Friday, September 10, 2021

မကွေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ပခုက္ကူမြို့နယ်အတွင်းရှိ အဆင့်မြင့်ပညာနှင့် အခြေခံပညာရေး ဝန်ထမ်းများနှင့်တွေ့ဆုံ

 



ပခုက္ကူ  စက်တင်ဘာ ၁၀

မကွေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ပခုက္ကူမြို့နယ်အတွင်းရှိ အဆင့်မြင့်ပညာနှင့် အခြေခံပညာ ရေးဝန်ထမ်းများနှင့် စက်တင်ဘာလ ၁၀ရက် နံနက်ပိုင်းက တွေ့ဆုံသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်ဌာဆိုင်ရာတာဝန်ရှိသူများလိုက်ပါကြပြီး နံနက် ၈နာရီခွဲအချိန်က ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)၊   နည်းပညာ တက္ကသိုလ်(ပခုက္ကူ)၊နှင့် ပခုက္ကူတက္ကသိုလ်ရှိ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ/မများ၊ သင်တန်းရေးရာဝန်ထမ်းများနှင့်သွားရောက်တွေ့ဆုံကြရာ တက္ကသိုလ်အလိုက် တာဝန်ခံပါမောက္ခချုပ်များက  တက္ကသိုလ်ရှိ ဝန်ထမ်းအင်အားအခြေအနေ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့မှုအခြေအနေ၊ တက္ကသိုလ်တက်ရောက်သည့်နှစ်များနှင့် မေဂျာများအလိုက် သင်ကြားပို့ချပေးနေသည့်ဘာသာရပ်များ၊ တက္ကသိုလ်ဝန်းအတွင်း တည်ဆောက်ရေး လုပ်ငန်းများ ဆောင် ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်နေသည့် အခြေအနေများ၊ တက္ကသိုလ်ဝန်း သာယာလှပစိမ်းလန်းစိုပြေရေးအတွက် ဆောင်ရွက် နေသည့်လုပ်ငန်းများကို Powerpoint ဖြင့် အသီးသီးရှင်းလင်းတင်ပြကြရာ ဝန်ကြီးက ဝန်ထမ်းရေးရာနှင့် သင်ကြားရေးရာနှင့် ပတ်သက်ပြီး အခက်အခဲများဖြစ်ပေါ်ပါကတင်ပြကြရန်၊ အဆင့်မြင့်ပညာ(တက္ကသိုလ်)ရှိ အနာဂတ်မျိုးဆက်သစ် ခေတ်ပညာ တတ်လူငယ်များကို မွေးထုတ်ပေးနေသည့် သင်ကြားရေးဝန်ထမ်းဆရာ/မများအနေဖြင့် အရည်အသွေးပြည့်မီပြီး စည်းကမ်း ပြည့်ဝသော လူငယ်များပေါ်ပေါက်လာရေး၊ အတွေး၊အမြင်၊အယူအဆများ မှန်ကန်စေရေး၊  အများပြည်သူလူထုအကျိုးစီးပွား ဖြစ်ထွန်းအောင်မြင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လိုစိတ်ဖြစ်ပေါ်စေရေးနှင့် အနာဂတ်တိုင်းပြည်အတွက် အားထားရသော နိုင်ငံ့သားကောင်းရတနာများ မွေးထုတ်နိုင်ရေးတို့အတွက် အစဉ်ကြိုပမ်း သင်ကြားပို့ချပေးကြရန် လိုအပ် ကြောင်း၊ အဆင့်မြင့်တက္ကသိုလ်အင်္ဂါရပ်များနှင့် ကိုက်ညီစေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ကြခြင်းဖြစ်ပြီး အရည်အသွေးပြည့်မီသော အဆောက်အဦးများဖြစ်ရေး စနစ်တကျအနီးကပ်ကြီးကြပ် ဆောင်ရွက်ကြရန် လိုအပ် ကြောင်း မှာကြားသည်။

ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ် ၁၂နာရီအချိန်တွင် ပခုက္ကူမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ (၁)ခန်းမ၌ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ အခြေခံပညာအထက်တန်း၊အခြေခံပညာ အလယ်တန်းနှင့် အခြေခံပညာ မူလတန်းကျောင်း များရှိ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့်တွေ့ဆုံပြီး သင်ကြားရေးနည်းလမ်းများနှင့် ကောင်းမွန် သောပညာရေး ဖြစ်ပေါ်စေရေးတို့ကို အပြန်အလှန်ဆွေးနွေးကြကြောင်းသိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)

No comments:

Post a Comment