စဉ့်ကိုင် စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အနေဖြင့် ယနေ့နံနက်ပိုင်းကကိုဗစ်-၁၉ကာကွယ် ဆေး (ဒုတိယအကြိမ်) ထိုးနှံ ခြင်းလုပ်ငန်းများဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
မေး။ ပြည်သူတွေ ကိုဗစ် - ၁၉ ရောဂါ
လက္ခဏာ တွေ့ရှိလာပြီဆိုရင် ဘယ်လို
ဆက်သွယ်ဆောင်ရွက်ရပါမလဲ။
ဖြေ။ ကိုဗစ် - ၁၉ ရောဂါ လက္ခဏာခံစားရလျှင် (သို့မဟုတ်) ကိုဗစ် - ၁၉ Positive
ပိုးရှိသူနှင့်ထိတွေ့ခဲ့မိလျှင် မိမိကိုယ်ကို သံသယရှိလျှင် မိမိနေ အိမ်မှနေ၍ ဖုန်းဖြင့်
အုပ်ချုပ်ရေးမှူး / ရာအိမ်မှူး
ဆယ်အိမ်မှူး၊ ကျန်းမာရေးဌာန (သို့မဟုတ်) ပရဟိတအသင်းတို့ကို ဆက်သွယ်သတင်းပို့ရပါမည်။ ဆက်သွယ်၍ မရပါကလူကိုယ်တိုင်သွားရောက်ဆက်သွယ်ရာတွင်
မိမိတစ်ဦးတည်းသာ လာရောက်ဆက်သွယ်သတင်းပို့ဖို့လိုအပ်ပါတယ်။
မေး။ ကိုဗစ် - ၁၉ရောဂါ ကာကွယ် ဆေးထိုးနှံပေးနေမှုနှင့် ပတ်သက်ပြီး ဆောင်ရွက်ပေးနေမှု အခြေအနေများကို သိချင်ပါတယ်။
ဖြေ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး
ထိုးနှံပေးရာမှာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျွန်မတို့မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ သက်ဆိုင်ရာဌာနများမှ ၀န်ထမ်းများ၊ ကြက်ခြေနီသူနာပြု
တပ်ဖွဲ့၀င်များ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့၀န်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့၀င်များအားလုံး
တက်ညီ လက်ညီပူးပေါင်းပြီး ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ကာကွယ် ဆေးထိုးနှံတဲ့နေရာမှာ လူစုလူဝေးမဖြစ်အောင်
စနစ်တကျ နေရာချ တန်းစီစောင့်ဆိုင်းစေခြင်း၊ စာရင်းသွင်းခြင်း၊ ကျန်းမာရေး၀န်ဆောင်မှုပေးခြင်း၊
ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ထိုးနှံပေးပြီးနောက် ကျန်းမာရေးအခြေအနေစောင့်ကြည့်ခြင်း၊
စတာတွေကိုစနစ်တကျအသေးစိတ် ပြင်ဆင်ဆောင်ရွက် ပေးထားပါတယ်။
မေး။ ယခုလက်ရှိကာကွယ်ဆေးရောက်ရှိမှုအခြေအနေနှင့်
ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေကို သိရှိလိုပါတယ်ရှင်။
ဖြေ။ စဉ့်ကိုင်မြို့နယ်အနေဖြင့်ပထမအကြိမ်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ဦးစားပေးအဆင့်အလိုက်
