Saturday, September 4, 2021

အုတ်တစ်ချပ်သဲတစ်ပွင့် ဖောင်ဒေးရှင်းမှ တာဝန်ယူတည်ဆောက်ခဲ့သည့် သုဝဏ္ဏ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာအသစ်ဖွင့်လှစ်

 



ရန်ကုန်  စက်တင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု တဖြည်းဖြည်းကျဆင်းနေပြီ ဖြစ်သော်လည်း နောက်ထပ်ဖြစ်ပေါ်ကြုံတွေ့လာရမည့် အခြေအနေများကို မျှော်မှန်း၍ ကျန်းမာရေးဝန်ကြီးဌာနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ စီစဉ်ကြီးကြပ်မှုဖြင့် အုတ်တစ်ချပ် သဲတစ်ပွင့် ဖောင်ဒေးရှင်းမှ တာဝန်ယူ တည်ဆောက်ပြီးစီးခဲ့သည့် သုဝဏ္ဏ ကိုဗစ်-၁၉ ကုသရေးစင်တာ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် အဆိုပါစင်တာတည်ရှိရာ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြက်ခင်းတုဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးက အမှာစကားပြောကြားသည်။ ဆက်လက်၍ အုတ်တစ်ချပ် သဲတစ်ပွင့်ဖောင်ဒေး ရှင်းတည်ထောင်သူအဖွဲ့ဝင် ဦးဝင်းကျော် က ဖောင်ဒေးရှင်း၏ရည်ရွယ်ချက်နှင့် စင်တာဖွင့်လှစ်၍ ပြင်ဆင်ဆောင်ရွက်မှု အခြေအနေကို ရှင်းလင်း တင်ပြသည်။

ထို့နောက် သုဝဏ္ဏ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာအသစ်အား ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ထွန်းမင်း၊ အုတ်တစ်ချပ် သဲတစ်ပွင့် ဖောင်ဒေးရှင်း တည်ထောင်သူ ဦးဟိန်းထက်နှင့် စင်တာကုသရေးတာဝန်ခံဆေးရုံအုပ် ဒေါက်တာနိုင်လင်းထွန်း တို့က ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဆုတောင်းသစ်ပင်တွင် သဲပွင့်သွန်းလောင်း၍ လည်းကောင်း၊ ဇီဝိတဒါနပြုမင်္ဂလာငှက်များ လွှတ်ပေးခြင်းများကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စင်တာ၌ ရောဂါပိုးတွေ့ လူနာ ၅၀၀ ဦး ကုသပေးနိုင်ရန် အဆောင်(၅)ဆောင်တွင် အိပ်ယာ၊ ခြင်ထောင်၊ ကုတင်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ၊ အောက်ဆီဂျင် လိုအပ်မည့်လူနာများအတွက် အောက်ဆီဂျင်ပိုက်လိုင်း သွယ်တန်း တပ်ဆင်ပြီးစီးမှုများ၊ လူနာ ၁၀၈ ဦး အတွက် HDU အခန်းပြင်ဆင်ထားရှိ ကုသရေး တာဝန်ယူမည့် ဆရာဝန်၊ သူနာပြုများဖွဲ့စည်းမှု၊ စေတနာဝန်ထမ်း Volunteer များ စုဖွဲ့ထားရှိမှု၊ ကိုဗစ်ဆေးနှင့် ဆေးပစ္စည်းများထားရှိသည့် Medical  Store၊  အောက်ဆီဂျင် လိုအပ်ချက်အတွက် 10 Liter Oxygen Concentrator  (၉၀) လုံး ၊ ၄၀ လီတာဆလင်ဒါအိုး ၃၀၀ အဆင်သင့်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ စင်တာတာဝန်ခံ ဦးဟိန်းထက်နှင့်ဦးဝင်းကျော်တို့က ရှင်းလင်းတင်ပြသည်။

ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လမ်းညွှန် မှာကြားပြီး လိုအပ်သည့်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန် /ဆက်)

No comments:

Post a Comment