Wednesday, September 15, 2021

မြိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်အဖြစ် လူဦးရေ(၈၀၀၀)ကျော် ဆက်လက် ထိုးနှံပေးမည်

 

မြိတ်    စက်တင်ဘာ   ၁၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်ကို ဦးစား ပေးအစီ အစဉ်အလိုက် လူဦးရေ(၈၀၀၀)ကျော်ကို စက်တင်ဘာလ(၁၇)ရက်နေ့မှစတင်ကာ ဆေးထိုးအဖွဲ့ (၅)ဖွဲ့ဖြင့် သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 “ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်ထိုးတုန်းက ဆေးလိုအပ်ချက်အရ ကျန်ရှိတဲ့သူတွေ၊ လူထုနဲ့ ထိတွေ့နေတဲ့ သူတွေကို စက်တင်ဘာလ(၁၇)ရက်မှာ ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ (၁၈) ရက်မှ စတင်ပြီး ဒုတိယအသုတ် ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးသွားမှာဖြစ်ပါတယ် ” ဟု မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမင်းက ပြောသည်။

ကိုဗစ်ရောဂါကာကွယ်ဆေးကို ဒုတိယသုတ် ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံရာ၌ အသက်(၅၅)မှ(၆၄) နှစ်အထိ၊ မသန်စွမ်းများ၊ နာတာရှည်ရောဂါရှိသူများ၊  EAOs စသည့် ဆေးမထိုးရသေးသည့်သူများကို စက်တင် ဘာလ (၁၈) ရက်မှ စတင်ကာ ရပ်ကွက်/ကျေးရွာများအလိုက် ဆေးထိုးနေရာများဖြစ်သည့် ပုလဲရတနာခန်း မတွင် ဆေးထိုးအဖွဲ့(၂)ဖွဲ့၊ သားဖွားသင်တန်းကျောင်းတွင် ဆေးထိုးအဖွဲ့(၂)ဖွဲ့နှင့် ခရိုင် အားကစားခန်းမတို့တွင် ဆေးထိုးအဖွဲ့(၁)ဖွဲ့တို့ဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ် ကာကွယ်ဆေးဒုတိယအသုတ်ကို ယခင်ဆေးထိုးသည့် ပုံစံအတိုင်း ဦးစားပေးအစီအစဉ်အလိုက် ဆေးထိုး ရမည့်သူများကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များကို လိုက်လံအသိပေး အကြောင်းကြား သွားမည် ဖြစ်ကြောင်း၊ ကိုဗစ်ကာကွယ်ဆေး ပထမအသုတ် ဒုတိယအကြိမ်ဆေးထိုးရန် အကြောင်းအမျိုးမျိုး ကြောင့် မထိုးရသေးသူများ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးတွင် ဆေးထိုးလက်မှတ် ရယူ၍ ကန်ခေါင်းရပ်ကွက်ရှိ ပြည်သူ့ဆေးရုံတွင် ရုံးချိန်အတွင်း လာရောက်ထိုးနှံနိုင်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ခိုင်ထူး  (မြိတ်)

No comments:

Post a Comment