ဟင်္သာတ စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စုရှိ ဖောင်ဆိပ်ကျေးရွာသို့ ရောက်ရှိပြီး ဧရာဝတီမြစ် ရေကာတာများကို ကြည့်ရှုစစ်ဆေးရာ ခရိုင်ဆည်မြောင်းဦးစီးဌာနမှူး ဦးစံမင်းက တာတမံများတွင် အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက တာတမံပြုပြင်ခြင်းနှင့် အရေးပေါ်တုံ့ပြန်ခြင်း ဆောင်ရွက်မည့် စီမံချက် အခြေအနေများ၊ ဦးစီးအရာရှိ ဦးသိန်းလင်းကျော်က ရေပေါက်ပေါက်ခြင်းအတွက် ရေခွေခွေခြင်း၊ တာအိတာလျော ခြင်းအတွက် တာခြေကန်ခြင်း၊ သဲဗွက်ထခြင်းအတွက် ရေခွေခွေခြင်း၊ တာဆင့်ခြင်း စသည့် လုပ်ငန်းများကို လက်တွေ့ သရုပ်ပြ ရှင်းလင်းသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေကင်းများ နေ့/ညမပြတ် ဂရုပြုလှည့်လည်ရန်၊ သတ်မှတ်ရေကင်း စခန်းများတွင် ရေဘေးကာကွယ်ရေးသုံးပစ္စည်းများ ကြိုတင်စုဆောင်း၍ထားရှိရန်၊ ပတ်ဝန်းကျင်နေ ပြည်သူများကလည်း တာတမံဥပဒေများကို လိုက်နာရန်၊ ထူးပေါက်ခြင်း၊ သဲဗွက်ထခြင်း၊ တာအိခြင်း၊ ရေကျော်ခြင်း၊ တာကျွံခြင်းများ တွေ့ရှိပါက ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနနှင့် နီးစပ်ရာ ရေကင်းစခန်းများ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များကို အချိန်မီသတင်းပို့ကြရန်မှာကြား ဆွေးနွေးပြီး ပြည်သူများအား တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်ဇလွန်မြို့ ကမ်းနားရပ်ကွက် ရေကင်းစခန်းအမှတ်(၃)တွင် အရေးပေါ် ပစ္စည်းများဖြစ်သော ဝါးနက်၊ မျှော၊ ဝါးလေး၊ သဲ၊ ကျောက်များကို ရေကင်းစခန်းများတွင် စုဆောင်းထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မိုးရာသီ ဧရာဝတီမြစ်ရေကြီးချိန် ရေကာတာများ ကြံ့ခိုင်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိရန်မှာ ကြားခဲ့ကြောင်း သိရသည်။
ကိုတွတ်(ပြန်/ဆက်)




No comments:
Post a Comment