နေပြည်တော်၊ နိုဝင်ဘာလ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ရှိ PDF အကြမ်းဖက်သမားများက ၎င်းတို့၏ အန္တရာယ် ကိုကြောက်ရွံ၍ ကျေးရွာဘုန်းကြီးကျောင်းအတွင်း ရှောင်တိမ်းနေထိုင်သူ ၃ ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး လက်ခံစောင့်ရှောက်ထားရှိသည့် ဘုန်းတော်ကြီးကျောင်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ခင်ဦးမြို့နယ်အတွင်းရှိ
PDF အကြမ်းဖက်သမားများက ကျေးရွာအတွင်း ဝင်ရောက်ကာ ဆက်ကြေး တောင်းခံခြင်း၊ နေအိမ်များအား
ဖျက်ဆီးခြင်း၊ ၎င်းတို့ကို မထောက်ခံပါက “သတင်းပေး၊ ဒလန်”ဟုစွပ်စွဲကာ
သတ်ဖြတ်ခြင်း၊ ကျေးရွာအတွင်း ဝင်ရောက်လာသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမားများက
လူနေအိမ်များအတွင်း ဝင်ရောက်ကာ ချောင်းမြောင်း တိုက်ခိုက်ခြင်းများ ကဲ့သို့ အကြမ်းဖက်မှုလုပ်ရပ်များ ကြောင့်
ကျေးရွာအတွင်း နေထိုင်လျက်ရှိသော ပြည်သူများသည် ၎င်းတို့၏နေအိမ်များတွင် မနေထိုင်ရဲတော့ဘဲ
ကျေးရွာဘုန်းကြီးကျောင်း ဝင်းအတွင်း၌ သွားရောက် ရှောင်တိမ်းနေထိုင်ခဲ့ရသည်။
ထိုသို့ ကျေးရွာသားများ၏ ရှောင်တိမ်းနေထိုင်ခြင်းအား
လက်ခံစောင့်ရှောက်ထားရှိသည့် ရွာသစ်ကုန်း ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ PDF အကြမ်းဖက်သမား
အင်အား ၅၀ ဦးခန့်က နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်တွင် သေနတ်၊
ဓားများ ကိုယ်စီကိုင်ဆောင်ကာ ရောက်ရှိလာပြီး အဆိုပါဘုန်းကြီး ကျောင်းဝင်းအတွင်းရှိ ရှောင်တိမ်းနေထိုင်သူများအနက်
အချို့အား သတ်ဖြတ်ကာ ဘုန်းကြီးကျောင်းအား မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရွာသစ်ကုန်းဘုန်းကြီးကျောင်းဆောင် တစ်လုံးနှင့်
ပစ္စည်းထားသိုသည့် စတိုခန်းတစ်လုံးတို့ မီးလောင်ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းအတွင်း
ရှောင်တိမ်း နေထိုင်လျက်ရှိသည့် အဆိုပါကျေးရွာနေသူများဖြစ်သည့် ဦးကုလား(ခ)ဦးတင်မျိုးမောင်(၃၇)နှစ်
(ဘ) ဦးကျောက်အုန်းတွင် ရင်ညွန့်ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဦးအုန်းကွန့်(၆၅)နှစ် (ဘ)ဦးမင်းမောင်တွင်
လည်ဂုတ်ပြတ်ရှဒဏ်ရာ ၂ ချက်၊ ဝဲလက်ချောင်းများ ပြတ်ရှဒဏ်ရာများ၊ ဦးမာ(၇၀)နှစ် (ဘ)ဦးပုတွင်
ရင်ညွန့် ကျည်ထိမှန်ဒဏ်ရာတစ်ချက်တို့ ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည်
PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခဲ့မှု ကြောင့် သေဆုံးခဲ့သူများနှင့် ကျောင်းဝင်းအတွင်းနေထိုင်လျက်ရှိသော
အိမ်ထောင်စု ၅ စု၊ လူဦးရေ ကျား ၄ ဦး၊ မ ၁၃ ဦး၊ ပေါင်း ၁၇ ဦးတို့အား ခေါ်ဆောင်၍ ခင်ဦး-ရေဦးကားလမ်းအတိုင်း
ရေဦးမြို့သို့ ပြန်လည်ထွက်ခွာလာခဲ့ရာ မကျီးတောကျေးရွာထိပ် ကြာပန်းအဝိုင်းလမ်းဆုံအရောက်တွင်
အကြမ်းဖက် သူများက လမ်း၏ ယာဘက်ခြမ်းမှ လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ
ယာဉ်နှင့် လူတို့ထိခိုက်ပျက်စီးမှုမရှိဘဲ ဆက်လက်ထွက်ခွာလာခဲ့ရာ ည ၉ နာရီခွဲအချိန်တွင်
ရေဦးမြို့သို့ ရောက်ရှိခဲ့သည်။
ဖြစ်စဉ်တွင် အကြမ်းဖက်သူများ၏ အန္တရာယ်ကိုကြောက်ရွံ၍
ဘုန်းကြီးကျောင်းအတွင်း ခိုအောင်းနေထိုင် သူများအား ရက်စက်စွာသတ်ဖြတ်ပြီး ဘုန်းကြီးကျောင်းအား
မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့်
ပူးပေါင်းကာ လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment