နေပြည်တော် နိုဝင်ဘာ ၂၃
ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ် ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၌ ဘွဲ့နှင်းသဘင်ခန်းမ အပါအဝင် ၃ နေရာ ခွဲခြား၍ ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှု ဖြင့် ရည်မှန်းချက် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်များအား အဆင့်မြင့်ပညာများ သင်ကြားလေ့ကျင့်ပေးပြီး နယ်စပ်ဒေသများ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြမည့် ပညာရေးဝန်ထမ်းကောင်းများ မွေးထုတ် ပေးနိုင်ရန်အတွက် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်(စစ်ကိုင်း)ကို တည်ထောင်ဖွင့်လှစ် သင်ကြားလေ့ကျင့်ပေး လျက်ရှိကြောင်း၊ ဖွံ့ဖြိုးရေးတက္ကသိုလ် စတင်ဖွင့်လှစ်သည့် အချိန်မှ ယနေ့အထိ မဟာပညာရေးဘွဲ့ ၁၃၁ ဦး၊ မဟာဒဿန ပညာရေးဘွဲ့ ၃၅ ဦး၊ ပညာရေးဘွဲ့ ၄၁၀၉ ဦး၊ ဆရာ အတတ်ပညာ ဒီပလိုမာ ၉၃၂ ဦး၊ အလယ်တန်း ဆရာအတတ်ပညာ ဒီပလိုမာ ၉၅၆ ဦး၊ အထူး မူလတန်း ဆရာအတတ်သင်တန်း ၄၆၁ ဦး၊ မူလတန်း ဆရာအတတ်သင်တန်း ၇၁၆၂ ဦး စုစုပေါင်း ဘွဲ့ရပညာတတ်တိုင်းရင်းသားလူငယ် ၁၃၇၈၆ ဦး မွေးထုတ်ပေး နိုင်ခဲ့ပြီဖြစ်ကြောင်း။
တိုးတက်နေသည့် ကမ္ဘာကြီးကို အမီလိုက်နိုင်သည့်၊ ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းနိုင် သည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးရာတွင် ဆရာ၊ ဆရာမများသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ တပည့်များကို ခေတ်မီပညာရပ်များ တတ်မြောက်အောင်၊ အတွေး အခေါ်မြင့်မားအောင် လေ့ကျင့်ပျိုးထောင် ပေးနိုင်ရန်အတွက် ဆရာကိုယ်တိုင်က အစဉ်လေ့လာ သင်ယူသူများဖြစ်ရန် လိုအပ်ကြောင်း၊ ဆရာဆိုသည်မှာ ပညာပေးဝေသူဖြစ်ပြီး ပညာရှာမှီးနေသူလည်း ဖြစ်ရန်လိုကြောင်း၊ တပည့်များ၏အကျိုးကို အစဉ်ရှေးရှုပြီး ကောင်းမွန်ရာကို လမ်းညွှန်ပြသ ပေးနိုင် သည့် ဆရာကောင်းများကသာ နောင်တစ်ခေတ် နိုင်ငံ့တာဝန်ကိုထမ်းဆောင်ကြမည့် အရည်အသွေး ပြည့်ဝသည့် လူသားအရင်းအမြစ် များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။
သင်တန်းဆင်း မောင်မယ်တို့အနေဖြင့် ဆရာ၊ ဆရာမများအဖြစ် နိုင်ငံ့တာဝန်ကိုထမ်းဆောင် ကြတော့ မည်ဖြစ်သဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးကြမည့် ခေါင်းဆောင်ငယ်များအဖြစ် လည်းကောင်း၊ စိတ်ဓာတ်ကောင်းသော၊ စည်းကမ်းကောင်းသော၊ ကျင့်ဝတ်လိုက်နာသော နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် လည်းကောင်း၊ ပေးအပ်သောတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရန် မှာကြားလိုကြောင်း၊ အထူးအလေးထား မှာကြားလိုသည်မှာ ဒို့တာဝန်အရေး ၃ ပါးကို ဦးထိပ်ထားပြီး တိုင်းရင်းသား အားလုံး၏ စိတ်ထဲတွင် ပြည်ထောင်စုစိတ်ဓာတ် အစဉ်ထာဝရ ကိန်းအောင်းရှင်သန်နေစေရေး စည်းရုံးဆောင်ရွက်ပေးကြရန်၊ မိမိတို့၏ တပည့်ကျောင်းသားလူငယ်များကိုလည်း နိုင်ငံတော်က အားထားရသည့် လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြရန်၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြရန်၊ ပါတီနိုင်ငံရေးကင်းစင်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော ပညာရေးကဏ္ဍ တိုးတက်မြင့်မားရန်အတွက် ကျရာ ကဏ္ဍမှ တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရန် ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က စံပြထူးချွန်ဆု၊ ဆရာ အတတ်ပညာ ဘာသာထူးချွန်ဆု၊ စာပေဘာသာ ထူးချွန်ဆု(သိပ္ပံတွဲ)၊ စာပေဘာသာ ထူးချွန်ဆု (ဝိပ္ပံတွဲ) ဆုရကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စာပေဘာသာ ထူးချွန်ဆု(ဝိဇ္ဇာတွဲ)၊ တိုင်းရင်းဘာသာ၊ စာပေနှင့် ယဉ်ကျေးမှုထူးချွန်ဆု၊ ဖွံ့ဖြိုးရေးဘာသာ ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူတို့ကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးက ဆရာကြီးဦးသန်းဦး၏ ထူးချွန်ဆုရကျောင်းသူကိုလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးအပ်သည်။ ၎င်းနောက် အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးက သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ ၂၇၂ ဦးတို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ ကို ခင်မင်းရင်းနှီးစွာ နှုတ်ဆက်ပြီး ဘွဲ့နှင်းသဘင်ဧည့်ခန်း၌ ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကား ပြောကြားသည်။
နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ကိုယ်စား ပြည်ထောင်စုဝန်ကြီးက ဧည့်သည်တော်များနှင့် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမနှင့် မြက်ခင်းပြင်တို့တွင် ၃ နေရာခွဲခြား၍ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment