နေပြည်တော် နိုဝင်ဘာ ၂၃
ကုန်သွယ်မှုမြှင့်တင်ရေးနှင့် မြန်မာ့ထုတ်ကုန်များ တိုးချဲ့တင်ပို့နိုင်ရေးအတွက် ပြည်ပနိုင်ငံ (၁၃) နိုင်ငံတွင် တာဝန်ထမ်းဆောင်နေကြသော မြန်မာစီးပွားရေးသံမှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲ (ပထမနေ့) ကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက စီးပွားရေးသံမှူးများ တာဝန်ထမ်းဆောင်သော နိုင်ငံများနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် အားသာချက်၊ အားနည်းချက်၊ ဈေးကွက်ရရှိမှု အခြေအနေများကို လေ့လာဆန်းစစ်ပြီး ရရှိပြီးဈေးကွက်များ ရေရှည်တည်တံ့ရေး၊ ဈေးကွက်အသစ်များ ဖော်ထုတ်ရရှိရေးတို့အတွက် ဆောင်ရွက်သွားရန်၊ ကုန်ပစ္စည်းအရည်အသွေး၊ အစားအစာ လုံခြုံဘေးကင်းစိတ်ချရေးတို့အတွက် သက်ဆိုင်ရာ နိုင်ငံများရှိ အစိုးရဌာနများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်နှင့် အခြေအနေကို ပြန်လည်တင်ပြကြရန် လိုကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမှာ အရေးကြီး သကဲ့သို့ စီးပွားရေးသံမှူးများ၏ အခန်းကဏ္ဍသည်လည်း အရေးပါသဖြင့် အထူးကြိုးပမ်းဆောင်ရွက် စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးညွန့်အောင်က စီးပွားရေးသံမှူးများအနေဖြင့် မိမိတို့တာဝန် ထမ်းဆောင်သည့် ကာလအတွင်း နိုင်ငံနှင့်ဝန်ကြီးဌာနအတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ရရှိရေး မည်မျှဆောင်ရွက်နိုင်ခဲ့သည်ကို ပြန်လည်ဆန်းစစ်ရန်လိုကြောင်း၊ မိမိတို့၏တာဝန်များကို ပုံမှန်ဆောင်ရွက်နေခြင်းမျိုးမဟုတ်ဘဲ ထိထိရောက်ရောက် ဆောင်ရွက်သွားကြစေ လိုကြောင်း၊ လက်ရှိအချိန်တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံများနှင့် ကုန်သွယ်မှု တိုးတက်စေရေး၊ လျင်မြန်ချောမွေ့စေရေးဆိုင်ရာ ကိစ္စများကို အဓိကထား ဆောင်ရွက်လျက်ရှိရာ အဆိုပါနိုင်ငံများရှိ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံမှ ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် အမေရိကန်နိုင်ငံ(ဝါရှင်တန်မြို့)၊ ဘရာဇီးလ်နိုင်ငံ (ဘရာဇီးလျားမြို့)၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ (ပေကျင်း၊ နန်နင်းမြို့၊ ကူမင်းမြို့၊ ဟောင်ကောင်မြို့)၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ (ဘန်ကောက်မြို့) တို့တွင် တာဝန်ထမ်းဆောင်နေကြသည့် စီးပွားရေးသံမှူး (၈)ဦးတို့မှ နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေး ဆောင်ရွက်နိုင်ခဲ့မှုနှင့် မြန်မာထုတ်ကုန်များ တိုးချဲ့တင်ပို့နိုင်ရေး ဆောင်ရွက် သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည် များကို ဖြည့်စွက်မှာကြားသည်။
ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ တောင်အာဖရိကနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ ဂျာမဏီနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ရှိ မြန်မာစီးပွားရေးသံမှူးများနှင့် ဆွစ်ဇာလန်နိုင်ငံရှိ ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာ သံမှူး များနှင့် ဆွေးနွေးပွဲ (ဒုတိယနေ့) ကို နိုဝင်ဘာ ၂၄ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment