နေပြည်တော်၊ ဇန်နဝါရီ ၂၂
အာဆီယံ-ဂျပန်စင်တာ၏ ထောက်ပံ့မှုဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် TRC Hotel and Vocational Training Institute တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော အခြေခံဂျပန်အစား အစာချက်ပြုတ်နည်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် Online စနစ်ဖြင့် ကျင်းပသည်။
သင်တန်းဖွင့်ပွဲ၌
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ယခုဖွင့်လှစ်မည့်အခြေခံ ဂျပန်အစားအစာ ချက်ပြုတ်နည်းသင်တန်းသို့ တက်ရောက်မည့် သင်တန်းသားများအနေဖြင့်
စိတ်ဝင်တစား အထူးလေ့လာ သင်ယူကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တတ်ကျွမ်းသော ပညာရပ်များကို
ထိရောက်စွာအသုံးချပြီး ဂျပန်ခရီး သွားဧည့်သည်များကို ကောင်းမွန်သော ဝန်ဆောင်မှုပေးခြင်းဖြင့်
ဂျပန်ခရီးသွားဈေးကွက်ကို ပိုမိုဆွဲဆောင်နိုင် မည်ဖြစ်ပါကြောင်း
ဂျပန်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ဧည့်သည် အများစုတွင်
အပါအဝင်ဖြစ်သောကြောင့် ယခုသင်တန်းသည် ဂျပန်ခရီးသွား
ဧည့်သည်များအတွက်သာမက မြန်မာနိုင်ငံမှ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ဂျပန်အစားအစာ
ချက်ပြုတ်ပြင်ဆင် ရောင်းချလိုသူများ အတွက် အကျိုးရှိစေမည့် သင်တန်းတစ်ခုဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အာဆီယံ-ဂျပန်စင်တာမှ
အထွေထွေအတွင်းရေးမှူးချုပ် Mr.Kunihiko Hirabayashi က နှုတ်ခွန်း ဆက်အမှာစကားပြောကြားပြီး
TRC Hotel and Vocational Training Institute မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ကျော်ဆင့်က
သင်တန်းဖွင့်လှစ်ပို့ချမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
အဆိုပါသင်တန်းသို့
သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀) တက်ရောက်ကြမည်ဖြစ်ပြီး၊
သင်တန်းကို ရက်သတ္တပတ် (၁) ပတ်လျှင် (၃) ရက်ဖြင့် ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်ပို့ချ
သွားမည်ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်
အာဆီယံ-ဂျပန်စင်တာမှ အထွေထွေ အတွင်းရေးမှူးချုပ်တို့သည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်နိုင်ရန် ဆွေးနွေးခဲ့ကြပြီး၊
အစားအစာထုတ်လုပ်မှု၊ ချက်ပြုတ်ပြင်ဆင်မှု အခြေခံသင်တန်းများသာမက ဝန်ဆောင်မှုနှင့် အဆင့်မြင့်သင်တန်းများ
ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် အထောက်အပံ့ပေးနိုင်ရေး၊ မြန်မာနိုင်ငံတွင် သဘာဝ အခြေခံ
ခရီးသွားလုပ်ငန်းနှင့် Digital Marketing လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဂျပန်နိုင်ငံမှ နည်းပညာအထောက်အပံ့များ ရယူဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment