Tuesday, November 23, 2021

ခေတ်မီစံပြကျေးရွာ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော် နိုဝင်ဘာ ၂၃

ခေတ်မီစံပြကျေးရွာ (Smart Village) အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းစေရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချ နိုင်စေရေးနှင့် ကျေးလက်ဒေသများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို မျှော်မှန်း၍ လူနေမှု အဆင့်အတန်း မြင့်မားပြီး စီးပွားရေးခိုင်မာအားကောင်းကာ အစိမ်းရောင်ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အားပေးသည့်ကျေးရွာများ ထူထောင်နိုင်ရန်အတွက် ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အဆိုပါ ခေတ်မီစံပြ ကျေးရွာစီမံကိန်းကို ကျေးရွာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မား လာစေရန်၊ သွင်းအားစု၊ ငွေကြေး ဝန်ဆောင်မှုနှင့် နည်းပညာပံ့ပိုးခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရန်၊ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး နေချင့်စဖွယ်စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်နှင့် ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည် မြင့်မားလာ စေခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း တိုးချဲ့ဆောင်ရွက်သွားရန် လျာထားပါကြောင်း၊ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အပြင် တက်ရောက်လာသော ဌာနအသီးသီးမှ မိမိတို့နှင့်သက်ဆိုင်သည့် အခန်းကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယခု စီမံကိန်းကို ဒစ်ဂျစ်တယ်နည်းပညာ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာတို့ ပေါင်းစပ်ပြီး လူထုအခြေပြုချဉ်းကပ်မှု နည်းလမ်းအပေါ်အခြေခံ၍ ဖွံ့ဖြိုးရေးကဏ္ဍ(၆)ခုကို ရေးဆွဲ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့်  ဖွံ့ဖြိုးရေး ဆောင်ရွက်ခြင်း၊ သွင်းအားစုများနှင့် ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ကူညီခြင်း၊ အသက်မွေးဝမ်း ကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွားရေး မြင့်မားစေခြင်း၊ အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်း နှင့် နည်းပညာဖြန့်ဖြူးခြင်း၊ လူမှုကာကွယ်စောင့်‌ရှောက်ရေး အပါအဝင် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးများကို အဓိကထား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းကို Pilot အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ် တို့ရှိ ကျေးရွာ(၃)ရွာတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး တင်ပြသည်။

ယင်းနောက် ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်းနှင့် ပတ်သက်၍ စီမံကိန်း လုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment