Wednesday, August 18, 2021

တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၂၀၀)ဉီးခန့် ထားရှိနိုင်မည့် Quarantine Center တည်ဆောက်လျက်ရှိ

 



တာချီလိတ်    ဩဂုတ်  ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊     တာချီလိတ်မြို့နယ်တွင်    ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂၀၀)ဉီးခန့်    ထားရှိနိုင်မည့် Quarantine Center ကို စံလင်းဖြိုး ကုမ္ပဏီ မှ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ Quarantine Center ကို တာချီလိတ်မြို့နယ်၊ စံလင်းဖြိုးကုမ္ပဏီမှ ဆောက်လုပ်လှူဒါန်းကာ တာချီလိတ်မြို့နယ်၊ ဆေခမ်းရပ်ကွက်၊ ဟောင်လိတ်စက်မှုဇုန် မိုင်းဖုန်းသွားလမ်းမကြီး၊ ယခင် ဉီးထွန်းအောင် တံတားအနီးတွင် တည်ရှိပြီး ၎င်းစင်တာ၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၂၀၀)ဉီးခန့်အား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကာ လူတစ်ဉီးချင်းစီအတွက် တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ အိပ်ယာခင်း၊ မွေ့ယာ၊ စောင်၊ ခေါင်းအုံးများ စီစဉ်ထားရှိခြင်းနှင့် သန့်စင်ခန်းများ စနစ်တကျဆောက်လုပ်ပေးလျက်ရှိကာ တည်ဆောက်ပြီးစီးမှုမှာ ၉၀ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်းနှင့် ရာနှုန်းပြည့်ပြီးစီးပါက ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီထံသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း  စံလင်းဖြိုးကုမ္ပဏီ  ပိုင်ရှင် ဉီးအားတီ ထံမှ သိရသည်။

တာချီလိတ်မြို့သည် ဇူလိုင်လ ၁၃ ရက်နေ့မှစတင်၍ Stay at Home ကြေညာထားသည့် မြို့တစ်မြို့ဖြစ်ပြီး ယနေ့အချိန်ထိ ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုလူနာ နှစ်ထောင်ကျော်ရှိကာ ၎င်းပိုးတွေ့ရှိ   အတည်ပြုလူနာများအား တာချီလိတ်မြို့ရှိ  Quarantine Center များ ဖြစ်သည့် ဝမ်လုံစင်တာ၊ မိုးကုတ်ရိပ်သာစင်တာနှင့် ခရိုင်အားကစားခန်းမစင်တာ(၃)နေရာတို့တွင် သီးခြားစီခွဲခြားပို့ဆောင် ထားရှိ၍ ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။

၎င်း  စံလင်းဖြိုး ကုမ္ပဏီ မှ   တည်ဆောက်လျက်ရှိသည့်  Quarantine Center ပြီးစီးပါက  တာချီလိတ်မြို့တွင်  ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအား     အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာ(၄)နေရာများတွင်  ကျန်းမာရေးစောင့်ရှောက်မှု နှင့် ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း သိရှိရသည်။

ယာဆေး

No comments:

Post a Comment