ပြည် ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၏ "ပန်းခင်းစီမံချက်"ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး သည့် ပြည်ခရိုင်လျာထားချက် ရာနှုန်းပြည့် ပြီးစီးအောင်မြင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့ သီရိ ခေတ္တရာရတနာမြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များဖြစ်သော ဒုတိယဗိုလ်မှူးကြီးကြည်အေး၊ ခရိုင်လဝကဦးစီးမှူး ဦးရဲနောင်နှင့် အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တိုးလှိုင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး ဆက်လက်၍ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဖြိုးသူမောင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ကာ ပဲခူးတိုင်းဒေသကြီးတွင် ပန်းခင်းစီမံချက် လျာထားချက်(တတိယ)မြောက်ပြီးစီးသည့် ပေါက်ခေါင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအတွက် ဂုဏ်ပြုချီးမြင့်ငွေကျပ် (၁၀)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား မြို့နယ်လဝကဦးစီးမှူး ဦးမြင့်စိုးထံ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးအောင်မင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရ ဓာတ်ပုံမှတ်တမ်းများ ရိုက်ကူးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်ခရိုင်၊ ခြောက်မြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ လဝကဦးစီးမှူးများနှင့် ဝန်ထမ်းများတက်ရောက်ပြီး ပြည်ခရိုင်တွင် ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအတွက် အိမ်ထောင်စု လူဦးရေစာရင်း (၇၁၄၉)ခု ဆောင်ရွက်ပေးနိုင်ကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရန် လျာထားချက် (၃၁၉၉၇)ကို ပြည့်မီကျော်လွန်၍ (၃၂၃၅၂)ကတ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ခရိုင်လဝကရုံးမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)
No comments:
Post a Comment