Saturday, September 11, 2021

ဉာဏ်ပညာနှင့်ယှဉ်၍ နေထိုင်တတ်ကြပါစေ

 

 “ဥစ္စာကံစောင့်၊ အသက်ဉာဏ်စောင့်” တဲ့။ မြန်မာ ဆိုရိုးစကားရှိပါတယ်။

အဲဒီလိုပဲ လူချင်းတူရင် ကံကောင်းတဲ့သူက သာသတဲ့၊ ကံချင်းတူရင် ဉာဏ်ကောင်းတဲ့သူက သာသတဲ့၊ ဉာဏ်ချင်းတူရင်တော့ ဝီရိယအားစိုက် သူကသာပါသတဲ့။ မိမိရဲ့ ကံ၊ ဉာဏ်၊ ဝီရိယ ဆိုတာ မိမိရဲ့ အားထုတ်မှုပဲ ဖြစ်ပါတယ်။ ကံကောင်းသူဟာကောင်းတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်တဲ့သူပဲဖြစ်ပြီး ဉာဏ်ကောင်းသူဟာ အသိဉာဏ်ပညာကို ကောင်းကောင်းမွန်မွန် အသုံးချနိုင်သူပဲ မဟုတ်ပါလား။ ကောင်းမွန်တဲ့အလုပ်တွေကိုလုပ်ပြီး အသိဉာဏ်နဲ့ယှဉ်တဲ့ မဆုတ်မနစ်ကြိုးစားအားထုတ်မှု ရှိမယ်ဆိုရင် အကောင်းဆုံးလူသားဘဝကို ပိုင်ဆိုင် နိုင်ကြမှာပါ။

ဗျသနတရားငါးပါးမှ ကင်းဝေးကြဖို့

လက်ရှိ မိမိတို့တိုင်းပြည်ရဲ့ နိုင်ငံရေးအပြောင်း အလဲတစ်ရပ်ဟာ အကြောင်းကြောင့် အကျိုး ဖြစ်လာခဲ့ရတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဖြစ်ပေါ် လာတဲ့အကြောင်းအရာကို တိတိပပ စေ့ငုလေ့လာ မှုမရှိ၊ ခံစားချက်အပေါ်အခြေခံပြီး သူတစ်ပါး စေ့ဆော်မှုတွေကို နားယောင်ရင်း ဗျသနဆိုတဲ့ ပျက်စီးခြင်းသဘောကို မကြုံချင်ဘဲ ကြုံရသူတွေကို ယခုကာလမှာ စိတ်မသက် သာဖွယ် အများဆုံး မြင်တွေ့လာရပါတယ်။ ။

ဗျသနမှာ ညာတိဗျသန၊ ဘောဂဗျသန၊ ရောဂဗျသန၊ သီလဗျသန၊ ဒိဋ္ဌိဗျသနဆိုတဲ့ ဆွေမျိုး မိတ်သင်္ဂဟဆုံးရှုံးရခြင်း၊ စည်းစိမ်ဥစ္စာဆုံးရှုံးရခြင်း၊ ရောဂါဘယနှိပ်စက်သဖြင့် ဆုံးရှုံးရခြင်း၊ မိမိ ဆောက်တည်ထားတဲ့သီလဆုံးရှုံးရခြင်း၊ ကိုယ်ကျင့် တရားပျက်ယွင်းခြင်း( မသမာမှု၊ မတရားမှု၊ အဓမ္မ မှု၊ အကြမ်းဖက်မှု) တွေနဲ့ အယူမှား၊ အယူလွဲတွေကို ယုံကြည်ခြင်းဖြင့် ပျက်စီးစေတဲ့ ဗျသနကို အသိဉာဏ်ပညာ အားနည်းသူတွေ၊ သတိမမူ ဂူမမြင်ကြသူတွေနဲ့ အတွေ့အကြုံ အားနည်းတဲ့ လူငယ်တွေမှာ အများဆုံးကြုံတွေ့နေကြရပါတယ်။

ဘာသာတရားရဲ့ အဆုံးအမတွေ၊ မိရိုးဖလာ ယဉ်ကျေးမှုအလေ့အထတွေဟာ ဒီမိုကရေစီ အရေခြုံထားတဲ့ ပရမ်းပတာအုပ်ချုပ်သူတွေ လက်အောက်မှာ အများကြီးပျက်ယွင်းခဲ့ရတာကို လည်း အထင်အရှားမြင်တွေ့ရပါတယ်။ ဗျသန(ပျက်စီးခြင်း)မှာ ဆွေမျိုးပျက်စီးတာ၊ မိမိကိုယ်ကို ထိခိုက်စေတာ ရှိပေမယ့်ဘဝနဲ့သံသရာအထိမပျက်စီးသေးပါဘူး။ မီးလောင်၊ ရေမျော၊ စည်းစိမ် ဆုံးရှုံး စတဲ့ဗျသနမှာလည်း ပြာပုံဘဝရောက်ရင်တောင် ပြန်လည်ရုန်းထဖို့အတွက် အခွင့်အရေး ရှိပါသေးတယ်။ သို့ပေမဲ့ ယုံကြည်မှု၊ အားကိုးမှု လမ်းမှားရောက်ရင် အဇာတသတ်က ဒေဝဒတ်ကို ဆရာတင်မိသလို အလုံးစုံပျက်စီးပြီး ယခုဘဝ၊ နောင်သံသရာ တစ်လျှောက် ပျက်စီးရကိန်း ကြုံရမှာဖြစ်ပြီး အပယ်လေးဘုံကိုလည်း လမ်းကတန်းနေစေပါတယ်။ အထူးသဖြင့် အကျင့်သီလနဲ့ အယူဒိဋ္ဌိ ဖောက်ပြန် ပျက်ယွင်းခဲ့မယ်ဆိုရင် လူသားဘဝဟာ အမြစ်ကစပြီး တူးဖြိုခံရတဲ့ သစ်တစ်ပင်လို နာလန်ပြန်ထူဖို့ ဝေးရမှာဖြစ်ပါတယ်။ ။

မိမိတို့နိုင်ငံဟာ ဘာသာတရားပေါင်းစုံယှဉ်တွဲပြီး အေးအေးချမ်းချမ်းနေထိုင်ခဲ့တဲ့နိုင်ငံ၊ တိုင်းရင်းသား ပေါင်းစုံ စုစည်းပြီးနေထိုင်ခဲ့တဲ့နိုင်ငံ၊ ဂါရဝေါစ၊ နိဝါတောစနဲ့ ပြည့်စုံတဲ့နိုင်ငံ၊ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်နဲ့အညီ နေထိုင်ခဲ့တဲ့သမိုင်း အစဉ်အလာကောင်းရှိခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ ငယ်စဉ် ကတည်းက မိဘ၊ ဆရာသမားတွေဟာ ငါးပါးသီလကို သားငယ်သမီးငယ်တွေဆီ သင်ကြားပေးခဲ့ ကြပါတယ်။ “သူ့အသက်လည်း မသတ်ဘဲ အမြဲရှောင်ကြဉ်မည်၊ သူ့ဥစ္စာလည်း မခိုးဘဲ အမြဲရှောင်ကြဉ် မည်၊ လိမ်ညာ၍လည်းမပြောဘဲ အမြဲရှောင်ကြဉ် မည်၊ သူ့အိမ်ရာလည်း မမှားဘဲ အမြဲရှောင်ကြဉ်မည်။

သေရည်သေရက်မသောက်စားဘဲ အမြဲရှောင်ကြဉ်မည်” ဆိုတဲ့ သံပေါက်လေးတွေက ငါးပါးသီလကို ပါဠိလို ဌာန်ကရိုဏ်းကျကျမရွတ်တတ်သေးတဲ့ ကလေးငယ်ဘဝမှာ ကလေးတွေ စိတ်သန္တာန်မှာ မှတ်မှတ်ရရဖြစ်စေဖို့ လူကြီးမိဘတွေက လေ့ကျင့်ပေးခဲ့ကြတဲ့ သင်ကြားမှုတစ်ခုပဲ ဖြစ်ပါတယ်။

ခေတ်သစ်ခိုးသားငါးရာ

မိမိတို့ဗုဒ္ဓဘာသာမှာ ကံငါးပါးဟာ အခြေခံကျင့်ဝတ် စည်းကမ်းဖြစ်သလို အခြားသောဘာသာ ကြီးတွေမှာလည်း လိမ်ညာမပြောရ၊ သူ့အသက် မသတ်ရ၊ သူ့ဥစ္စာမခိုးရ စတဲ့အချက်တွေကို အလေး အနက်ထည့်သွင်းထားတာပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ မဲတစ်ပြားဟာ တိုင်းပြည် အတွက်တော့ အုတ်တစ်ချပ်ချင်း၊ သဲတစ်ပွင့်ချင်းပဲဖြစ်ပါတယ်။ အုတ်ချပ်တိုင်း၊ သဲပွင့်တိုင်းကို တန်ဖိုးထားပြီး မှန်ကန်တဲ့မဲရလဒ်တွေဖြစ်မှသာ ပြည်သူအပေါ်ကို သစ္စာရှိတဲ့ခေါင်းဆောင် ကောင်းတွေ ထွက်ပေါ်လာ မှာမဟုတ်ပါလား။ ဒါကို မဲလိမ်၊ မဲခိုးခဲ့ကြတဲ့ အတ္တကြီးတဲ့ အနိုင်ရလိုသူတွေဟာ အခြေခံ ငါးပါးသီလ ကိုမှ မလိုက်နာ၊ ခိုးမှု၊ လိမ်လည်လှည့်ဖြားမှုကို ကျူးလွန်နေသူတွေပဲဖြစ်ပြီး ထိုလူစားတွေနဲ့ အပေါင်းအပါတွေ ခေါင်းဆောင်ဦးစီးမှုသာဆိုရင် တိုင်းပြည်ဟာ ရိုးသားမှုပျောက်ဆုံးပြီး ပျက်စီးခြင်း ရောက်ရမှာအသေအချာပဲဖြစ်ပါတယ်။ မြန်မာ့သမိုင်းဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေနဲ့ ပြည့်စုံတဲ့ မင်းကောင်းမင်းမြတ်တွေ လက်ထက်မှာ တိုင်းပြည်ဟာ တိုးတက်စည်ကား ဖွံ့ဖြိုးခဲ့သလို ဆန်ရေစပါးပေါကြွယ်တာ၊ ရာသီဥတုမျှတတာ၊ ရာဇဝတ်မှုနည်း ပါးတာ၊ ဘာသာတရား ပိုမိုကိုင်းရှိုင်းကြတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ မိမိတို့ မျက်မှောက် ကာလမှာလည်း သီလဝိသုဒ္ဓိ ကိုယ်ကျင့် သီလကောင်းမွန်တဲ့ခေါင်းဆောင်တွေနဲ့ သီလကိုတန်ဖိုး ထားရမှန်းသိ၊ ကိုယ်ကျင့်တရားလေးစားလိုက်နာပြီး နိုင်ငံတကာက ဦးညွှတ်လေးစားရတဲ့ လူကြီးလူကောင်းဆန်တဲ့ စိတ်ဓာတ်ရှိသူတွေ၊ ဒီမိုကရေစီရဲ့ အနှစ်သာရကို နားလည်ပြီး အထက်တန်း ကျကျ ခံစားနိုင်တဲ့ ပြည်သူတွေများများရှိမှ သူခိုး၊ ဓားပြမရှိ၊ အကြမ်းဖက် လူသတ်မှုမရှိနဲ့ တိုင်းပြည်က လုံခြုံအေးချမ်းပြီး ပြည့်စုံတဲ့နိုင်ငံ ထူထောင်နိုင်မှာ ဖြစ်တယ်ဆိုတာကို ပြည်သူတွေ သတိပြုမိစေလိုပါ တယ်။

မိမိတို့နိုင်ငံသားတွေဟာ အစဉ်အဆက်လူကြီး သူမတွေကို မြင်တွေ့တဲ့အခါ ရိုရိုသေသေ လေးလေး စားစား ဆက်ဆံတတ်အောင်၊ ယဉ်ကျေးပျူငှာတဲ့ လောကဝတ်တွေကို သင်ကြားပေးခဲ့ကြပါတယ်။ ဘဝမှာ အရေးအကြီးဆုံးဖြစ်တဲ့ စာရိတ္တသီလ။ ဝါရိတ္တသီလတွေကို လူငယ်တွေ သိမြင်နားလည်ပြီး မကောင်းမှုဒုစရိုက်တွေကို လုပ်ဆောင်ဖို့ရှက်တတ်။ ကြောက်တတ်အောင် သင်ကြားပေးခဲ့ကြပါတယ်။ ဒါဟာလူတစ်ဦးချင်းစီရဲ့ စိတ်ဓာတ် အရည်အချင်းကို ဖြည့်ဆည်းဖို့အတွက်လူကြီးမိဘတွေရဲ့ ကြိုးပမ်းခဲ့မှုတွေပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မိမိတို့ပြည်သူတွေဟာ တစ်ဦးချင်းစီရဲ့ သီလနဲ့ ပညာကို ဖြည့်ကြရမှာဖြစ်ပြီး မကောင်းမှု၊ ဒုစရိုက်တွေနဲ့ ပြည့်နှက်နေတဲ့ ဆင်ခြင်တုံတရား အားနည်းတဲ့ လူတစ်စုရဲ့ မြှောက်ပင့်သွေးထိုးမှုတွေကို တွန်းလှန်ကြရင်း နိုင်ငံထူထောင်ရေးမှာ ပါဝင်ကြရမှာဖြစ်ပါတယ်။

ဆင်ခြင်တုံတရားမပါတဲ့ ခြောက်လှန့်မှုတွေကို တွန်းလှန်

ပြီးခဲ့တဲ့ရက်ပိုင်းကမြေပြင်မှာလက်တွေ့ကျကျ ဘာတစ်ခုမှမပြသနိုင်ဘဲ ပြည်ပြေးဘဝနဲ့ တိုင်းပြည် အတွင်းရေးကို ခြယ်လှယ်လိုတဲ့ လေလှိုင်းအကြမ်းဖက် NUG ကနေ ဆင်ခြင်တုံတရား ကင်းမဲ့၊ နိုင်ငံကို ဆင်းရဲတွင်းနက်စေမယ့် လှိမ့်လုံး၊ ခြောက်လုံးတွေကို မိန့်ခွန်းဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ ကိုဗစ်တတိယ လှိုင်းကြောင့် မောပန်းနေကြရတဲ့ ပြည်သူတွေအတွက် ဆင်းရဲတွင်းနက်စေမလား၊ အတိဒုက္ခကြုံ စေမလား ခံစားပေးဖော်မရ၊ မိမိတို့လူတစ်စု ကောင်းစားရေးအတွက် အဝေးကနေ ကယောင်ကတမ်း မြှောက်ပင့်သွေးထိုးချက်လို့ပဲ စာရေးသူက တော့ သတ်မှတ်လိုပါတယ်။

အမိုက်မှောင်ဖုံးလွှမ်းနေတဲ့ PDF တွေရဲ့ လက်ချက်နဲ့ သေဆုံးသွားရတဲ့ မိသားစုတွေ၊ မသိနားမလည် တဲ့လူငယ်တွေကို အာဇာနည်ဆိုပြီး မြှောက်ပေးနေ သံတွေဟာ အကျည်းတန်လွန်းပါတယ်။ ကုန်စိမ်းရောင်းနေတဲ့ အမျိုးသားတစ်ယောက်ကို သေနတ်နဲ့ ၁၂ ချက်လောက် ပစ်ရလောက်အောင်၊ လျှပ်စစ်ရုံးရှေ့ ဗုံးထောင်တဲ့အခါ ဖြတ်သွားမိတဲ့ ဆိုက်ကား ဆရာထိခိုက်ရလောက်အောင် တော်လှန် ရေးဆိုတဲ့ ခေါင်းစဉ်က ထင်ရာစိုင်းသတ်ဖြတ်ကြဖို့ အတွက်လားလို့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။

