ယခုအခါတွင် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားအား နှောင့်ယှက်ပြီး နိုင်ငံတည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေရန်အတွက် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH က ဖြစ်ပေါ်လာသော NUG နှင့် ၎င်းတို့ဖွဲ့စည်းထားသော PDF တို့နှင့်လက်အောက်ခံ အဆက်အနွယ် အကြမ်းဖက်သမားတို့က နိုင်ငံတစ်ဝန်းတွင် အများပြည်သူဆိုင်ရာတို့ကို ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း စသည်တို့ကို ကျူးလွန်ရန်အတွက် မြို့ပေါ်တွင် ပုန်းရှောင်၊ ခိုအောင်းရန်နှင့် အကြမ်းဖက်မှု ပြုလုပ်ရန် နေအိမ်၊ တိုက်ခန်းများကို ငှားရမ်း အသုံးပြုကြသည်ကို တွေ့ရမည် ဖြစ်သည်။
သာဓကအားဖြင့် ပြီးခဲ့သည့်လများက မန္တလေး တိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်အတွင်းနှင့် ချမ်းမြသာစည်မြို့နယ်အတွင်း အကြမ်းဖက်သမားများ ငှားရမ်းနေထိုင်သည့် နေအိမ်နှင့် တိုက်ခန်းများ အတွင်းမှ လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အကြမ်းဖက်သမားများကို ဖမ်းဆီးရမိခဲ့သည်။ အလားတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌လည်း အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်မည့်သူများသည် နေအိမ်တိုက်ခန်းများအား ငှားရမ်းနေထိုင်ပြီး မြို့နယ်များအတွင်း ဗုံးထောင်ဖောက်ခွဲမှု ဖြစ်စဉ်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ် ခဲ့ကြသည့် ဖြစ်စဉ်များ ဖြစ်ခဲ့သည်ကိုတွေ့ရမည် ဖြစ်သည်။ ထို့အပြင် အကြမ်းဖက်မှုများ ကျူးလွန်ရန်အတွက် ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ်များ အသုံးပြုခဲ့ကြသည်ကိုလည်း တွေ့ရသည်။
မြို့ပေါ်နေပြည်သူများအနေဖြင့် မိမိတို့ပိုင်ဆိုင်သော နေအိမ်များ၊ တိုက်ခန်းများ၊ မော်တော်ယာဉ် များကို ဝင်ငွေရရှိရေးအတွက် ငှားရမ်းအသုံးပြုနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့ငှားရမ်း အသုံးပြု ဝင်ငွေရှာကြရာတွင် ဝင်ငွေရလမ်း တစ်ခုတည်းကိုသာမကြည့်ဘဲ မိမိပိုင်ဆိုင်သည့် နေအိမ်၊ တိုက်ခန်းနှင့် မော်တော်ယာဉ်များ ထိခိုက်နစ်နာမှု မဖြစ်စေရေး အတွက်လည်း ကြည့်ရမည်ဖြစ်သည်။ ငွေရလျှင် မည်သူ့ကိုမဆို ငှားရမ်းမည်ဟူသော ခံယူချက်ဖြင့် လုပ်ကိုင်ပါလျှင် ငှားရမ်းသူများ ထိခိုက်နစ်နာရသည့်အဖြစ်များ ရှေးယခင်ကတည်းက ရှိခဲ့ပါသည်။ ယခင်က ဒုစရိုက်မှု၊ မူးယစ်ဆေးဝါး အမှုများနှင့် ပတ်သက်သူများကို ငှားရမ်းမိသည့်အတွက် မိမိတို့ပိုင်ဆိုင်မှုများသာမက မိမိတို့ပါ အမှုပတ်ခဲ့သည်ကိုတွေ့ရသည်။ ယခုအခါ ၎င်းအမှုများအပြင် အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်ရန် အတွက် ငှားရမ်းအသုံးပြုသည်များကို ဖမ်းဆီးရမိသောအခါ တွေ့ရသည်။
ရာဇဝတ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ မသိ၍ပတ်သက်မိပါသည်ဟူသော ဆင်ခြေပေး၍ ရမည်မဟုတ်ပေ။ ရာဇဝတ်မှု၊ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ သိလျက်နှင့် ဖြစ်စေ၊ မသိ၍ဖြစ်စေ ပါဝင်ပတ်သက် မိပါက ရာဇဝတ်မှုဥပဒေ၊ အကြမ်းဖက်မှုဥပဒေနှင့် ငြိစွန်းသည်ကို သတိပြုရမည်ဖြစ်သည်။ မိမိပိုင်ဆိုင်မှု တစ်ခုခုကို ငှားရမ်းအသုံး ပြုခွင့်ပေးမည်ဆိုပါက ယင်းငှားရမ်းမှုအတွက် မိမိတွင်လည်း တာဝန်ရှိသည်ကို သတိပြုရမည်ဖြစ်သည်။ မိမိငှားရမ်းမည့် သူများအား မျက်စိစုံမှိတ်၍ ငှားရမ်းခြင်း မပြုဘဲ မိမိငှားရမ်းမည့်သူနှင့် ပတ်သက်၍ ဆင်ခြင်သုံးသပ် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ကိုင်ရမည်ဖြစ်သည်။ အကယ်၍ ငှားရမ်းမိပြီဆိုလျှင်လည်း မိမိအတွက်အန္တရာယ် ရှိ၊ မရှိ အကဲခတ်ကြည့် ရမည်ဖြစ်သည်။ အကယ်၍ အန္တရာယ်ရှိသည်ဆိုလျှင် မိမိကိုယ်တိုင် မဖြေရှင်းနိုင်ပါက သက်ဆိုင်ရာသို့ ဆက်သွယ်အကြောင်းကြား နိုင်ရေး အားထုတ်ရမည်ဖြစ်သည်။
ပြီးခဲ့သည့်ကာလက လုံခြုံရေးတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများသည် အကြမ်းဖက်မှုများကို ကျူးလွန်ရန်အတွက် ကြိုတင်ကြံစည်၍ နေအိမ်၊ တိုက်ခန်းများကို ကာလတိုးရမ်းနေထိုင် လုပ်ကိုင်ခဲ့ကြသည်ကို တွေ့ရသည်။ ထို့ကြောင့် နေအိမ်၊ တိုက်ခန်းငှားရမ်းသူ အိမ်ရှင်များအနေဖြင့် မိမိတို့၏ နေအိမ်၊ တိုက်ခန်းများကို ငှားရမ်းမည်ဆိုပါက ငှားရမ်းနေထိုင်သူများနှင့်ပတ်သက်၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ် ရေးဥပဒေပုဒ်မ ၁၇ အရ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးများသို့ ဧည့်စာရင်းတိုင်ကြားရန် တာဝန်ရှိသည့်အတွက် ငှားရမ်း နေထိုင်သူများ၏ ကိုယ်ရေးအချက်အလက်၊ အထောက်အထား ပြည့်စုံစွာဖြင့် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံးများသို့ သတ်မှတ်ချက်များနှင့်အညီ ဧည့်စာရင်း တိုင်ကြားရန်နှင့် မိမိငှားရမ်းထားသောသူသည် သံသယဖြစ်ဖွယ်ရှိပါက သက်ဆိုင်ရာသို့ အချိန်မီ သတင်းပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။
သို့ဖြစ်ရာ နေအိမ်၊ တိုက်ခန်း ငှားရမ်းနေထိုင်ပြီး အကြမ်းဖက်မှုများ ကျူးလွန်ကြောင်း ဖော်ထုတ်ရရှိသည့်အခါ နေအိမ်၊ တိုက်ခန်းများငှားရမ်းစဉ် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးသို့ ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပါက ငှားရမ်းသည့်ပိုင်ရှင်တွင် တာဝန်ရှိမည် ဖြစ်သဖြင့် သက်ဆိုင်ရာတည်ဆဲ ဥပဒေများအရ အရေးယူခံရမည့်အပြင် ငှားရမ်းထားသည့် နေအိမ်၊ တိုက်ခန်းကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့် ဆက်စပ်၍ သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံ ရမည်ဖြစ်ကြောင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ ထုတ်ပြန်ချက်ကို သတိမူရန်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment