(ယမန်နေ့မှအဆက်)
သုတေသီတွေ မွေးထုတ်
မြန်မာနိုင်ငံရဲ့ တက္ကသိုလ်တွေကိုကြည့်ရင် တက္ကသိုလ်များတည်ရှိရာ ဒေသဟာ ကြွယ်ဝမှု အသီးသီး ပိုင်ဆိုင်ထားကြပါတယ်။ နိုင်ငံရဲ့ အနောက်ဘက်ပိုင်း၊ တောင်ဘက် ပိုင်းမှာရှိတဲ့ တက္ကသိုလ်တွေဟာ ပင်လယ်ကမ်းရိုးတန်းနဲ့ ရေ၊ မြေ၊ သား၊ ငါးပေါကြွယ်ဝတဲ့၊ မိုးများတဲ့ ဒေသတွေမှာ ရှိကြပါတယ်။ ဒီတက္ကသိုလ်တွေက ပင်လယ်ကမ်းရိုးတန်းရဲ့ ကြွယ်ဝမှု၊ တချို့ဒေသတွေမှာဆိုရင် ကမ်းလွန်ဒေသ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တွေကိုပင် နားလည်အောင် သုတေသန ပြုကြရမယ်။ တီထွင်ဆန်းသစ်မှု၊ ထပ်ဆင့်တန်ဖိုးမြင့် သုတေသနတွေကို လုပ်ကြရင်း အဲဒီဒေသမှာပဲ အလုပ်လုပ်မယ့်ဘွဲ့ရတွေ ပြောင်မြောက်တဲ့ သုတေသီတွေ မွေးထုတ်ပေးရမှာ ဖြစ်ပါတယ်။ ဘဝသစ်ဖန်တီးနိုင်ဖို့ လူ့အဖွဲ့အစည်း အတွင်းမှာ မရှိသေးတဲ့ နည်းပညာတွေနဲ့ ကျွမ်းကျင် မှုအဖုံဖုံကို တက္ကသိုလ်တွေက ဆောင်ကြဉ်းပေးရ ပါလိမ့်မယ်။ ။
မြစ်ကြီးနား တက္ကသိုလ်ဟာ ကချင်ပြည်နယ်ရဲ့ ကြွယ်ဝမှုကို နက်နက်နဲနဲ နားလည်ပြီး လူထုကို လွှဲပြောင်းပေးနိုင်ရင် ကချင်ပြည်နယ်မှာ မြစ်ကြီးနား တက္ကသိုလ်ရှိနေခြင်းဟာ အဓိပ္ပာယ်ပို၍ ရှိလာမှာ ဖြစ်ပါတယ်။
စီးပွားဖြစ်မည့် လုပ်ငန်းတွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ သုတေသနတွေကို မြစ်ကြီးနားတက္ကသိုလ်က ဖြည့်ဆည်း ပေးရလိမ့်မယ်။ အဲဒီလိုဆိုရင် မြစ်ကြီးနား တက္ကသိုလ်ဟာ ကချင်ပြည်နယ် လူ့အဖွဲ့ အစည်းရဲ့ အရင်းအမြစ်ပဲ။ ဒီလူ့အဖွဲ့ အစည်းဟာလည်း မြစ်ကြီးနားတက္ကသိုလ်ရဲ့ အရင်းအမြစ် ဖြစ်ပြီမို့ တက္ကသိုလ်နဲ့ လူ့အဖွဲ့ အစည်းဟာ တစ်သားတည်း ဖြစ်လာမှာဖြစ်ပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာ မြစ်ကြီးနား ဒီဂရီကောလိပ်သာမက မြစ်ကြီးနား တစ်မြို့လုံးအတွက် ဒီဇယ်အင်ဂျင်စက်တွေနဲ့မောင်းပြီး လျှပ်စစ်ဓာတ်အားကို ဖြည့်ခဲ့ရပါတယ်။ မဲဇာတောင်ခြေ တစ်ဝိုက်မှာ ကုန်တင်၊ လူတင်၊ ဒီဇယ်တင်ရထားတွေဟာ နှစ်စဉ်နှစ်တိုင်း တိမ်းမှောက်ခဲ့ ချော်ခဲ့လေ့ရှိပါတယ်။ သိပ္ပံနှင့်နည်းပညာ ရှုထောင့်ကကြည့်ရင် ကချင်ပြည်နယ်အတွက် အဏုမြူ ဓာတ်ပေါင်းဖို တည်ဆောက်ပြီး လျှပ်စစ်ဓာတ်ဖြန့်ဖြူးဖို့ မရည်ရွယ်ပါဘူး၊ ကျောက်မီးသွေးစက်ရုံ တည်ဆောက်ပြီး လျှပ်စစ်ဓာတ် ထုတ်မယ်ဆိုရင်လည်း ဂျပန်နည်းပညာမျိုးရဖို့ မြစ်ကြီးနား တက္ကသိုလ်အပါအဝင်၊ နည်းပညာတက္ကသိုလ်တွေက တာဝန်တွေ ယူသင့်တယ်လို့လည်း ဆိုလိုခြင်းလည်းမဟုတ်။
တိုးတက်ရာ လမ်းကြောင်း
ဧရာဝတီမြစ်ကို အကြောင်းပြုပြီး ရေအားလျှပ်စစ် ထုတ်ယူခြင်းဟာ ကချင်ပြည်နယ်အတွက် တိုးတက်ရာ လမ်းကြောင်းပဲလို့ သိပ္ပံနှင့်နည်းပညာရှုထောင့်က ပြောရမှာဖြစ်ပါတယ်။ မြန်မာ့ တံခါးကိုဖွင့် “အပြင်မှာဘာတွေဖြစ်နေသလဲ”လို့ ကြည့်တဲ့အခါ သိပ္ပံနဲ့ နည်းပညာဟာပို၍ အခရာကျတာ တွေ့ရမှာ ဖြစ်ပါတယ်။ ။
ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနဲ့ သံလွင်မြစ် တစ်ဝိုက်ကတက္ကသိုလ်သည်လည်းကောင်း၊ ထားဝယ်တက္ကသိုလ်သည် လည်းကောင်း၊ ကျိုင်းတုံတက္ကသိုလ်သည် လည်းကောင်း၊ စစ်တွေတက္ကသိုလ် သည် လည်းကောင်း ထူးချွန်ပြောင်မြောက်တဲ့ သုတေသီတွေကို မွေးထုတ်ပေးနိုင်မှ လူထုရဲ့ လူမှုစီးပွားဘဝ သာယာဝပြောလာမှာ ဖြစ်ပါတယ်။
ကချင်၊ ကရင်၊ ကယား၊ ချင်းနဲ့ ရှမ်းကုန်းပြင်မြင့် ဒေသတွေမှာရှိတဲ့ တက္ကသိုလ်တွေကလည်း တိုင်းရင်းသား စာပေ၊ ဂီတ၊ ယဉ်ကျေးမှုနဲ့ သေအလိုက်ရှိနေတဲ့ ကျောက်သံပတ္တမြား၊ ရေမြေ တောတောင်ကထွက်ရှိတဲ့ စိုက်ပျိုးသီးနှံအထိ၊ ရိုးရာနည်းပညာမှသည် လက်ငင်း အကျိုး ဖြစ်ထွန်းမယ့် အလားအလာ အကောင်းဆုံးသော စက်မှုအရင်းအမြစ်ဆီသို့ တွန်းပို့ပေးနိုင်မယ့် တက္ကသိုလ်များအဖြစ် ပြောင်းလဲကြရမှာဖြစ်ပါတယ်။ သဘာဝဝန်းကျင်ကိုကြည့်ရင် အရင်းအမြစ် ကိုယ်နှိုက်ကိုက ဆက်သွယ်ပေါင်းစည်းမှု တစ်ရပ်ဖြစ်ပါတယ်။ သီးခြားစီ မဟုတ်ဘဲ အခြေခံကျတဲ့ အရင်းအမြစ်တွေဟာ အမျိုးစုံအမယ်စုံ ဆက်စပ်ယှက် နွယ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် တက္ကသိုလ်တွေဟာ ဝိဇ္ဇာသိပ္ပံပဲဖြစ်စေ၊ နည်းပညာတက္ကသိုလ် ပဲဖြစ်စေ၊ ကွန်ပျူတာ တက္ကသိုလ်ပဲဖြစ်စေ၊ နေရာဒေသကိုအကြောင်းပြုရင် တစ်ခုနဲ့တစ်ခု တူညီစရာ မလိုတော့ပါဘူး။ ဥပမာ-မော်လမြိုင်၊ မြိတ်၊ ထားဝယ်နဲ့ စစ်တွေတက္ကသိုလ်တွေမှာ Faculty of Marine Science ထူထောင်ကြရမှာ ဖြစ်တယ်။ မော်လမြိုင်တက္ကသိုလ်ကဲ့သို့ ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်မှာ တည်ရှိတဲ့ တက္ကသိုလ်တွေမှာ ဖွဲ့စည်းသည့် Faculty အမျိုးအစားတွေ ဟာ တောင်တန်းဒေသတွေ မှာရှိတဲ့ တက္ကသိုလ်တွေရဲ့ Faculty အမျိုးအစား တွေနဲ့တူနေဖို့ဆိုတာ သဘောသဘာဝအရ မဖြစ်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။
တူစရာမလိုဘူး
တူစရာမလိုဘူးဆိုတာ ထင်ရှားပါတယ်။ တက္ကသိုလ်တစ်ခုနှင့် တစ်ခုတူညီနေခြင်းဟာ ဆရာ ဆရာမများ (Faculty member) အရွှေ့အပြောင်းများ ရာထူးတိုးမြှင့်ရေးနှင့် အရည်အသွေး မြင့်မားရေးအထိ အခက်အခဲ ဖြစ်စေပါတယ်။ ဒေသတစ်ခုမှာရှိတဲ့ တက္ကသိုလ်မှာ ဆရာ ဆရာမ ခန့်ထားရေးဟာလည်း အဆင့်မြင့်ပညာဦးစီးဌာနမှာ အခက်အခဲ ရှိစေပါတယ်။ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ သို့သော် တက္ကသိုလ်တိုင်းမှာတော့ Faculty လေးခု အနည်းဆုံးရှိမှ တက္ကသိုလ် မည်မှာ ဖြစ်ပါတယ်။
တက္ကသိုလ်တွေမှာ Faculty တွေ တည်ထောင်သင့်တဲ့ ရည်ရွယ်ချက်ကတော့ သင်ကြားမှု၊ သင်ယူမှုနဲ့ဒေသရဲ့ လိုအပ်တဲ့သုတေသနတို့ကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆည်းပူး ဆောင်ရွက်ဖို့ ပါပဲ။ ဒါ့အပြင် နိုင်ငံတစ်နံတစ်လျားမှာ ဒေသလိုအပ်ချက်ကို အလျင်အမြန် ဖွံ့ဖြိုး တိုးတက်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ တက္ကသိုလ်ကောလိပ်များနဲ့ ကထိကတွေ၊ ပါမောက္ခတွေနဲ့ မဟာဌာန မှူးတွေက မျိုးဆက်သစ်လူငယ်များ အပေါ်မှာထားတဲ့ စေတနာဟာ အလုပ်တစ်ခုခုရရှိ သွားစေဖို့ လောက် မျှော်မှန်းချက် မဟုတ်ဘဲ သူတို့ကို Creative ဖြစ်အောင်၊ Inventive, innovative ဖြစ်အောင်၊ sill based စီးပွားရေးသို့ ပြောင်းလဲသွားအောင် ဒေသအသီးသီးရဲ့ ပလက်ဖောင်းသစ်ပေါ်သို့ တင်ပို့ပေးရမှာ ဖြစ်ပါတယ်။ ဒီလို ထူထောင်ခြင်း အားဖြင့် ဒေသအလိုက် Highly qualified, highly skilled လူ့စွမ်းအားအရင်းအမြစ်တွေ ဆတက်ထမ်းပိုးပေါ်လာမှာ ဖြစ်ပါတယ်။
ကောင်းပါပြီ၊ ဒီဆောင်းပါးကို ဒီလို နိဂုံးချုပ်ချင်ပါတယ်။ မြန်မာနိုင်ငံ တက္ကသိုလ်တွေဟာ နေရာဒေသကို အကြောင်းပြုရင်၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်ကြီးကဲ့သို့ တစ်ထေရာတည်း တူညီစရာမလိုတော့ဘဲ တီထွင်ဖန်တီး ဆန်းသစ်နိုင်တဲ့ ပညာရပ်တွေကို တက္ကသိုလ်မှာ ရှာဖွေကြပြီး ကိုယ့်ဒေသလိုအပ်ချက်ကို ဦးစွာ ဖြည့်ဆည်းပေးနိုင်ခြင်းဟာ တက္ကသိုလ်အဆင့်ကို မြင့်မားလာစေ နိုင်ပါတယ်။
စိန်ခေါ်မှုအပေါင်းနဲ့ ရင်ဆိုင်
ပညာစီးပွားခေတ်ကြီးထဲမှာ နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ ကမ္ဘာ့ဒေသ အသီးသီးဟာ စိန်ခေါ်မှု အပေါင်းနဲ့ ရင်ဆိုင်ကျော်လွှား ရပ်တည်နိုင်ဖို့ လူတန်းစားအလွှာ အသီးသီးထဲက တစ်ဦးချင်း တစ်ယောက်ချင်းစီပင် အားထုတ်နေ ကြရလိမ့်မယ်။
လူသားအရင်းအမြစ်ရဲ့ အရည်အသွေး၊ အရည်အချင်း၊ ကြံရည်ဖန်ရည်။ စိတ်ကောင်း စေတနာကောင်းနဲ့ စွမ်းဆောင်ရည်၊ တရားမျှတမှုနဲ့ ကိုယ်ချင်းစာတရားတွေကို တိုးတက်ပွား များအောင် ဆောင်ကြဉ်း ပေးခြင်းဖြင့် အေးချမ်းသာယာတဲ့ လူမှုဘဝကို တည်ဆောက် နိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် မြန်မာ့တက္ကသိုလ်များဟာ ပညာရေးခရီးကို ဆက်ကြရာမှာ၊ မြန်မာနိုင်ငံ မြောက်မှ တောင် အရှေ့မှအနောက် အလွန်တရာလှပတဲ့ တိုင်းရင်းသား ညီအစ်ကိုတွေရဲ့ ယဉ်ကျေးမှု အမွေအနှစ်၊ စာပေနှင့်ဂီတ၊ နိုင်ငံရဲ့ အလှအပ မှန်သမျှကို ဖော်ထုတ်ကျူးရင့်သီဆိုကာ ပို၍လှပသည်ထက် လှပအောင် ရနံ့သင်းပြီး ပန်းပေါင်းစုံဖူးပွင့်မယ့် ဧရာမဥယျာဉ် ကြီးဖြစ်အောင် ပြည်ထောင်စုကြီးရဲ့ လိုအင်တွေနဲ့ ထင်ဟပ်မယ့် ခရီးရှည်ကြီးမှာ မျိုးဆက်သစ် ကျောင်းသားလူငယ်တွေ၊ သရုပ်ပြအဆင့်မှ ပါမောက္ခချုပ်အဆင့်ထိ တာဝန်ယူမယ့် ပညာရေးဝန်ထမ်း အသီးသီးနဲ့ မိဘပြည်သူတစ်ရပ်လုံး ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ။
ဒေါက်တာမောင်ကျော်
ပါမောက္ခချုပ်(ငြိမ်း)
No comments:
Post a Comment