Wednesday, September 8, 2021

ဂန့်ဂေါမြို့သို့ အောက်စီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများရောက်ရှိ

 


ဂန့်ဂေါ စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အောက်စီဂျင်အရေးပေါ် လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဂန့်ဂေါမြို့ ရွှေပြည်ဆိပ်ဦးဘုရားအနီး သာသနာ့ဗိမာန် ဝင်းအတွင်း၌ တည်ဆောက်လျက်ရှိသော အောက်စီဂျင်စက်ရုံအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းထောက်ပံ့သော အောက်စီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက စက်ရုံသို့ရောက်ရှိပြီဖြစ်သည်။

အဆိုပါရောက်ရှိသည့် အောက်စီဂျင်စက်မှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်း ထောက်ပံ့ထားသည့် စက်ဖြစ်ကြောင်း၊ အဆိုပါစက်မှာ ၂၄ နာရီတွင် အောက်စီဂျင် ၄၀ လီတာ ၂၀၀ လုံး ခန့်ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ မြို့မိမြို့ဖအလှူရှင်များစုပေါင်းလှူဒါန်းသည့်စက်မှာလည်း ၂၄ နာရီတွင် ၄၀ လီတာ ၈၀ လုံးခန့်ထွက်ရှိမည်ဖြစ်ပြီး မကြာမီရက်ပိုင်းတွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ စက်ရုံအတွက် လျှပ်စစ်ပိုင်း 315 KVA ထရန်စဖော်မာကိုအသုံးပြုမည်ဖြစ်ကြောင်း၊ စက်ပစ္စည်းနေရာ ချရာတွင် Yaw Rescue အဖွဲ့နှင့် ဂန့်ဂေါခရိုင်ကြက်ခြေနီအသင်းတို့ လာရောက်ကူညီဆောင်ရွက် ကြတယ်လို့ အောက်စီဂျင်စက်ရုံဆောက်လုပ်ရေးကော်မတီအတွင်းရေးမှူး၏ ပြောပြချက်အရ သိရသည်။

အဆိုပါအောက်စီဂျင်စက်ရောက်ရှိပြီဖြစ်၍ မကြာမီရက်ပိုင်းအတွင်း အောက်စီဂျင်များ စတင် ထုတ်လုပ်လည်ပတ်နိုင်ရေးအတွက် ခရိုင်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုကာ လိုအပ်သည်များ ဆောင်ရွက် နေကြောင်းနှင့် စက်လည်ပတ်နိုင်ပါက ဂန့်ဂေါမြို့နယ်အတွက်သာမက၊ ထီးလင်း၊ ဆော၊ ကျောက်ထု မြို့နယ်အတွင်းရှိ ပြည်သူများ၏ အောက်စီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)

No comments:

Post a Comment