Tuesday, September 14, 2021

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

 



 

မြစ်ကြီးနား   စက်တင်ဘာ ၁၄

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကိုဗစ်-၁၉ ဖြစ်ပွားမှုလျော့နည်းကျဆင်းစေရေးနှင့် လိုအပ်သည့် ထိန်းချုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အတွက် တည်ဆောက်ပြီးစီးသည့် အောက်ဆီဂျင်စက်ရုံ လည်ပတ်ထုတ်လုပ်နိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ထုတ်လုပ်သုံးစွဲမှုအခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များကိုဖြည့် ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ မြို့နယ်ကိုဗစ်-၁၉ ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ် အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကို အလျော့နည်းဆုံးနှင့် အသက်သာဆုံး ကျော်ဖြတ်နိုင်ရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် လိုအပ်သည့် ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများကိုလည်း မြို့နယ်များအလိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ ကြောင်း၊ အရပ်ဖက်လူမှုပရဟိတအသင်းအဖွဲ့များ၊ ဘာသာ‌ရေးအဖွဲ့အစည်းအသီးသီးတို့၏ ပူးပေါင်းပါ ဝင်မှုဖြင့် ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုထိထိန်းချုပ်နိုင်ခဲ့သော်လည်း ကိုဗစ်-၁၉ ကို ဆက်လက် ကာကွယ်ထိန်းချုပ်သွားရ မည်ဖြစ်ကြောင်း၊ ယနေ့ဝိုင်းမော်မြို့နယ် အနေဖြင့်လည်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို တိုးမြှင့်ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းမှာ ကြားသည်။

ယင်းနောက် မြို့နယ်ကော်မတီအဖွဲ့ဝင်များက မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ရောဂါပိုး ရှာဖွေစစ်ဆေးပေးနေမှု၊ ကာ ကွယ်ဆေးထိုးနှံပေးနေမှု လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည့်ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရေးနှင့် မြို့နယ်အတွင်း တရုတ်ပြည် သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကာကွယ်ဆေးများကို နယ်စပ်ကုန်သွယ်‌ရေးလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေသူများနှင့် သက်ဆိုင်သူများအားလုံး ထိုးနှံပေးနိုင် ရေးညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ်ပြန်/ဆက်

No comments:

Post a Comment