နေပြည်တော် စက်တင်ဘာ ၁၀
(၁၃)ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့တွင် video conference စနစ်ဖြင့် ကျင်းပရာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အစည်းအဝေး သဘာပတိ အဖြစ် ဆောင်ရွက်သည်။
အစည်းအဝေး၌ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံက အလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက် သည့် ကာလအတွင်း စီအယ်လ်အမ်ဗွီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို စီအယ်လ်အမ်ဗွီ အဆင့်မြင့် စီးပွားရေးအရာရှိများ အစည်းအဝေး၏ သဘာပတိဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဝါဝါမောင်က ဝန်ကြီးများထံ တင်ပြသည်။ ။
ပူးပေါင်းဆောင်ရွက်ရေး လမ်းညွှန်ခဲ့
အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်က ၂၀၂၁ ခုနှစ်အတွင်း စီအယ်လ်အမ်ဗွီ အဆင့်မြင့် စီးပွားရေးအရာရှိများ အစည်းအဝေးကျင်းပနိုင်မှု၊ စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် အရဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ ဆောင်ရွက်ဆဲ လုပ်ငန်းများ အခြေအနေ၊ ဂျာမန်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် စွမ်းဆောင်ရည် မြှင့်တင်မှု လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှု မူဘောင်ကို အကောင်အထည်ဖော်မည့် လုပ်ငန်း အစီအစဉ်ရေးဆွဲမည့် လုပ်ငန်းလမ်းညွှန်ကို အတည်ပြုနိုင်မှု အခြေအနေများကို စီးပွားရေး ဝန်ကြီးများထံ တင်ပြခဲ့ရာ ဝန်ကြီးများက အဆင့်မြင့်စီးပွားရေး အရာရှိများအား စီအယ်လ်အမ်ဗွီ လုပ်ငန်းစီမံချက် ၂၀၂၁-၂၀၂၂ အရ လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော်ရေး၊ စီအယ်လ်အမ်ဗွီ နိုင်ငံများ၏ အားသာချက် ဖြစ်သည့် စိုက်ပျိုးရေးကို အခြေခံသည့် လုပ်ငန်းများကို ကိုဗစ်-၁၉ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်းဆောင်ရွက်ရေး၊ အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း များတွင် စီအယ်လ်အမ်ဗွီ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး၊ အာဆီယံနိုင်ငံများအား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေးနှင့် အခြားအာဆီယံ နိုင်ငံများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို လမ်းညွှန်ခဲ့ကြသည်။
ထို့နောက် စီအယ်လ်အမ်ဗွီ နိုင်ငံများရှိ အရာထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန် ကမ္ဘာ ဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့က ဗီယက်နမ်နိုင်ငံသို့ တစ်နိုင်ငံလျှင် ပညာသင်(၂၀) စေလွှတ်ခြင်း အစီအစဉ် အတွက် ဗီယက်နမ်နိုင်ငံ၏ ပံ့ပိုးပေးမှုကို မှတ်တမ်းတင်ခဲ့သည်။
အစည်းအဝေးတွင် စီးပွားရေးဝန်ကြီးများက စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှု မူဘောင်ကို အကောင်အထည်ဖော်ရန် လုပ်ငန်းအစီအစဉ်ရေးဆွဲမည့် စီမံချက်ကို ဆက်လက်ဆွေးနွေးခဲ့ရာ စီမံချက် အတွက် ပံ့ပိုးကူညီပေးသည့် ဩစတြေးလျနိုင်ငံအား ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ပြီး၊ စီအယ်လ် အမ်ဗွီဖွံ့ဖြိုးတိုးတက်မှု မူဘောင်သည် ၂၀၃၀ ပြည့်နှစ်တွင် စီအယ်လ်အမ်ဗွီ နိုင်ငံပြည်သူ များအား အလယ်အလတ်ဝင်ငွေရှိသည့် အခြေအနေသို့ ရောက်ရှိစေရန် ရည်ရွယ်ထားသည့်အတွက် စီမံချက်ကို ၂၀၂၁ ခုနှစ်အတွင်း အချိန်မီပြီးစီးစေရေး မဲခေါင်သုတေသနအဖွဲ့၊ အာဆီယံအတွင်းရေးမှူး ချုပ်ရုံးတို့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် အဆင့်မြင့်အရာရှိများအား လမ်းညွှန်ခဲ့သည်။
ပူးတွဲသတင်းထုတ်ပြန်ချက်အတည်ပြု
ထို့နောက် စီးပွားရေးဝန်ကြီးများက ဂျာမန်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ဆောင်ရွက် လျက်ရှိသည့် စီအယ်လ်အမ်ဗွီ နိုင်ငံများ၏ ယှဉ်ပြိုင်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာ ပိုမိုတိုးတက်စေရေး ပံ့ပိုးဆောင်ရွက်ပေးသည့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှု အခြေအနေများ၊ နိုင်ငံအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်မှု အခြေအနေ များနှင့် ဒေသအတွင်း ကိုဗစ်-၁၉ ကာလအလွန် စီးပွားရေး ပြန်လည်ကောင်းမွန်စေရန် ဆောင်ရွက်မှုများ၊ ဒေသခွဲအတွင်းတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် ပေါင်းစပ်ဆက်သွယ်မှု တိုးတက်ရေးတို့အတွက် ဒစ်ဂျစ်တယ် ကုန်သွယ်ရေးကို တိုးမြှင့်ရေး၊ ငွေကြေးဝန်ဆောင်မှုများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ခရီးသွားကဏ္ဍ ပြန်လည် ဖွံ့ဖြိုးလာ စေရေးကိစ္စများကို ဆွေးနွေးခဲ့ကြပြီး (၁၃)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲသတင်း ထုတ်ပြန်ချက်ကို အတည်ပြုခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံက ၂၀၂၁ ခုနှစ်အတွင်း ဦးဆောင် ဆောင်ရွက်ခဲ့သည့် စီအယ်လ်အမ်ဗွီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် ပံ့ပိုးဆောင်ရွက် ပေးသည့်အတွက် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့အား ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး ၂၀၂၂ ခုနှစ်တွင် အလှည့်ကျ စီအယ်လ်အမ်ဗွီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု များကို ဦးဆောင်ရန် ဗီယက်နမ်နိုင်ငံအား လွှဲပြောင်းပေးအပ်သည်။
သတင်းစဉ်
No comments:
Post a Comment