အကြမ်းဖက်ခြင်းကို မည်သည့်နိုင်ငံက လက်ခံမှာမဟုတ်ပါဘူး။ လက်နက်ကိုင်တော်လှန် ရလောက်အောင်လည်း မိမိတို့နိုင်ငံကို မည်သည့်နိုင်ငံကမျှ မတရားသိမ်းပိုက်ထားတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ တရားမျှတမှုကို ဖော်ဆောင်ဖို့ လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို မျက်ကွယ်မပြုဘဲ မြင်အောင်ကြည့်တတ်ကြဖို့ လိုအပ်နေချိန်ဖြစ်ပါတယ်။ ပြည်တွင်းတိုင်းရင်း သားလက်နက်ကိုင်တွေနဲ့ တပ်မတော်တို့အကြား၊ အစိုးရတို့အကြား ထာဝရ ငြိမ်းချမ်းရေးအတွက်  အစဉ်တစိုက်ကြိုးပမ်းနေခဲ့တာ ဆယ်စုနှစ်ပေါင်း များစွာရှိပါပြီ။ စားပွဲဝိုင်းပေါ် ရောက်အောင် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ ပင်ပန်းမှုတွေ၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေဟာ ပါတီတစ်ခု၊ လူတချို့ရဲ့ အခွင့်အာဏာကို အကြောင်းပြပြီး ပျက်သုဉ်း သွားရမှာကိုတော့ မတွေ့မမြင်တဲ့ဆင်ခြင် တုံတရားရှိတဲ့ပြည်သူတွေ ရှိနေမှာဖြစ်ပါတယ်။

လက်ရှိမိမိတို့ပြည်သူတွေဟာ D Day ဆိုတဲ့ စကားရပ်အောက်မှာ ပင်ပန်းလွန်းလှပြီပဲဖြစ်ပါ တယ်။ လက်သုံးချောင်းထောင်ရင်း ကြွေလွင့်ခဲ့ရတဲ့ လူငယ်တွေ၊ CDM လုပ်ရမယ်ဆိုလို့ လိုက်လုပ်ရင်း အနေအစားပျက်ယွင်းခဲ့ရတဲ့ဝန်ထမ်းတွေ၊ မတရားမှုဆိုပြီး မြှောက်ပင့်ပေးတိုင်း တောခို၊ ပြည်ပြေး ဘဝနဲ့ မိသားစုနဲ့ ထာဝရဝေးကွာသွားခဲ့ရတဲ့ မျိုးဆက်သစ်တွေ။ မိမိတို့ ပြည်သူအားလုံး အသိဉာဏ် ပညာနဲ့ ယှဉ်ပြီး ဝေဖန်ပိုင်းခြားစေလို လှပါပြီ။

ထင်ရာမစိုင်းကြလေနဲ့

နုနယ်စဉ်ငယ်ဘဝက သူငယ်ချင်းအချင်းချင်း မရေမရာဝေခွဲရခက်တဲ့အခြေအနေမှာ အချင်းချင်း သတိပေးတာလေး သတိရမိပါတယ်။ ။

“ဟေ့ကောင် အများယောင်လို့ မယောင်နဲ့၊ သူများပြောတိုင်းမယုံနဲ့၊ ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစဉ်း စားစားလုပ်”

“ဒါဆိုဘယ်လိုလုပ်ရမလဲ”

“ကျုတ်ကျက်လိပေါ့ကွ”

“ဟေ ဘာလဲဟ ကျတ်ကျက်လိက”

“မင်းကလည်း ဦးနှောက်နည်းနည်းလေးကွာ၊ ကျတ်ကျက်လိဆိုတာ ကြည့်ကျက်လုပ်ပေါ့ဟ”

ယခုလည်း စိတ်ထဲထင်ရာ၊ ဘာမသိညာမသိ သူများလုပ်တာနဲ့ ရောယောင်ကာ မလုပ်ကြပါလေ နဲ့၊ ကျုတ်ကျက်လိ။ သိမြင်အောင် ကြည့်ကြပါဦး ဟုသာ။

 

ကနောင်

No comments:

Post a Comment