နေပြည်တော် နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေတို့ရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တို့တွင် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ကြရာ၌ နိုင်ငံတော် ဝန်ကြီးချုပ် မှာကြားသည့်အတိုင်း မိမိတို့အဆင့် အတန်းနှင့်လျော်ညီစွာ လုပ်ငန်း တာဝန်ကျေပွန်အောင် ကြိုစားဆောင်ရွက်ကြစေလိုပါကြောင်း၊ မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ သင်ကြားရေး ဆရာ ဆရာမအသစ်များ မွမ်းမံသင်တန်းတက်ရောက်ပြီးပါက မကြာခင် လုပ်ငန်းခွင်သို့ ဝင်ရောက်လာမည်ဖြစ်ပါကြောင်း၊ ပညာရေးမှူး များအနေဖြင့် ရောက်ရှိလာသည့် ဆရာ၊ ဆရာမများ အားအရေအတွက်သာမကအရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများဖြစ်စေရန် လက်တွဲခေါ်ယူ၍ အရည်အသွေးမြှင့်တင်ပေးကြရမည် ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများကိုယ်တိုင် ပညာအရည်အသွေး ပြည့်ဝမှသာ အရည်အသွေး ပြည့်ဝသော အနာဂတ်သားကောင်းရတနာများကို ပြုစုပျိုးထောင်မွေးထုတ် ပေးနိုင်မည်ဖြစ် ပါကြောင်း။
ပညာရေးမှူးများအနေဖြင့် မိမိတာဝန် ထမ်းဆောင်ရသော မြို့နယ်၊ ဒေသအတွင်းရှိ ကျောင်း များသို့ရောက်အောင် ကိုယ်တိုင်သွားရောက်၍ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်ဆောင်ရွက် စေလိုပါကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ဆောင်ရွက်ရာတွင် အမှန်တကယ်လိုအပ် ချက်များကို တင်ပြတောင်းခံပါက အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ တာဝန်ယူထားသည့် ဒေသများတွင် ပညာရေး ၊ လိုအပ်ချက်များ သိအောင်လုပ်၍ တင်ပြပြီး ဖြည့်ဆည်းဆောင်ရွက် ပေးကြစေလိုပါကြောင်း၊ အလုပ်တာဝန်ခွဲဝေမှုဖြင့် တိုးတက်အောင် ဆောင်ရွက် ကြစေလိုပါကြောင်း၊ လူတိုင်းတွင် အရည်အချင်း ကိုယ်စီရှိကြပါကြောင်း၊ ပညာရေးကောင်းအောင် လက်တွဲဆောင်ရွက်ကြရာတွင် လုပ်ဖော်ကိုင်ဖက်များအပေါ် ခွဲခြား ဆက်ဆံခြင်းမပြုဘဲ ကိုယ်ချင်းစာ စိတ်ဖြင့် အဆင့်ဆင့်အုပ်ချုပ် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့် အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်းတို့က ဖြည့်စွက်အမှာစကား ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ဆွေးနွေးဆောင်ရွက်မည့်လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများက သက်ဆိုင်ရာ မြို့နယ်အလိုက် ဆောင်ရွက်နေသည့် ပညာရေးလုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပြန်လည်ညှိနှိုင်းဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment