Saturday, September 4, 2021

ချောင်းဆုံတွင် စေတနာရှင် အလှူရှင်များလှူဒါန်းသည့် အောက်ဆီဂျင်စက် စတင် စမ်းသပ်လည်ပတ်နေမှုအား မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လာရောက်ကြည့်ရှု


ချောင်းဆုံ    စက်တင်ဘာ   ၄

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ဆေရုံများနှင့်ပြည်သူများ အောက်ဆီဂျင် အလုံအလောက်ရရှိ နိုင်ရေးအတွက် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ဝယ်ယူထားသည့် အောက်ဆီဂျင်ထုတ်စက် စတင်လည်ပတ်နေမှု အခြေအနေကို ယနေ့ နံနက်(၁၀)နာရီခန့်က မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး၊ သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းနှင့် တာဝန်ရှိသူများမှ မြို့နယ်ပြည်သူ့ဆေးရုံ ဝင်းရှိ အောက်ဆီဂျင်ထုတ်စက်ရုံအား လာရောက်ကြည့်ရှု​ကြသည်။

အောက်ဆီဂျင်စက် စတင်လည်ပတ်နေမှုနှင့် အောက်ဆီဂျင် ထုတ်လုပ်နေမှုအခြေအနေ၊ စက်ရုံတွင် အောက်ဆီဂျင်စက် တပ်ဆင်ခြင်းနှင့် စက်စမ်းသပ်လည်ပတ်နိုင်မှုအခြေအနေနှင့် အောက်ဆီဂျင်စက် ရေရှည်ထိန်းသိမ်းမှု အခြေအနေများကိုလည်းကောင်း၊ ဆေးရုံများတွင် ဆေးကုသခံယူနေကြသည့် ကိုဗစ်-၁၉ ဝေဒနာရှင်များနှင့် အခြားရောဂါများအတွက် အောက်ဆီဂျင်များလိုအပ်သလို အသုံးပြုနိုင်ရန် မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများမှ လာရောက် ကြီးကြပ် ဆောင်ရွက် ခဲ့ကြသည်။

အောက်ဆီဂျင်ထုတ် (NZO -60) စက် အမျိုးအစားဖြစ်​ပြီး၊ စက်ပစ္စည်းများကို သြဂုတ် လ (၃၁) ရက်နေ့က  စတင်တပ်ဆင်ခဲ့ကြောင်း ယနေ့နံနက်ပိုင်းက စတင် စမ်းသပ်လည်ပတ်နေပြီး  (၁) နာရီအတွင်း အောက်ဆီဂျင် (၄၀) လီတာအိုး (၁၀)လုံးမှ (၁၂) လုံးအထိ ရရှိနိုင်ကြောင်း (၆)နာရီ ဆက်တိုက်လည်ပတ်၍ (၁)နာရီခန့် ရပ်နားပေးပါက ရေရှည်အသုံးပြု နိုင်မည် ဖြစ်ကြောင်း အောက်ဆီဂျင်ထုတ် စက်တပ်ဆင်ပေးသူ တာဝန်ရှိသူ တစ်ဦးထံမှ ​သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)


No comments:

Post a Comment