Friday, November 26, 2021

နိုင်ငံတော်အကျိုးရှေးရှုသည့် သတင်းမီဒီယာဦးတည်

 


“သတင်းမီဒီယာကောင်စီဖွဲ့စည်းရသည့် ရည်ရွယ်ချက်သည် သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် သတင်းမီဒီယာသမားများ၏ အကျိုးစီးပွားအတွက်သာမက ပြည်သူများ၏ အကျိုးစီးပွားနှင့် အခွင့်အရေးများကိုပါ အကာအကွယ်ပေးရန် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် သတင်းမီဒီယာ ကောင်စီသည် သတင်းမီဒီယာ သမားများ သတင်းအချက်အလက် လွတ်လပ်စွာ ရယူဖြန့်ဖြူးခွင့် ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ မှန်ကန်တိကျသည့် သတင်းအချက် အလက်များကို ပြည်သူများ ရရှိရေးအတွက်လည်း ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသည် ဟု မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် စတင်အသက်ဝင်လာသည့် ၂၀၁၀ ပြည့်နှစ်မှ စတင်၍ သတင်းမီဒီယာ လွတ်လပ်ခွင့်များကို သိသိသာသာဖြေလျှော့၍ လွတ်လပ်ခွင့်များပေးခဲ့သည်။ လွတ်လပ်သော သတင်းမီဒီယာများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် သတင်းမီဒီယာပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် သတင်းမီဒီယာဥပဒေကို ရေးဆွဲခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီကို အဖွဲ့ဝင် ၂၀ ဖြင့် စတင်ဖွဲ့စည်းပြီး ၂၀၁၃ ခုနှစ်တွင် ပုဂ္ဂလိကသတင်းစာများ စတင်ထုတ်ဝေခွင့်ပြုခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် သတင်းမီဒီယာဥပဒေကို စတင် ပြဋ္ဌာန်းပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ကို ဖွဲ့စည်းခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ဖွဲ့စည်းပြီး ကောင်စီကို လေးနှစ် တစ်ကြိမ် ဖွဲ့စည်းခဲ့ရာ ယခုအခါ တတိယအကြိမ်မြောက် ဖြစ်ပေါ်လာသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် ပြီးခဲ့သည့် သက်တမ်းနှစ်ကြိမ် ကာလအတွင်း သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာသမားများ၏ အကျိုးစီးပွားများကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရသည်။ သတင်းမီဒီယာသမားများ၏ အကျိုးစီးပွား များကို ဆောင်ရွက်ပေးသည်ဆိုရာ၌ လိုက်နာရမည့် ဥပဒေ၊ ကျင့်ဝတ်များနှင့်ငြိစွန်းခဲ့သည့် သတင်းသမားများ တရားစွဲဆိုခံရခြင်းမပြုမီ သတင်းမီဒီယာကောင်စီက ညှိနှိုင်းဖျန်ဖြေ ဆောင်ရွက်ပေးခြင်း၊ သတင်းအချက်အလက်များ မှန်မှန်စီးဆင်းရယူနိုင်ရေးကို ကူညီဆောင်ရွက် ပေးခြင်းများ ရှိခဲ့သည်။ သို့သော် ပုဂ္ဂလိကပြင်ပမီဒီယာလောကမှ မှန်ကန်သော သတင်းအချက် အလက်များကို ပြည်သူများရရှိရေးအတွက် ဆောင်ရွက်ပေးသည့်အပိုင်းတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိသည်ကို တွေ့ရသည်။ ယင်းအချက်သည် မြန်မာနိုင်ငံအတွင်း စီးဆင်းနေသော သတင်းမီဒီယာလောက၌ အရေးကြီးသော ကွက်လပ်တစ်ခုဖြစ်ခဲ့သည်။

သတင်းမီဒီယာလုပ်ငန်း၊ စာနယ်ဇင်းလုပ်ငန်းသည် လူတစ်စုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက် မဖြစ်စေဘဲ တစ်မျိုးသားလုံးအကျိုး၊ နိုင်ငံတော်အကျိုးအတွက် ဖြစ်သင့်သည်။ သတင်းမီဒီယာဟူသည် တစ်ဦးတစ်ယောက်အကျိုးထက် အဖွဲ့အစည်းတစ်ခု၏အကျိုး၊ အဖွဲ့အစည်းတစ်ခု၏ အကျိုးထက် အများပြည်သူအကျိုး၊ အများပြည်သူအကျိုးထက် နိုင်ငံတော်၏ အကျိုးကိုရှေးရှုရမည်ဟု ညွှန်းဆိုထားသည်။ ထို့အပြင် သတင်းမီဒီယာတို့သည် မြန်ဆန်မှု၊ မှန်ကန်မှု၊ မျှတမှုကို ချိန်ဆနိုင်ရမည်ဟု ဆိုထားသည်။ သို့သော် မြန်မာနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့်ရလာသော အခါ နိုင်ငံတော်၏ အကျိုးကို လျစ်လျူရှု၍ မီဒီယာအဖွဲ့အစည်းများ၏မူဝါဒနှင့်အကျိုး စီးပွားကို ဆောင်ရွက်လာကြသည်ကို တွေ့ရသည်။ မှန်ကန်မှုနှင့်မျှတမှုကို အဓိက မထားဘဲ မြန်ဆန်မှုနှင့် ဘက်လိုက်မှုများ ပြုလုပ်လာကြသည်ကို တွေ့ရသည်။ ထို့အပြင် ပြည်ပမှ နိုင်ငံရေးမူဝါဒ သွတ်သွင်းနိုင်ရန်အတွက် ပြည်တွင်းမီဒီယာအချို့အား အထောက်အပံ့ပေးကာ မမှန်ကန်သောသတင်းများ၊ ဘက်လိုက်သတင်းများ ဦးစားပေးလုပ်ကိုင်လာကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် သတင်းတု၊ သတင်းမှားများ ဖြန့်ဝေပေးမှုများကြီးထွားလာခဲ့ပြီး မှန်ကန်တိကျသော သတင်းအချက်အလက်များ ပြည်သူများရရှိရေးအတွက် အကာအကွယ်ပေးနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။ ပြည်သူများမှာ သတင်းမှားများ၊ လုပ်ကြံသတင်းများ၊ ဘက်လိုက်သတင်းများကြားတွင် ကျင်လည်နေသည်။ အကြမ်းဖက်သမားများက တိုင်းပြည်ဖျက်ရေးကို အားထုတ်နေသောကာလတွင် မီဒီယာကို လက်နက်သဖွယ် အသုံးချလာကြသည်ကို တွေ့ရသည်။ ထို့ကြောင့် ယနေ့အချိန် ကာလတွင် သတင်းမီဒီယာ အဖွဲ့အစည်းများ အနေဖြင့် မှန်ကန်တိကျသော သတင်းအချက်အလက်များ ပြည်သူများ ရရှိရေးအတွက် ကာကွယ်စောင့်ရှောက် ဆောင်ရွက်ပေးကြရန် အရေးတကြီး လိုအပ်နေသည်။ မှန်ကန်သောသတင်းအချက် အလက်များဖြင့် ပြည်သူများ အသိအမြင် မှန်ကန်စေရန် ဝိုင်းဝန်း ဆောင်ရွက်ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် တတိယအကြိမ် သက်တမ်းရောက်ရှိလာပြီဖြစ်သည့် သတင်းမီဒီယာကောင်စီ အနေဖြင့် သတင်းမီဒီယာသမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်သာမကဘဲ ပြည်သူများ၏ သတင်းသိရှိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရန်၊ မှန်ကန်တိကျပြီး အရည်အသွေးပြည့်ဝသည့် သတင်းအချက်အလက်များ ရရှိစေရန်၊ စာနယ်ဇင်းကျင့်ဝတ်နှင့် အဆင့်အတန်းများကို ထိန်းသိမ်း ပေးရန်၊ တရားမျှတပြီး အဂတိကင်းစင်စွာ ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတော်၏ အကျိုးကိုရှေးရှုသည့် စာနယ်ဇင်းများ ဖြစ်ပေါ်စေရန် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။

ကြေးမုံ,အယ်ဒီတာ့အာဘော်

 

No comments:

Post a Comment