အသက်(၆၅)နှစ်နှင့်အထက် အဘိုး၊ အဘွား(၁၃၄၈)ဦး၊ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များ
(၁၈၁)ပါး အစိုးရ၊ ပုဂ္ဂလိက ကျန်းမာရေး၀န်ထမ်းများ(၉၈)ဦး၊ နိုင်ငံ့၀န်ထမ်း(၄၇၀)ဦး၊ ၀န်ထမ်းမိသားစုများ (၁၅၂) ဦး ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံမှ၀န်ထမ်းမျာ
(၃၉၀၇) ဦး၊ ပုဂ္ဂလိက ဘဏ်၀န်ထမ်း(၁၇၉)ဦး၊ ဟော်တယ်/
မိုတယ်/ တည်းခိုခန်း (၇) ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း(၆) ဦး၊ ပရဟိတအသင်း၀င်များ
(၁၁၃) ဦး၊ စျေးသည်များ(၆၄)ဦး၊ စုစုပေါင်း (၆၅၀၇) ဦး၊ ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ်(၁)နှင့်အမှတ်(၂)မှစုစုပေါင်းအကျဉ်းသား(၃၀၅)ဦးကို
ကာကွယ်ဆေးထိုးနှံ ပေးခဲ့ပါတယ်။ ယခုကတော့ ဒုတိယအကြိမ် ကာကွယ်ဆေးကို (၃၀-၈-၂၀၂၁)ရက်နေ့မှ စတင်ထိုးနှံပေးနေတာဖြစ်ပါတယ်။
ဦးစားပေးအုပ်စုအလိုက် ဆရာတော်၊ သံဃာတော်များ၊
အသက်(၆၅)နှစ် နှင့်အထက် အဘိုးအဘွားများ၊ နိုင်ငံ့၀န်ထမ်းများ၊ ပရဟိတအသင်း၀င်များ၊ ပုဂ္ဂလိက စက်ရုံ အလုပ်ရုံမှ၀န်ထမ်းများ၊
ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူစုစုပေါင်း (၂၉၃၀)ဦးနှင့် အကျဉ်းသား (၂၉၃) ဦး ဒုတိယအကြိမ် ထိုးနှံပေးပြီး ဖြစ်ပါတယ်။ စဉ့်ကိုင်မြို့နယ် အနေဖြင့် ကာကွယ်ဆေးရောက်ရှိမှု
အပေါ်မူတည်ပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ပလိပ်တိုက်နယ်ဆေးရုံ နှင့် တောမကျေးရွာရှိ ကျောက်ဆည် တက္ကသိုလ်တို့မှာ ဦးတည်အုပ်စု(၃)အုပ်စုခွဲပြီး ကာကွယ်ဆေးထိုးအဖွဲ့ခွဲ၍ စနစ်တကျဆေးထိုးပေးဖို့ စီစဉ်ဆောင်ရွက်သွားပါ့မယ်။
မေး။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာမှာဘယ်လို အခက်အခဲတွေရှိပါသလဲ။
ဖြေ။ ဆေးထိုးတာနှင့်ပတ်သက်ပြီး အခက်အခဲမရှိပါဘူး၊ ၀န်ထမ်းတွေက
လေ့ကျင့်ထားပြီး ဖြစ်ပါတယ်။
ဘယ်နေ့မှာဘယ်နေရာထိုးရမယ်၊ဘယ်ရပ်ကွက်/ကျေးရွာလူတွေထိုးပေးမယ်ဆိုတာအားလုံးစနစ်တကျစီစဉ်ရေးဆွဲလုပ်ဆောင်ထားတဲ့အတွက်အားလုံးအဆင်ပြပါတယ်။
မေး။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးတဲ့သူတွေ အတွက် ကာကွယ်မှုအပြည့်အ၀ ရှိနိုင်ပါသလား။
ဖြေ။ ကာကွယ်ဆေး ဆိုတာ ဘယ်ကာကွယ်ဆေးမှ အပြည့် အ၀ ကာကွယ်နိုင်မှု မရှိပါဘူး။ သို့သော်လည်း ကိုဗစ်ကာကွယ်
ဆေးထိုးသူနဲ့မထိုးသူ တွေမှာ ရောဂါကူးစက်မှု၊ ပြင်းထန်မှု၊ ဆေးရုံတက်ရောက်မှုတွေအပေါ်တွင်
ကွာခြားနိုင်ပါတယ်။ ကာကွယ်ဆေးကို (၂)ကြိမ် ထိုးပြီးပြီဆိုပြီး ပြည်သူတွေ အနေနဲ့ပေါ့ဆလို့
မရပါဘူး။
ပြည်သူတွေအနေနဲ့ ကျန်းမာရေး၀န်ကြီးဌာန က ချမှတ်ထားတဲ့
ကိုဗစ် -၁၉ စည်းမျဉ်း ၊ စည်းကမ်းတွေ၊ ညွှန်ကြားချက်တွေ ကို လိုက်နာဖို့လိုအပ်ပါတယ်။
မေး။ ကိုဗစ် ရောဂါဖြစ်လာခဲ့ရင် ဘယ်လိုနေထိုင် စားသောက်သင့်ပါသလဲ။
ဖြေ။ ကိုဗစ်-၁၉ ရောဂါကို မကြောက်ပါနဲ့၊ မကြောက်ဘဲလည်းမနေပါနဲ့၊ ကူးစက်မြန်ရောဂါဖြစ်တဲ့အတွက်မိမိကိုယ်တိုင်
ကိုယ်ခံအား ကောင်းအောင်နေထိုင်ပါ။ အစားအသောက်ကို
ပုံမှန်အတိုင်း စားသောက်ပြီး နေထိုင်ကြပါ။ အစားအသောက်ကို ရှောင်ရမယ်ဆိုတာ မရှိပါဘူး။
မိမိ၏ အသုံးအဆောင်ပစ္စည်းများကို သီးခြားခွဲထားပါ။ တစ်ကိုယ်ရေသုံးပစ္စည်းများကို မျှဝေသုံးစွဲခြင်းကနေလည်း ရှောင်ကျဉ်ကြရပါမယ်။ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး အတွက် အသိပညာပေးလုပ်ငန်းများ
ဆောင်ရွက်တဲ့ အခါ ညွှန်ကြားချက်တွေကို စနစ်တကျ
လိုက်နာ ဆောင်ရွက်ဖို့လိုပါတယ်။
မေး။ အခြားဖြည့်စွက် ပြောကြားလိုမှုများ ရှိပါက ပြောကြားစေလိုပါတယ်ရှင်။
ဖြေ။ အရာ၀တ္ထုတွေကို ကိုင်တွယ် ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် စနစ်တကျဆေးဖို့ သတိထားပါ။
အပြင်ထွက်တိုင်း( Mask )တပ်ပါ၊ လူစုလူဝေးတွေကို ရှောင်ပါ၊ အရေးမကြီးဘဲအပြင်မထွက်ပါနှင့်၊အခက်အခဲတွေ့သူကိုကူညီပါ၊ စိတ်အားဖြင့် အားပေး ကူညီပါ၊ ငွေအားဖြင့် ဖေးမကူညီပါ၊ စိတ်ဓာတ်မကျပါနှင့် ၊ ကူညီနေတဲ့ မိတ်ဖက် အဖွဲ့အစည်းတွေလည်းရှိပါတယ်။ ကိုဗစ် ရောဂါကို ရင်ဆိုင်ကျော်လွှားနေချိန်မှာ ပြည်သူတွေအနေဖြင့် ကျန်းမာရေး၀န်ကြီးဌာန ၏ လမ်းညွှန်ချက်များ ကိုလည်း လိုက်နာကြရန် လိုအပ်ပါတယ်။ စည်းကမ်းလိုက်နာခြင်းဖြင့် ကိုဗစ်-၁၉ရောဂါဘေးကနေပြီး အမြန်ဆုံးကင်းဝေး လွတ်မြောက်မှာဖြစ်ပါတယ် လို့ပြောကြားလိုပါတယ်။
တွေ့ဆုံမေးမြန်းသူ - ၀င်း၀င်းသန်း (မြို့နယ်ပြန်/ဆက်)
No comments:
Post a Comment