Friday, October 15, 2021

မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် တွေ့ဆုံမေးမြန်းထားမှု

 



မိုင်းယန်း အောက်တိုဘာ ၁၅

 

ကျောင်းသား/သူတွေ ပညာသင်ယူဖို့အခွင့်အလမ်းတွေရရှိစေဖို့နှင့် ရောဂါကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်နိုင်စေရန်ရည်ရွယ်၍ မိုင်းယန်းမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများရှိ အသက်(၁၂) နှစ်အထက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် တွေ့ဆုံမေးမြန်း ထားမှုအား ဖော်ပြအပ်ပါသည်။

 

မေး။  မိုင်းယန်းမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအနေနဲ့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေကို သိပါရစေခင်ဗျ။

 

ဖြေ။    အခြေခံပညာကျောင်းများမှာ တက်ရောက်နေကြတဲ့ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများစာရင်းတွေကိုတော့ မြို့နယ်ပညာရေးဝန်ကြီးဌာနမှ ရယူထားပြီးဖြစ်ပါတယ်၊ ထပ်မံညွှန်ကြားချက်အရ အသက်(၁၂)နှစ်အထက်ဖြစ်တယ်ဆိုရင် အလယ်တန်းကျောင်းသား၊ ကျောင်းသူမဟုတ်တောင်မှ ထိုးပေးရမည်ဆိုတော့ ကျွန်တော်တို့က အပ်ထားတဲ့စာရင်းအရ တောင်ပေါ်ဒေသလည်းဖြစ်တော့(၁၂)နှစ်အထက် မူလတန်းကျောင်းသား ရှိတယ်ဆိုရင် စာရင်းပြန်ကောက်ပေးပါဆိုပြီး နောက်ဆုံးစာရင်းကို ကောက်တဲ့အခါမှာ ပထမဆုံး(၄၂၅)ဦး သာရပါတယ် ဒါပေမယ့်လည်း တပ်ထဲမှာရှိတဲ့ကျောင်းသား၊ ကျောင်းသူတွေက တပ်မှာပဲထိုးတဲ့ အတွက် ကျွန်တော်တို့ထပ်မံကောက်ယူရတဲ့ စာရင်းတွေက ၁၂ နှစ်မပြည့်သေးတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ပြန်ပယ်ဖျက်ရတာဖြစ်တဲ့အတွက် အခုစာရင်းကတော့ ၃၇၀ အပြင် ကျွန်တော်တို့ ၁၂ နှစ်အထက် မူလတန်းကျောင်းသား(၈)ယောက်ထပ်ကောက်ရတဲ့အတွက် ၃၇၈ ယောက်ရှိပါတယ် နောက်ပြီး စာရင်းပြုစုတဲ့အပိုင်း၊ ဆေးထိုးနှံမယ့်အပိုင်းတွေမှာလည်း သီးခြားအဖွဲ့အစည်းတွေ၊ ကော်မတီတွေလည်းဖွဲ့စည်းထားပြီးဖြစ်ပါတယ် စီမံချက် အနေနဲ့လည်း ရေးဆွဲထားပြီးဖြစ်ပါတယ်၊ ဆေးရောက်ရှိလာတဲ့ရက် နောက်တစ်နေ့မှာ ထိုးနှံနိုင်အောင်လည်း ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပါတယ်၊ ကျောင်းတွေမှာလည်း သတ်မှတ်ထားတဲ့ ပုံစံအတိုင်း ကျွန်တော်တို့ ကျောင်းသားမိဘများနားနေခန်း၊ စာရင်းရေးသွင်းတဲ့အခန်း၊ ဆေးစစ်တဲ့အခန်း၊ ဆေးထိုးတဲ့အခန်း၊ နောက်ကျောင်းသား နားနေခန်း၊ ဆေးထိုးပြီးကျောင်းသားနားနေခန်းတွေအားလုံး ပြင်ဆင်ထားပြီးဖြစ်ပါတယ်၊

 

မေး။   မိုင်းယန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရမည့် အသက်(၁၂)နှစ် အထက် ကျောင်းသား/သူ ဦးရေဘယ်လောက်ရှိလဲဗျ၊ ဆေးထိုးနှံပေးမည့်ရက်လဲ သိချင်ပါတယ်ခင်ဗျ။

 

ဖြေ။    ထိုးနှံပေးမယ့်ရက်အနေနဲ့ကတော့ လျာထားရက်က ၁၆ ရက်ဖြစ်ပါတယ် ထိုးနှံနိုင်မယ့် ကျောင်းသား၊ ကျောင်းသူအားလုံးကတော့ ၃၇၈ ယောက်ရှိပါတယ်။

 

မေး။   သတ်မှတ်ထားတဲ့ဆေးထိုးစုရပ်နေရာလေးနဲ့ ထိုးနှံပေးမည့် ကာကွယ်ဆေးအမျိုးအစားလေး သိပါရစေခင်ဗျ။

 

ဖြေ။    ဆေးထိုးနှံပေးမယ့်စုရပ်ကတော့ မြို့ပေါ်မှာဆိုရင် ကျောင်း(၃)ကျောင်းရှိပါတယ်၊ ပါမိုင်ကျောင်းက လူဦးရေးလည်းနည်းတော့ ပါမိုင်ကျောင်းကို အထကကျောင်းမှာ စုပြီးထိုးပါတယ်၊ နောက်ဈေးတန်းရပ်ကွက်ရှိအလယ်တန်းကျောင်းနဲ့ဆို မြို့ပေါ်မှာ နှစ်နေရာဖြစ်ပါတယ် မိုင်းလွေကျေးရွာအုပ်စုမှာဆိုရင် မိုင်းလွေကျေးရွာအလကခွဲနဲ့၊ ပန်ဆောင်ကျေးရွာအလကခွဲစုရပ်(၂)နေရာသတ်မှတ်ထားပြီး ထိုးနှံပေးသွားပါမယ်၊ နောက်ယန်းကောင်ကျေးရွာအုပ်စုမှာဆိုရင် နာကျော့ကျေးရွာနဲ့၊ ဝမ်ယို့ကျေးရွာတို့မှာ ထိုးနှံပေးသွားမှာဖြစ်ပါတယ်၊ အားလုံးစုစုပေါင်း စုရပ်(၆)နေရာရှိပါတယ်၊ ဆေးထိုးအဖွဲ့ကတော့ လက်ရှိ(၃)ဖွဲ့ရှိပြီး (၃)ဖွဲ့နဲ့ပဲလိုက်လံထိုးနှံပေးသွားမှာဖြစ်ပါတယ်၊ ကာကွယ်ဆေး အမျိုးအစားကတော့(Sinovac)ဖြစ်ပါတယ်။

 

မေး။   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံဖို့အတွက် ကျောင်းသားမိဘတွေနဲ့ ကျောင်းသား/ ကျောင်းသူ တွေကို ဘယ်လိုအသိပေးဆောင်ရွက်ထားပါသလဲခင်ဗျ။

 

ဖြေ။    ပထမဆုံးကျနော်တို့(ဗွီနှိုင်း)ထောင်ပြီး အသိပညာပေးဆောင်ရွက်ထားပါတယ်၊ နောက်ပြီး လွန်ခဲ့တဲ့ ၃ ရက်ကတည်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီကို အချက်အလက်တွေ ပေးပို့ထားပြီးဖြစ်ပါတယ်၊ ကျောင်းသားမိဘတွေဆီကိုလည်း ရောက်ရှိအောင် ဆောင်ရွက်ထားပါတယ် အချက်အလက်တွေကြည့်ပြီးကျောင်းသား မိဘတွေနဲ့ ကလေးတွေ ဆေးထိုးဖို့အတွက် သဘောတူညီမှုရဖို့လည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတဆင့် အချက်အလက်တွေပေးပို့ထားပြီးဖြစ်ပါတယ်၊ ဆေးထိုးပြီး နောက်ပိုင်းရံဖန်ရံခါဖျားနိုင်တယ် သို့သော်လည်း စိုးရိမ်စရာမရှိပါဘူး ဆေးအရှိန်ကြောင့်ဖြစ်တယ်ဆိုတာကိုလည်း သိရှိအောင်ကြိုတင်ပြောပြထားပြီးဖြစ်ပါတယ်၊ နောက်ဆေးထိုးထားတဲ့အတွက် ဒီရောဂါနဲ့ ပတ်သက်လို့ ဖြစ်ပွားမှုနှုန်းလျော့နည်းလာမည်ဆိုတာကိုလည်း ပြောပြထားပြီးဖြစ်ပါတယ်။

 

မေး။   အသက်(၁၂)အထက် ကျောင်းသား/သူတွေကို ကာကွယ်ဆေးထိုးနှံရာမှာ အဆင်ပြေ ချောမွေ့စွာ ထိုးနှံပေးနိုင်ရန်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်တဲ့ ဌာန၊ အဖွဲ့အစည်းတွေ ကိုလည်း သိပါရစေ။

 

ဖြေ။    ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမယ့်အဖွဲ့အစည်းတွေအနေနဲ့ကတော့ ပညာရေး၊ ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လုံခြုံရေးအနေနဲ့ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ နောက်လူမူဝန်ထမ်း၊ ကြက်ခြေနီ၊ အသင်းအဖွဲ့အနေနဲ့ မိုင်းယန်းလူငယ်အသင်း အားလုံးပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ် နောက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက မှတ်တမ်းရယူမူအပိုင်းကို ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာပါ ဖြစ်ပါတယ်။

 

မေး။   ဆရာ့အနေနဲ့ အခြားဖြည့်စွက်ပြောကြားစရာရှိရင်လဲ ပြောကြားပေးစေချင်ပါတယ် ခင်ဗျာ။

 

ဖြေ။    အခြားအနေနဲ့ကတော့ အဓိက မိဘတွေအနေနဲ့ အသက်(၁၂)နှစ်အထက်၊ (၁၈)နှစ်အောက် ကလေးတွေအားလုံး လာရောက်ဆေးထိုးနိုင်အောင် ပူးပေါင်းပါဝင်ကူညီပေးစေချင်ပါတယ် ဆေးထိုးနှံပြီးတဲ့အခါ ကျောင်းတွေပြန်ဖွင့်မယ်လို့ သိရှိရတဲ့အတွက် ဆေးမထိုးနှံထားတဲ့ အတွက် ရောဂါဖြစ်ပွားလာရင် တခြားသူတွေကိုလည်း ကူးစက်နိုင်တာကြောင့် ကာကွယ်ဆေးကို လာရောက်ထိုးနှံကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

 

တွေ့ဆုံမေးမြန်းသူ-ခွန်ရဲထွေး(ဆီဆိုင်)

 

ဓါတ်ပုံ                - ထွန်းထွန်းထူး

No comments:

Post a Comment