(ယမန်နေ့မှအဆက်)
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် ကြေညာခြင်း
နက်ဆက်အခြေခံဥပဒေ ပုဒ်မ ၅ အရ အောက်ပါအချက်များနှင့် ပြည့်စုံသူများသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည် -
- နက်ဆက်လွှတ်တော်ရွေးကောက်ပွဲ စတင်ကျင်းပရန် သတ်မှတ်ထားသည့်နေ့၌ အသက် (၁၈) နှစ်ပြည့်ပြီးသူ၊ (နှစ်ဆယ့်လေးကြိမ်မြောက် နက်ဆက်လွှတ်တော် ရွေးကောက်ပွဲ အတွက် ၂၀၀၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့နှင့် ၎င်းနေ့မတိုင်မီမွေးဖွားသောသူများ)
- လူဦးရေစာရင်းတွင်ပါဝင်၍ အစ္စရေးနိုင်ငံသားတစ်ဦးဖြစ်ကာ မဲဆန္ဒရှင်စာရင်းတွင် မှတ်ပုံတင်ထားသူ၊ (နှစ်ဆယ့်လေးကြိမ်မြောက် နက်ဆက်လွှတ်တော် ရွေးကောက်ပွဲ အတွက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် နောက်ဆုံးထား၍ မှတ်ပုံ တင်ထားသူ)
- လူဦးရေစာရင်းတွင် အမည်၊ နေရပ်လိပ်စာနှင့်တကွ မှတ်ပုံတင်ထားသော အစ္စရေးနိုင်ငံသား။
မဲဆန္ဒရှင်များအနေဖြင့် မိမိတို့ရောက်ရှိနေထိုင်သည့် နေရပ် လိပ်စာ မှန်/မမှန်ကို အစ္စရေးနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ Website တွင် စစ်ဆေးနိုင်ရန် စီစဉ်ထားရှိပါသည်။ နေရပ်လိပ်စာ ပြင်ဆင်လိုသူများအနေဖြင့် သက်ဆိုင်ရာအထောက်အထားတစ်ခုခု (ဥပမာအားဖြင့် - မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင် စသည်) တို့ကို တင်ပြ၍ အွန်လိုင်းဖြင့် ပြင်ဆင်နိုင်ပါသည်။ ပြည်ထဲရေး ဝန်ကြီးဌာန၏ လူဦးရေစာရင်းကိုအခြေခံ၍ ဗဟိုရွေးကောက်ပွဲကော်မတီက မဲဆန္ဒရှင်စာရင်းကို ပြုစုပါသည်။
မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းတွင် ၎င်းတို့အမည် ပါ/မပါနှင့် မဲပေးရမည့်မဲရုံများစာရင်းကို အင်တာနက်ဖြင့်လည်းကောင်း၊ ဖုန်းဖြင့် လည်းကောင်း၊ ဖက်စ်ဖြင့်လည်းကောင်း၊ SMS စာတိုပေးပို့ခြင်းဖြင့် လည်းကောင်း စုံစမ်းမေးမြန်းကြည့်ရှုနိုင်ပါသည်။ ထိုအချက်အလက် များကို အစ္စရေးနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ Website ပေါ်တွင် ဖော်ပြထားရှိပါသည်။ ရွေးကောက်ပွဲ မတိုင်မီ E-Mail မှတစ်ဆင့်လည်း မဲပေးရမည့်မဲရုံတည်ရှိရာနေရာများကို မဲဆန္ဒရှင်များထံသို့ ပေးပို့ အကြောင်းကြားပါသည်။
ရွေးကောက်ပွဲစနစ်နှင့် မဲဆန္ဒနယ်သတ်မှတ်ခြင်း
အစ္စရေးနိုင်ငံအနေဖြင့် အချိုးကျကိုယ်စားပြု စနစ်ကို ကျင့်သုံးရာတွင် မဲဆန္ဒရှင်များအနေဖြင့် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီကို တိုက်ရိုက်ရွေးချယ်ပေးရခြင်းမဟုတ်ဘဲ မိမိတို့ရွေးချယ် လိုသည့် နိုင်ငံရေးပါတီများကိုသာ ရွေးချယ်မဲပေးရသည့် Closed-List Method ကိုကျင့်သုံး ပါသည်။ နက်ဆက်လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ပေါင်း ၁၂၀ ရှိ၍ အနည်းဆုံးရရှိရမည့် မဲအရေအတွက်သတ်မှတ်ချက် ပြည့်မီကျော်လွန်သော နိုင်ငံရေးပါတီများအနေဖြင့် DYHondt method ကို အသုံးပြု၍ ကိုယ်စားလှယ်နေရာ ခွဲဝေသတ်မှတ်ပါသည်။ နိုင်ငံရေးပါတီများ အနေဖြင့် အနည်းဆုံးရရှိရမည့် မဲအရေအတွက် ပြည့်မီနိုင်ရန်အတွက် နိုင်ငံရေးပါတီအချင်းချင်း မဟာမိတ်ဖွဲ့ခွင့်ကိုလည်း ခွင့်ပြုပေးထားပါသည်။
အစ္စရေးနိုင်ငံ၏ အနည်းဆုံးရရှိရမည့်ခိုင်လုံမဲအရေအတွက် သတ်မှတ်ချက်သည် အခြား နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေကြောင်း တွေ့ရှိရသော်လည်း အစ္စရေးနိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီငယ် များကိုယ်စားပြုခွင့် ပိုမိုရရှိစေရန် ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။ နိုင်ငံရေး ပါတီများသည် ၎င်းတို့ရရှိထားသောခိုင်လုံမဲများမှ ခွဲတမ်းအရ ရရှိမည့်ကိုယ်စားလှယ် နေရာများ ခွဲဝေပြီးနောက်တွင် ပိုနေသေးသည့် ဆန္ဒမဲများလည်းရှိပါသည်။ အကယ်၍ နိုင်ငံရေးပါတီနှစ်ခု အနေဖြင့် ထိုအပိုဖြစ်နေသောဆန္ဒမဲများကို ပေါင်းလိုက်ပါက နောက်ထပ် ကိုယ်စားလှယ် နေရာတစ်နေရာ ထပ်မံရရှိနိုင်ပါသည်။ အပိုဆန္ဒမဲအရေ အတွက် ပိုမိုပါဝင်သောနိုင်ငံရေးပါတီက ထိုထပ်မံရရှိမည့်ကိုယ်စား လှယ်နေရာကို ရရှိမည်ဖြစ်ပါသည်။ မဲဆန္ဒနယ်သတ်မှတ်ရာတွင် တစ်နိုင်ငံလုံးကိုမဲဆန္ဒနယ်တစ်နယ်အဖြစ် သတ်မှတ်ထားရှိပါသည်။
နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်းနှင့် ဆန္ဒမဲလက်မှတ်များ သတ်မှတ်ခြင်း
တစ်နိုင်ငံလုံးကို မဲဆန္ဒနယ်တစ်နယ်အဖြစ် သတ်မှတ်ထားသော ကြောင့် နိုင်ငံရေးပါတီများမှ အဆိုပြုတင်သွင်းသော ကိုယ်စားလှယ်လောင်းများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။ နိုင်ငံရေးပါတီများအနေဖြင့် ၎င်းတို့ရွေးချယ်ထားသော ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်းကို closed List ဖြင့် တင်သွင်းရမည်ဖြစ်ပါသည်။ ဥပဒေပြဋ္ဌာန်းချက်ပါ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိသူများမှအပ အသက် (၂၁) နှစ်ပြည့်ပြီးသော အစ္စရေးနိုင်ငံသားများအားလုံးသည် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိပါသည်။ ထို့အပြင် နိုင်ငံရေးပါတီများအနေဖြင့် ဆန္ဒမဲလက်မှတ် အဖြစ် အသုံးပြုမည့် ပါတီကိုယ်စားပြုစာလုံးနှင့် ပါတီ အမည်တို့ကို ဗဟိုရွေးကောက်ပွဲ ကော်မတီသို့ပေးပို့၍ မှတ်ပုံတင်ထားရှိ ရန်လိုအပ်ပါသည်။ ပါတီအသစ်များအနေဖြင့် တည်ရှိနေပြီးသော ပါတီများ အသုံးပြုပြီးသောစာလုံးများကို အသုံးပြုမည်ဆိုပါက ထိုပါတီထံမှ ခွင့်ပြုချက်ရရှိမှသာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ဗဟိုရွေးကောက် ပွဲကော်မတီအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီအမည်များ၊ ၎င်းတို့ပါတီကိုယ်စားပြု စာလုံးများကို ကော်မတီ Website တွင် ကြေညာထားပါသည်။
ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် ရွေးကောက်ပွဲနေ့၌ ဆန္ဒမဲပေးခြင်း
ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ရောက်ရှိနေသော အစ္စရေးနိုင်ငံ၏ သံရုံးဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များ၊ သင်္ဘောသားများနှင့် ကုန်သွယ်ရေကြောင်း လုပ်ဆောင်နေသော ကုန်သည်များသည် အထွေထွေရွေးကောက်ပွဲ မကျင်းပမီ ၁၂ ရက်ခန့်မှစ၍ ဆန္ဒမဲပေးနိုင်ပါသည်။ တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများအတွက် မဲရုံများကို ရွေးကောက်ပွဲမတိုင်မီ ၇၂နာရီကြိုတင်၍ ဖွင့်လှစ် ပေးထားပြီး ရွေးကောက်ပွဲနေ့ မဲရုံပိတ်ချိန်အထိ မဲပေးနိုင်ပါသည်။
ရွေးကောက်ပွဲနေ့ကို အများပြည်သူရုံးပိတ်ရက်များတွင် ကျင်းပရမည်ဟု ပြဋ္ဌာန်းထားပါသည်။ မဲရုံဖွင့်ချိန်ကို နံနက် ၇ နာရီမှ ည ၁၀ နာရီအထိ သတ်မှတ်ထား၍ ည ၁၀ နာရီထိုးသော်လည်း မဲရုံပရိဝုဏ် အတွင်း ဆန္ဒမဲပေးမည့်မဲဆန္ဒရှင်များကျန်ရှိနေပါက ထိုသူများကို မဲပေး ပြီးသည် အထိ မဲရုံကိုဖွင့်လှစ်ထားရှိပါသည်။ အခြေချနေထိုင်သူ ၃၅၀ ထက် လျော့နည်းသောနေရာများ၊ ဆေးရုံများ၊ အချုပ်ခန်းများ စသည့် နေရရာငယ်များတွင် နံနက် ၈ နာရီမှ ည ၈ နာရီအထိ မဲရုံဖွင့်လှစ်ထား ရှိပါသည်။ ဆေးရုံ၌ဖွင့်လှစ်ထားရှိသော မဲရုံတွင်မဲပေးရန် သတ်မှတ်ထားသည့် အချိန်၌ ဆေးရုံတက်နေသော လူနာများ၊ ဆေးရုံဝန်ထမ်းများအနေဖြင့် လာရောက်မဲပေးနိုင်ခြင်း မရှိပါက မဲရုံပိတ်ချိန်ရောက်သော်လည်း ၎င်းတို့အနေဖြင့် သွားရောက်မဲပေးနိုင်စေရန် အထူးအခြေအနေ တစ်ရပ်အနေဖြင့် ခွင့်ပြုထားပါသည်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်များအနေဖြင့် ၎င်းတို့မှတ်ပုံတင် ထားသောလိပ်စာနှင့် အနီးဆုံးမဲရုံတွင် သွားရောက်မဲပေးရမည်ဖြစ်သည်။ ထိုမဲရုံတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲစာရင်းကို ထိန်းသိမ်းထားရှိပါသည်။ မဲရုံ၌တာဝန်ရှိသူများက မဲဆန္ဒရှင်၏ သက်သေခံကတ်ပြား (နိုင်ငံသား စိစစ်ရေးကတ်၊ ယာဉ်မောင်းလိုင်စင် စသည်) တို့ကို စိစစ်၍ ၎င်းတို့နှင့် သက်ဆိုင်သောမဲရုံတွင် လာရောက်မဲပေးခြင်း ဟုတ်၊ မဟုတ်ကို စစ်ဆေးခြင်း၊ မဲစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်းများ ပြုလုပ်ပြီးနောက် စာအိတ်တစ်အိတ်ကို မဲဆန္ဒရှင်ထံသို့ ပေးအပ်ပါသည်။ လျှို့ဝှက်ဆန္ဒ ပြုရမည့်နေရာတွင် နိုင်ငံရေးပါတီတစ်ခုစီအတွက် ရိုက်နှိပ်ထားသည့် ဆန္ဒမဲလက်မှတ်များကို ထားရှိထားပါသည်။ မဲလက်မှတ်ပေါ်တွင် နိုင်ငံရေးပါတီ၏တရားဝင်အမည်နှင့် သီးသန့်စာလုံး များကို ဖော်ပြ ထားပါသည်။ ပါတီများအနေဖြင့် ရွေးကောက်ပွဲမတိုင်မီ ၎င်းတို့ပါတီ ဆိုင်ရာအချက်အလက်များကို ပြည်သူထံသို့ ဖြန့်ဝေထားရှိရပါသည်။ အများအားဖြင့် ပိုစတာ များကို အသုံးပြုပါသည်။ မဲဆန္ဒရှင်များအနေဖြင့် ၎င်းတို့ရွေးချယ်လိုသော ပါတီအမည်ပါရှိသော မဲလက်မှတ်ကို ရွေးချယ်ပြီး စာအိတ်ထဲသို့ထည့်ကာ ချိပ်ပိတ်ပြီး မဲပုံးထဲသို့ထည့်၍ ဆန္ဒပြုရ ပါသည်။ ထိုစနစ်သည် စာမတတ်သောသူများလည်း အသုံးပြုနိုင်သည့် ရိုးရှင်းသည့်နည်းလမ်း ဖြစ်ပါသည်။
ဆေးရုံများ၊ အချုပ်ခန်းများ၊ နိုင်ငံခြားရှိသံရုံးများ၊ တပ်များ၊ အမျိုးသမီးဂေဟာများ၊ အစ္စရေးသင်္ဘောများ (ဆေးဝန်ထမ်းများ၊ လူနာများ၊ နိုင်ငံခြားသံရုံးဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ နိုင်ငံရပ်ခြားရှိ ဂျူးအေဂျင်စီဝန်ထမ်းများ၊ တပ်မတော်သားများ၊ အကျဉ်းထောင် ရှိဝန်ထမ်းများ၊ သင်္ဘောသားများ၊ အမျိုးသမီးဟာများတွင် အခြေချနေထိုင်သူများအတွက်) စသည့်နေရာများတွင် အထူးမဲရုံများကို ဖွင့်လှစ်ထားရှိပါသည်။ မသန်စွမ်းသူများ လာရောက် မဲပေးနိုင်သော မဲရုံများကိုလည်း နိုင်ငံအနှံ့တွင် ဖွင့်လှစ်ထားရှိပါသည်။
တာဝန်ထမ်းဆောင်နေရသော ရဲဝန်ထမ်းများအနေဖြင့် မည်သည့် မဲရုံတွင်မဆို မဲပေးနိုင်စေရန် စီမံထားရှိပါသည်။ သို့သော်လည်း နှစ်ကြိမ်မဲပေးနိုင်ခြင်းမရှိစေရန်အတွက်မဲရုံများတွင် ထိုဒေသ အတွင်း အခြေချနေထိုင်သည့် ဒေသခံများကို ထည့်သွင်းဖွဲ့စည်းထားရှိ၍ စာအိတ်နှစ်ထပ်ဖြင့် မဲပေးခြင်းကိုလည်း စီစဉ်ဆောင်ရွက်ထားပါသည်။
စာအိတ်နှစ်ထပ်ဖြင့်မဲပေးခြင်းဆိုသည်မှာ ဆေးရုံများ၊ မသန်စွမ်းသူများအတွက် ဖွင့်လှစ်ထား သည့်မဲရုံများ၊ နိုင်ငံရပ်ခြားရှိမဲရုံများ စသည့် အထူးမဲရုံများ၌ မဲဆန္ဒရှင်များအနေဖြင့် မှတ်ပုံတင် ထားခြင်းမရှိဘဲ မဲပေးရာတွင် ၎င်းတို့ဆန္ဒပြုရွေးချယ်ထားသော နိုင်ငံရေး ပါတီအမည်ပါဝင်သည့် ဆန္ဒမဲလက်မှတ်ထည့်သွင်းထားသည့် စာအိတ်နှင့် ၎င်းတို့၏မဲဆန္ဒရှင်အမှတ်၊ နေရပ်လိပ်စာများ ကို ရေးသားထားသောစာရွက်တို့ကို စာအိတ်အကြီးထဲသို့ စုပေါင်းထည့်သွင်း၍ မဲပေးရခြင်း ဖြစ်ပါသည်။ မဲနှစ်ကြိမ်ပေးခြင်းမရှိနိုင်စေရန် ထိုသို့ဆောင်ရွက်ရခြင်းဖြစ်ပါသည်။ လျှို့ဝှက် မဲပေးခြင်းစနစ်ကို မထိခိုက်စေရန်အတွက် စာအိတ်နှစ်ထပ်ဖြင့်ပေးထားသောမဲများကို နက်ဆက်လွှတ်တော်တွင်သာ ဖွင့်ဖောက်ရေတွက်ခြင်း ပြုလုပ်ပါသည်။
မဲရေတွက်ခြင်းနှင့်မဲရလဒ်များကြေညာခြင်း
ပုံမှန်အားဖြင့် မဲရုံပိတ်ချိန်တွင် မဲရုံဝန်ထမ်းများအနေဖြင့် မဲလက်မှတ်များကို မဲရုံ၌ပင်ရေတွက်၍ ရလဒ်များနှင့် မဲလက်မှတ်များ ပါဝင်သောမဲပုံးများကို တစ်နိုင်ငံလုံးတွင်ဖွင့်လှစ်ထားရှိသော မဲရေတွက်စင်တာ ၂၅ ခုထဲမှ အနီးဆုံးတစ်ခုသို့ ပို့ဆောင်ပါသည်။ ထိုမဲရေတွက်စင်တာတွင် မဲမသမာမှုများ ရှိ/ မရှိစစ်ဆေး၍ ဗဟို ရွေးကောက်ပွဲကော်မတီရှိ software စနစ်သို့ ထည့်သွင်းပါသည်။ ထို Software သည် မည်သည့် Internet နှင့်မျှ ချိတ်ဆက်ထားခြင်း မရှိသည့် closed System ဖြစ်ပါသည်။ ထို software က မဲမသမာမှုများ ရှိ၊ မရှိကို ထပ်မံစစ်ဆေးပါသည်။ အကယ်၍ မသမာမှုများ ရှိသည်ကို software ကရှာဖွေတွေ့ရှိပါက မဲရေတွက်စဉ်ကရှိနေခဲ့သည့် ဒေသကိုယ်စားပြုတရားသူကြီး၏ရှေ့မှောက်တွင် ထိုအမှုကို ကြားနာ ၍ စီရင်ချက်ချပါသည်။ မဲရလဒ်များကို ဗဟိုရွေးကောက်ပွဲကော်မတီက အတည်ပြုကြေညာပါသည်။ စာအိတ်နှစ်ထပ်ဖြင့် ပေးထားသောမဲများကို နက်ဆက်လွှတ်တော်တွင်သာ ဖွင့်ဖောက်ရေတွက်ပါသည်။ အဖွဲ့ တစ်ဖွဲ့ က စာအိတ်အကြီးထဲတွင်ပါရှိသည့် မဲဆန္ဒရှင်၏အချက် အလက်များနှင့် ၎င်းတို့မဲပေးရမည့်မဲရုံမှ မဲဆန္ဒရှင်စာရင်းတို့ကို တိုက်ဆိုင်စစ်ဆေးပါသည်။ မဲနှစ်ကြိမ်ပေးပြီးဖြစ်ပါက ၎င်းတို့အမည် ကို မျဉ်းသား၍ခြစ်ပစ်ပါသည်။ ထိုသို့မဟုတ်ပါက ဆန္ဒမဲလက်မှတ် ပါဝင်သောစာအိတ်ကို အခြားအဖွဲ့ တစ်ဖွဲ့သို့ပေး၍ ထိုအဖွဲ့က ဖွင့်ဖောက်၍ မဲရေတွက်ပါသည်။ ထိုနည်းအားဖြင့် လျှို့ဝှက်ဆန္ဒမဲ ပေးခြင်းစနစ်ကို ထိန်းသိမ်းထားရှိပါသည်။
အချိုးကျကိုယ်စားပြုတွက်ချက်ပုံ
(၂၄ ကြိမ်မြောက် နက်ဆက်လွှတ်တော်ရွေးကောက်ပွဲ)
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း - ၆၅၇၈၀၈၄ ဦး
ခိုင်လုံမဲ - ၄၄၁၀၀၅၂
ကိုယ်စားလှယ်နေရာရရှိရန် - ခိုင်လုံမဲ ၄၄၁၀၀၅၂ ၏ ၃.၂၅ %
ပါတီများအနေဖြင့် = ၁၄၃၃၂၇
အနည်းဆုံးလိုအပ်သည့် ခိုင်လုံမဲအရေအတွက်
ကိုယ်စားလှယ်တစ်နေရာအတွက် -
ခိုင်လုံမဲ ၄၄၁၀၀၅၂
နက်ဆက်လွှတ်တော် ကိုယ်စားလှယ်တော် ကိုယ်စားလှယ်အရေအတွက် (၁၂၀)
= ၃၆၂၁၀ မဲ
စုစုပေါင်းခိုင်လုံမဲအရေအတွက် ၁၄၃၃၂၇ နှင့်အထက် ရရှိထားသော နိုင်ငံရေးပါတီများသည် ၎င်းရရှိထားသောစုစုပေါင်းခိုင်လုံ မဲထဲမှ ၃၆၂၁၀ မဲအတွက် ကိုယ်စားလှယ်နေရာ တစ်နေရာ ရရှိမည် ဖြစ်ပါသည်။
၂၀၂၁ ခုနှစ် အစ္စရေးနိုင်ငံရွေးကောက်ပွဲ
အစ္စရေးနိုင်ငံ၏ နက်ဆက်လွှတ်တော်ရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့က ကျင်းပခဲ့ပါသည်။ နှက်ဆက်လွှတ်တော် ကိုယ်စားလှယ်နေရာ ၁၂၀ အတွက် ကျင်းပခြင်း ဖြစ်ပါသည်။ ထိုရွေးကောက်ပွဲမှာ နှစ်နှစ်အတွင်းလေးကြိမ်မြောက် ကျင်းပသော ရွေးကောက်ပွဲ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် Haredi Judaism (အကြမ်းဖက်မှုနှင့် စစ်ပွဲများကို ဆန့်ကျင်သည့် ဂျူးလူမျိုး) များ တပ်မတော်တွင် မဖြစ်မနေစစ်မှုထမ်းရမည့် ကိစ္စနှင့်စပ်လျဉ်း၍ လည်းကောင်း၊ အကျင့်ပျက်ခြစားမှုနှင့် စပ်လျဉ်း၍လည်းကောင်း အစိုးရအဖွဲ့အတွင်း အငြင်းပွား မှုများကို ဖြေရှင်းနိုင်ခြင်းမရှိသည့်အဆုံး အစိုးရအဖွဲ့ ကိုဖျက်သိမ်း၍ ၂၀၁၉ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် (၂၁) ကြိမ်မြောက်နက်ဆက်လွှတ်တော်ရွေးကောက်ပွဲကို ကျင်းပ ခဲ့ပါသည်။ သို့သော်လည်း ၂၀၁၉ ခုနှစ် မေလတွင် ဝန်ကြီးချုပ်ရာထူး ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ ပြဿနာ တစ်ရပ်ဖြစ်ပေါ်သောကြောင့် လွှတ်တော်ကို ဖျက်သိမ်းခဲ့ကြပါသည်။ ထို့ကြောင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် (၂၂) ကြိမ်မြောက် နက်ဆက်လွှတ်တော် ရွေးကောက်ပွဲကို ထပ်မံကျင်းပ ခဲ့ပါသည်။ အနိုင်ရပါတီနှစ်ခုအကြား သဘောထားကွဲလွဲမှုများထပ်မံဖြစ်ပွားခဲ့သောကြောင့် (၂၂) ကြိမ်မြောက်လွှတ်တော်ကိုလည်း ထပ်မံဖျက်သိမ်းခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် မတ်လ ၂ ရက်နေ့တွင် (၂၃) ကြိမ်မြောက် နက်ဆက် လွှတ်တော်ရွေးကောက်ပွဲကို ထပ်မံကျင်းပ ခဲ့ပြီးနောက် Likud ပါတီနှင့် Blue and White ပါတီတို့အကြား သဘောတူ လက်မှတ် ရေးထိုးထားသော မဟာမိတ်ဖွဲ့စည်းခြင်း သဘောတူညီချက်အရနောက် ၃၆ လ အကြာတွင် ရွေးကောက်ပွဲကို ကျင်းပရန်ဖြစ်သော်လည်း နက်ဆက်လွှတ်တော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ အစ္စရေးနိုင်ငံ၏ နိုင်ငံတော်ဘဏ္ဍာငွေအသုံးစရိတ်ကို အတည်ပြု နိုင်ခြင်းမရှိသည့်အခြေအနေကြောင့် ဥပဒေတွင်ပြဋ္ဌာန်းထားသည့် အတိုင်း နက်ဆက်လွှတ်တော် ကို ဖျက်သိမ်း၍ ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ရွေးကောက်ပွဲကိုကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် (၂၄) ကြိမ်မြောက် နက်ဆက်လွှတ်တော်ရွေးကောက်ပွဲသည် နှစ်နှစ်အတွင်း လေးကြိမ်မြောက်ကျင်းပသော ရွေးကောက်ပွဲဖြစ်လာခဲ့ပါသည်။
၂၀၂၁ ခုနှစ် နက်ဆက်လွှတ်တော်ရွေးကောက်ပွဲတွင် ထူးခြားချက်အနေဖြင့် အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် မဲရေတွက်ရာတွင် မဲအပိုများကို ပေါင်းစပ်၍ရေတွက်ခြင်း သဘော တူညီချက် (Surplus Vote Agreements) ကို ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲတွင် အသုံးပြု ခဲ့ခြင်းဖြစ်ပါသည်။ Suplus Vote Agreements ကို အသုံးပြုနိုင်ရန်အတွက် ၃ဒသမ ၂၅ ရာခိုင်နှုန်းနှင့်အထက် ခိုင်လုံမဲရရှိထားသော နိုင်ငံရေးပါတီများ၏ ခိုင်လုံမဲစုစုပေါင်းကို အထက်တွင် ဖော်ပြခဲ့သောနည်းအတိုင်း တွက်ချက်၍ ကိုယ်စားလှယ်နေရာများကျန်ရှိနေပါက - Surplus Vote Agreement လုပ်ထားသော နိုင်ငံရေးပါတီနှစ်ခု၏ ကျန်ရှိနေသောမဲ
ထိုပါတီနှစ်ခုမှ ရရှိထားသောကိုယ်စားလှယ်နေရာအရေအတွက်+၁
ကိုအသုံးပြု၍ တွက်ချက်ပြီး အများ၊ အနည်းလိုက်စီကာ ကျန်ရှိနေသော ကိုယ်စားလှယ် နေရာများ ခွဲဝေနိုင်ရေးကို ထပ်မံတွက်ချက်ပါသည်။ Surplus Vote Agreement လုပ်ထားသော နိုင်ငံရေးပါတီများအနေဖြင့် ထပ်မံရရှိလာသော ကိုယ်စားလှယ်နေရာခွဲဝေရာတွင် ကျန်ရှိနေသော မဲအရေအတွက်ပိုမိုများသည့်ပါတီက ကိုယ်စားလှယ်နေရာပိုမိုရရှိမည် ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၂ ခုအနေဖြင့် Surplus Vote Agreement ပြုလုပ်ခဲ့ကြပါသည်။ ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီများအနေဖြင့် ပါတီခေါင်းဆောင်ရွေးချယ်ခြင်း ရွေးကောက်ပွဲများနှင့် ပါတီများမှတင်သွင်းမည့် ကိုယ်စားလှယ် လောင်းများရွေးချယ်ခြင်း ရွေးကောက်ပွဲများကို ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံရေးပါတီပေါင်း ၃၉ ပါတီမှ ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပါတီ ၁၃ ခုက လွှတ်တော် ကိုယ်စားလှယ်နေရာများကို အသီးသီးခွဲဝေရရှိခဲ့ပါသည်။ ကိုယ်စားလှယ် နေရာအများဆုံး ၃၀ နေရာကိုမူ Likud ပါတီမှ ရရှိခဲ့ပါသည်။
၂၀၂၁ ခုနှစ် ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိသည့် မဲဆန္ဒရှင်စုစုပေါင်း ၆၅၇၈၀၈၄ ဦးအနက် ၄၄၃၆၃၆၅ ဦး လာရောက်မဲပေးခဲ့ကြသည့်အတွက် မဲပေးခဲ့သည့်ရာခိုင်နှုန်း မှာ ၆၇ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ပါသည်။ ခိုင်လုံမဲစုစုပေါင်း ၄၄၁၀၀၅၂ မဲ ရရှိ ခဲ့ပါသည်။ မဲရုံပေါင်း ၁၃၆၈၅ ရုံဖွင့်လှစ်ထားရှိခဲ့ပါသည်။ ထူးခြားဖြစ်စဉ်အနေဖြင့် မဲရုံများတွင် ကင်မရာများ တပ်ဆင်ထားမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်လွှာတင်သွင်းမှုများရှိခဲ့ပါသည်။ ၂၀၂၁ ခုနှစ် နက်ဆက် လွှတ်တော်ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် အလှည့်ကျတာဝန်ထမ်းဆောင်သည့်စနစ်ဖြင့် တာဝန်ထမ်းဆောင်မည့် အစိုးရအဖွဲ့ကို တရားဝင် ဖွဲ့စည်းနိုင်ခဲ့ပါသည်။
နိဂုံး
နိဂုံးချုပ်အားဖြင့် အစ္စရေးနိုင်ငံသည် အနောက်အာရှနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများထဲ၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအမြင့် ဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ပညာရေးအခြေအနေအားဖြင့် အဆင့်မြင့်ပညာရေးစနစ်ကိုကျင့်သုံး၍ ပညာရည်မြင့်မားသည့် လူမှုအသိုက် အဝန်းတစ်ခုကို တည်ဆောက်လျက်ရှိသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါသည်။ လူ့စွမ်းအားအရင်းအမြစ်နှင့် မြင့်မားသည့် နည်းပညာများ၏ ကျောထောက်နောက်ခံပြုကာ စီးပွားရေးကဏ္ဍများကို အရှိန် အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန် တည်ဆောက်လျက်ရှိသကဲ့သို့ စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင်လည်း ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ အစ္စရေးနိုင်ငံသည် စစ်ပွဲများအချိန်မရွေးဖြစ်ပွားနေသည့်နိုင်ငံ ဖြစ်သောကြောင့် စစ်ရေးအခြေအနေအရ ငြိမ်သက်မှုမရှိသော်လည်း တည်ငြိမ်သည့်နိုင်ငံရေး အခြေအနေဖြစ်ပေါ်လာရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာ များကို ခွဲဝေကျင့်သုံး လျက်ရှိပါသည်။ ၎င်းတို့နိုင်ငံနှင့် သင့်လျော်သောအချိုးကျ ကိုယ်စားပြု စနစ်ကိုကျင့်သုံးကာ ရွေးကောက်တင်မြှောက်ထားသော နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များဖြင့် ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်းကာ ဒီမိုကရေစီစနစ်ရှင်သန် ထွန်းကား ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။ ။
Ref:
https://en.wikipedia.org/wiki/Israel https://en.wikipedia.org/wiki/April_2019_Israeli_legislative_election https://en.wikipedia.org/wiki/September_2019_Israeli_ legislative_election https://en.wikipedia.org/wiki/2020_Israeli_legislative_ election https://en.wikipedia.org/wiki/2021_Israeli_legislative_ election https://en.wikipedia.org/wiki/Thirty-sixth_government_ of_Israel https://knesset.gov.il/description/eng/eng_mimshal res24.htm https://bechirot24.bechirot.gov.il
ရှင်ကုကူး
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
No comments:
Post a Comment