ ဆောင်ရွက်နေကြကြောင်း၊ မိမိတို့နိုင်ငံ တိုးတက်အောင်
မဆောင်ရွက်နိုင်သည့် အစိုးရများဆိုပါက နိုင်ငံအတွင်း ပြဿနာမျိုးစုံ ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း၊
နိုင်ငံတိုးတက်အောင် ဆောင်ရွက်နိုင်သည့် အစိုးရများသည် ပြည်သူလူထု၏ထောက်ခံမှုကိုရရှိကြကြောင်း၊
ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက် စေရေးအတွက် အမြဲမပြတ်ကြိုးစားအားထုတ်နေရန်လိုကြောင်း၊
အလားတူ လူတစ်ဦးချင်း အနေဖြင့်လည်း ကြိုးစားအားထုတ်မှုရှိမှသာ ဘဝအတွက်တိုးတက်မှုရှိမည်ဖြစ်ပြီး
ကြိုးစားအားထုတ်မှုမရှိပါက နောက်ကျကျန်ရစ်ခဲ့မည်သာဖြစ်ကြောင်း၊ ထို့ကြောင့် ဘဝတိုးတက်စေရေးအတွက်
အမြဲမပြတ်ကြိုးစားအားထုတ်နေရန်လိုကြောင်း။
စာကြည့်တိုက်များ
ပြည့်စုံစွာထားရှိပေး
လူတစ်ဦးတိုးတက်စေရန်အတွက်
ပညာရေးကောင်းမွန်ရန်လိုကြောင်း၊ မန္တလေးမြို့သည် အခြေခံအားဖြင့် ပညာရေးအားပေးသည့် မြို့တစ်မြို့ဖြစ်သဖြင့်
နဂိုရှိရင်းစွဲ ကောင်းမွန်သည့် အချက်များကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊
အစိုးရအနေဖြင့် နိုင်ငံသားများအားလုံး ပညာတတ်မြောက်ရေးအတွက် အခြေခံပညာကျောင်းများနှင့်
တက္ကသိုလ်များအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိ သကဲ့သို့ ပညာသင်ကြားရေးဆိုင်ရာ ကိစ္စရပ်များနှင့်
ပတ်သက်၍လည်း အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေးကို
သာမက စာပေများကိုလည်း ဖတ်ရှုလေ့လာနိုင်ရေးအတွက် စာကြည့်တိုက်များ ပြည့်စုံစွာထားရှိပေးထားရန်လိုကြောင်း၊
တက္ကသိုလ်ပညာ သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက်လည်း ပတ်ဝန်းကျင်ကောင်းများ
ဖြစ်စေရေး ဖန်တီးပေးရန်လိုကြောင်း၊ အခြေခံကောင်းများကို အသုံးချ၍ ပညာတတ်များ များစွာ
ပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ လူတစ်ဦးနှင့်တစ်ဦး
အသိတရားနှင့် ကြိုးစားအားထုတ်မှုအပေါ်မူတည်၍ ဘဝတွင် ကွာခြားမှုများ ဖြစ်ပေါ်သွားမည်ဖြစ်ကြောင်း၊
ပညာသင်ကြားရမည့်အရွယ်အားလုံး ပညာသင်ကြားနိုင်ရေး အတွက်အားပေး ဆောင်ရွက်ကြရန်လိုကြောင်း။
ထုတ်ကုန်များကို အသုံးပြု
မန္တလေးမြို့သည် ရာသီဥတုကောင်းမွန်ပြီး
ရေခံမြေခံကောင်းမွန်သည့် ဒေသတစ်ခုဖြစ်သဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊
စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မိရိုးဖလာအတိုင်း ဆောင်ရွက်ခြင်းမဟုတ်ဘဲ
ခေတ်နှင့်လျော်ညီစွာဆောင်ရွက်မှသာ စီးပွားရေးလုပ်ငန်းများ ယခုထက် ပိုမိုတိုးတက်အောင်မြင်မည်ဖြစ်ကြောင်း၊
စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှထွက်ရှိသည့် ထွက်ကုန် များကိုအသုံးပြု၍ စက်မှုကုန်ထုတ်လုပ်ငန်းများကို
ဆောင်ရွက်နိုင်ကြောင်း၊ မန္တလေး မြို့သည် မိမိတို့နိုင်ငံ၏ စီးပွားရေးနှင့်ပတ်သက်၍
မြန်မာနိုင်ငံ၏ ဗဟိုချက် နေရာ တွင်တည်ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကိုဆောင်ရွက်နိုင်ကြောင်း။
ဘာသာဝင်အသီးသီးအား
ဝိုင်းဝန်းတိုက်တွန်း
မိမိတို့၏ ရည်ရွယ်ချက်မှာ
တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများ ရေးပင်ဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ
နိုင်ငံသားအားလုံး မိမိတို့ဒေသတွင် ပျော်ပျော်ရွှင်ရွှင်ဖြင့် နေထိုင်လုပ်ကိုင်နိုင်ပြီး
တရားဥပဒေများ စိုးမိုးမှုရှိရမည်၊ ငြိမ်းချမ်းရမည်၊ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ရမည်၊
ကျောင်းနေအရွယ် အားလုံး ပညာသင်ကြားနိုင်ရမည် ဖြစ်ကြောင်း၊ “အူမတောင့်မှ သီလစောင့်နိုင်မည်” ဆိုသည့်အတိုင်း စာရေရိက္ခာပေါများအောင်
ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် ရေခံမြေခံကောင်းမွန်သည့် နေရာများစွာရှိပြီး
အပြည့်အဝအသုံးချ နိုင်မည်ဆိုပါက စားရေရိက္ခာများပေါများမည်ဖြစ်ကြောင်း၊ နိုင်ငံသာယာ
ဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေးမြို့ရှိ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်များအားလုံးအနေဖြင့်
မိမိတို့ဘာသာဝင်အသီးသီးအား ဝိုင်းဝန်းတိုက်တွန်းဆောင်ရွက် ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ဒီမြေမှာမွေး၊ ဒီမြေမှာကြီးပြင်းပြီး
ဒီအရိပ်ကိုခိုနေသူ များဖြစ်သဖြင့် နိုင်ငံသာယာဝပြောရေးနှင့် စားရေရိက္ခာပေါများစေရေး
အားလုံးမှ ဝိုင်းဝန်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော်ဝန်ကြီးချုပ်က မန္တလေးမြို့ရှိ ဘာသာရေးအသင်းအဖွဲ့များအတွက် မေတ္တာလက်ဆောင်ပစ္စည်းများနှင့်
အသင်းရန်ပုံငွေအဖြစ် တစ်သင်းလျှင်ကျပ်သိန်း ၁၅၀ ထောက်ပံ့ပေးအပ်ရာဘာသာရေး ခေါင်းဆောင်
အသီးသီးက လက်ခံရယူသည်။
အချင်းချင်း တိုင်ပင်ညှိနှိုင်း
ထို့နောက် ဘာသာရေးအသင်းအဖွဲ့များကိုယ်စား
အထက်မြန်မာပြည် ဟိန္ဒူ ဘာသာရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လွင် က ကျေးဇူးတင်စကားပြန်
လည်ပြောကြားရာတွင် ဘာသာရေးအသင်းအဖွဲ့များအတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် အမှတ်တရလက်ဆောင်ပစ္စည်းများ၊
အသင်းရန်ပုံငွေများ ပေးအပ်ချီးမြှင့်သည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်းနှင့်
ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဘာသာပေါင်းစုံအဖွဲ့များ၏ ခေါင်းဆောင်များ အနေဖြင့် သက်ဆိုင်ရာဘာသာရေးကိစ္စရပ်များ၊
နိုင်ငံ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ရာ၌ အချင်းချင်းတိုင်ပင်ညှိနှိုင်း၍ အောင်မြင်အောင်
ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
အတူတကွ သုံးဆောင်
ယင်းနောက် နိုင်ငံတော်စီမံရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲတို့ တက်ရောက်လာကြသူများသည်
ဘာသာပေါင်းစုံ အဖွဲ့များ၊ မြို့မိ၊ မြို့ဖများ၊ မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ၊
မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့်အတူ
တည်ခင်းဧည့်ခံထားသည့် လက်ဖက်ရည်ဝိုင်းတွင် အတူတကွသုံးဆောင်ကြသည်။
ရင်းရင်းနှီးနှီး
နှုတ်ဆက်
တွေ့ဆုံပွဲအပြီးတွင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်
တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment