Monday, September 13, 2021

နားလည်စာနာမှုဖြင့် ကူညီကယ်တင်

 

လူကုန်ကူးမှုများ ကမ္ဘာတစ်ဝန်းလုံးတွင် တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေသည်။ ရှေးအခါက ကျွန်ရောင်းကျွန်ဝယ်ကျွန်စနစ်သည် ယနေ့ခေတ်တွင် လူကုန်ကူးမှုဖြစ်လာသည်။ လူကိုလူက ခေါင်းပုံ ဖြတ်အမြတ်ထုတ်၍ အကျိုးအမြတ်ရယူကြသည့်ဖြစ်စဉ်တွင် သားကောင်အဖြစ် ခံစားကြရသူအများစု တို့မှာဘဝရပ်တည်မှု အခက်အခဲများကို ပြေလည်စေရန် အလုပ်အကိုင်ရှာဖွေကြသူများဖြစ်ပြီး တစ်ရွာမပြောင်းသူကောင်းမဖြစ်ဟူသော ယုံကြည်မှုဖြင့် ရေခြားမြေခြားသို့သွားရောက်အလုပ် လုပ်ကိုင် ရာမှလူမှောင်ခိုသားရဲတို့၏ခံတွင်းထဲသို့ သက်ဆင်းကြရခြင်းဖြစ်သည်။

ယနေ့ခေတ်တွင် ဆက်သွယ်ရေးစနစ်များ ခေတ်မီတိုးတက်လာပြီး တောရောမြို့ပါ လူမှုကွန် ရက်ကို အသုံးပြုမှုများပြားလျက်ရှိရာ လူကုန်ကူးသူတို့ကလည်း ၎င်းတို့၏သားကောင်များကို အွန်လိုင်းမှ တစ်ဆင့် ရှာဖွေလာကြသည်။ ၎င်းတို့၏ ချော့လုံး၊ မြှောက်လုံး၊ မက်လုံး၊ ဆွယ်လုံး များကို ယုံကြည်ကာ မိမိတို့၏ဘဝကို မြှင့်တင်လိုကြသူ၊ ရေသစ်မြေသစ်တွင် ဘဝသစ်ထူထောင် လိုကြသူ၊ ဆင်းရဲတွင်းမှ လွတ်ကင်းလိုကြသူ အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ အမျိုးသား များ၊ ကလေးများ စသည်တို့မှာ လူကုန်ကူးလောဘသားတို့၏ ထောင်ချောက်ထဲသို့ ဝင်ရောက်ကြပြီးခေတ်သစ်ကျွန်ဘဝသို့ ရောက်ရှိ သွားကြရသည်။ လူအရောင်း အဝယ်ပြုသူများတွင်လွန် စွာယုံကြည်ရသည့် ခင်မင်ရင်းနှီးသူများ၊ ဆွေမျိုးအရင်းများ၊ မိသားစုဝင်များနှင့် အမိအဖတို့ပင်ပါဝင်ပတ်သက်နေကြကြောင်း မှုခင်းမှတ်တမ်း များတွင်တွေ့ရှိရသည်။ အမျိုးသမီးငယ်များကို မက်လုံးပေး မြူဆွယ်စည်းရုံးကြသူ အများစုမှာ အမျိုးသမီးများပင်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် လူကုန်ကူးခံရဖူးသူများလည်း ပါဝင်ကြောင်း၊ အချို့မိန်း ကလေးများကို လူကုန်ကူးအဖွဲ့ဝင် အမျိုးသားက ပိုးပန်းရယူလက်ထပ်ပြီး တစ်ဖက်နိုင်ငံသို့ ခေါ်ဆောင် ရောင်းချမှုများလည်း ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို ၂၀၀၅ ခုနှစ်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ် ရာသက်တမ်း ၁၆ နှစ်ရှိပြီဖြစ်သလို လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးမှုများကိုလည်း တရားဥ ပဒေစိုးမိုးရေးဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ စသည် တို့ကစဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိသည့်တိုင်အောင် လူကုန်ကူးမှုများမှာ ဆက်လက် ဖြစ်ပွားနေဆဲ ပင်ဖြစ်သည်။ မြန်မာလူမျိုးတို့၏ အလေ့အလာအားနည်းမှု၊ ယုံလွယ်မှုနှင့် လူမှုရေး၊ စီးပွားရေး အခက်အခဲ၊ အကျပ်အတည်းများ စသည်တို့ကလူကုန်ကူးသူများကို အခွင့်အရေးရနေစေခြင်း ဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ကမ္ဘာ့  ကပ်ရောဂါ နိုင်ငံအသီးသီးတွင် ကူးစက်ပျံ့နှံ့နေခြင်း၏ အကျိုးဆက်အဖြစ် စီးပွားရေး အကျပ်အတည်း၊ အခက်အခဲများ ဖြစ်ပေါ်လာခြင်းက လူကုန်ကူးမှုများ မြင့်တက်လာ နိုင်သည့် အခြေအနေပင်ဖြစ်သည်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ် ကူးသန်းသွားလာမှု များပြန်လည်များပြားလာသည့်ကာလတွင် လူကုန်ကူးမှုများ ပိုမိုပြုလုပ်လာကြဖွယ်ရှိရာ ရပ်ရွာများ အတွင်းရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ရေး လာရောက်စည်းရုံးမှုများကို လူစိမ်းဖြစ်စေ၊ ရင်းနှီး သူဖြစ်စေ သတိပြုကြဖို့ပင်ဖြစ်သည်။ ပြည်ပတွင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင် လိုပါက တရားဝင်မှတ်ပုံတင်ထားသည့် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီနှင့် ဆက်သွယ်၍သာ တရားဝင်လမ်းကြောင်းမှ သွားရောက်ကြရန်သာဖြစ်သည်။ အောက်လမ်းခေါ် တရားမဝင်လမ်း ကြောင်းမှ သွားရောက်ခြင်းဖြင့် လူကုန်ကူးသားကောင်  ဘဝကျရောက်ရန်နှင့် ရေခြားမြေခြားသူ စိမ်းတို့၏အလယ်တွင်  အကြီးအကျယ်ဘေးဒုက္ခကျရောက်ရန် လွန်စွာသေချာသလောက် ပင်ဖြစ်သည်။ လူကုန်ကူးမှုများကို ကြိုတင်ကာကွယ်တားဆီးခြင်း၊ လူကုန်ကူးခံရသူများကို ကယ်တင်ခြင်း၊ အကူအညီပေး ခြင်းတို့ပြုလုပ်ရာ၌ လူကုန်ကူးခံရသူများအား နားလည်စာနာစွာ ဆောင်ရွက်ပေး ခြင်းဖြင့် ၎င်းတို့ခံစားခဲ့ကြရသည့် ဘေးဒုက္ခများမှ လျော့ပါးသက်သာခွင့် ရနိုင်ကြပါစေကြောင်း။ ။

No comments:

Post a Comment