မြိတ် စက်တင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် အစည်း အဝေးခန်းမတွင် မြိတ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေပေးဝေရေးစီမံကိန်းနှင့် နိုင်ငံတကာအဆင့်မီ ငါးလေလံ ဈေးစီမံကိန်းရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။
ရှင်းလင်းပွဲတွင် မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ တနင်္သာရီမြို့နယ်နှင့် မြိတ်မြို့နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြိတ်ခရိုင်ရေပေးဝေရေး စီမံကိန်းဆိုင်ရာ အချက် အလက်များနှင့် မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံတကာအဆင့်မှီ ငါးလေလံဈေး စီမံကိန်းဆိုင်ရာအချက်အလက်များကို ကုမ္ပဏီဥက္ကဋ္ဌ ဦးလှသန်းနှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ကြသည်။
စီမံကိန်းလုပ်ငန်းများ ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဝန်ကြီးချုပ်က မြိတ်ခရိုင်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံတကာအဆင့်မှီ ငါးလေလံဈေးစီမံကိန်း ဆောင်ရွက်မည့် မြေနေရာအား မြိတ်ဆိပ်ကမ်းမှ Speed Boat ဖြင့် သွားရောက်ကြည့်ရှုခဲ့ကြသည်။
မြိတ်ခရိုင်ရေပေးဝေရေးစီမံကိန်းသည် မြေအောက်ရေ တဖြေးဖြေးကုန်ခမ်းလာမှုကို ကာကွယ်ရန်အတွက် တနင်္သာမြစ်မှရေချိုများကို သွယ်ယူကာ သောက်သုံးနိုင်သည့်အဆင့်အထိ ပြုပြင်သန့်စင်ပြီး ဈေးနှုန်းချိုသာစွာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းကို မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်နှင့် Bright Blue Water Internation Corporation Company Limited တို့ပူပေါင်း၍ စီမံကိန်း ရင်းနှီး မြုပ်နှံမှု ဘတ်သန်းပေါင်း(၂၈၅၅)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းသည် လုပ်ငန်း ဆောင်ရွက်ခွင့်ရရှိပြီးဖြစ်ကြောင်း သိရသည်။
ထို့အတူ နိုင်ငံတကာအဆင့်မှီ ငါးလေလံဈေးစီမံကိန်းကို တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ရေလုပ်ငန်း ကုမ္ပဏီများနှင့် မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် တို့ပူးပေါင်း၍ မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာ၌ မြေဧက (၂၉၄၅)ဧကတွင် စီမံကိန်းကာလ(၇)နှစ်၊ ရင်းနှီးမြုပ်မှု ကျပ်ဘီလီယံ(၅၀၀)ခန့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် သက်ဆိုင်ရာသို့ တင်ပြထားဆဲဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် )
No comments:
Post a Comment