Thursday, September 9, 2021

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ် ဝန်ကြီးချုပ်တက်ရောက်


 




ဟားခါး စက်တင်ဘာ ၉

 

 

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က အသက် (၆၅)နှစ်နှင့် အထက်ရှိသူများနှင့် ဦးစားပေးအုပ်စုများအား ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမှုအပေါ် မြို့နယ်အလိုက် ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း ၊ ချင်းပြည်နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုလျော့ကျလာသည့်အတွက် ပြည်နယ်အတွင်း Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားသည့် မြို့နယ် ၅ မြို့နယ်အား စက်တင်ဘာလကုန်တွင် Stay at Home မြို့နယ်များမှ ဖြေလျှော့ပေးနိုင်ရေးအတွက် ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်ကြရန် လိုကြောင်း ၊ ကိုဗစ်−၁၉ ရောဂါသံသယရှိသူများ အား Test Kit ဖြင့် အလွယ်တကူ စစ်ဆေးနိုင်ရေးအတွက် မြို့နယ်အားလုံးတွင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသလို ဟားခါးမြို့တွင်လည်း ပြည်သူ့ဆေးရုံ ၊ အ.ထ.က (၂) ၊ အထက (၃) နှင့် နူးနူးခန်းမတွင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းဖြင့် အမှာစကားပြောကြားသည်။

 

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်−၁၉ ရောဂါ ကာကွယ် ၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများ ၊ မြို့နယ်အလိုက် အသက် (၆၅)နှစ်နှင့်အထက်ရှိသူများနှင့် ဦးစားပေးအုပ်စု များအား ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမှု ၊ Test Kit ဖြင့် ကိုဗစ်−၁၉ ရောဂါစစ်ဆေးပေးမှု အခြေအနေနှင့် အောက်ဆီဂျင်ရရှိ ၊ သုံးစွဲမှုနှင့် သိုလှောင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် ၊ စီးပွားရေးဝန်ကြီး ဦးဟန်ကျင့်ဇမ်း ၊ လူမှုရေးရာဝန်ကြီး ဦးနေလင်း ၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒိုကျင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်း တို့က အကြံပြု ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment