Thursday, August 12, 2021

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ICRC မှ ဆေးစိမ်ခြင်ထောင်များ လှူဒါန်းပွဲသို့ တက်ရောက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအတူ မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး


 


 

                                                                           မြစ်ကြီးနား          သြဂုတ် ၁၂

 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)မှ ဆေးစိမ်ခြင်ထောင်များ ပေးအပ် လှူဒါန်းပွဲသို့ တက်ရောက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူးနှင့်အတူ မြစ်ကြီးနားမြို့ပေါ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး နှံပေးခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများအား ယမန်နေ့ နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

 ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ICRC မှ ကိုဗစ်-၁၉ အတည်ပြုလူနာဆောင်များတွင် အသုံးပြုရန် ဆေးစိမ်ခြင်ထောင်များ ပေးအပ်လှူဒါန်းပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ တက်ရောက် ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ICRC အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ တွင် စဉ်ဆက်မပြတ်ပါဝင်ဆောင်ရွက်လျက်ရှိနေပြီး ယခုလို ကိုဗစ်-၁၉အတည်ပြုလူနာဆောင်များတွင် အသုံးပြုရန်အတွက် ပစ္စည်းများ ထပ်မံပေးအပ်လှူဒါန်းမှုကို လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC မှ မြစ်ကြီးနားတာဝန်ခံက ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေး နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဆေးစိမ်ခြင်ထောင်အလုံး ၅၀၀ ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်မြတ်သက်ဦး၊ တပ်မတော်အရာရှိကြီးများနှင့်အတူ မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ စီတာပူရပ်ကွက် ၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်း တို့၌ သက်ကြီးဘိုးဘွားများ၊ နိုင်ငံဝန်ထမ်းများ၊ အသက် ၁၈ နှစ်နှင့်အထက် ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မဖြစ်မနေ လည်ပတ် လျက်ရှိသည့် စက်ရုံ အလုပ်ရုံ များမှ အလုပ်သမား ဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်ဆေးတပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများအား  ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကာ ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးအပ်ခဲ့ သည်။

ကချင်ပြည်နယ်အတွင်းရှိ ခရိုင် (၄)ခရိုင်လုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို (၃၁-၇-၂၀၂၁) ရက်နေ့မှ (၁၀-၈-၂၀၂၁) ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပေးနိုင်သည့် လူဦးရေ မှာစုစုပေါင်းမှာ ၃၄၀၈၆  ဦးရှိပြီဖြစ်ကြောင်းနှင့် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရ သည်။

အလားတူ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ညနေပိုင်းတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ဌာနဆိုင်ရာများနှင့်အတူ မြစ်ကြီးနား မြို့ လယ်ကုန်းရပ်ကွက်နှင့် ယုဇနရပ်ကွက်တို့ရှိ ညနေဈေးများတွင် Mask Campaign အစီအစဉ်ဖြင့် ဈေးရောင်း၊ ဈေးဝယ်သူ ပြည်သူ များအား အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြပြီး သီတာရပ်ကွက် နှစ်ခြင်းခရစ်ယာန်ကျောင်း အသင်းတော် ကျောင်းဝင်း အတွင်း အသင်းတော်အခြေပြုကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေးစခန်းဖွင့်လှစ် ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ အသင်းတော် အတွက် PPE ဝတ်စုံများ၊ နှာခေါင်းစည်း Mask များနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ ပေးအပ်ခဲ့သည်။

ပြည်နယ်ပြန်/ဆက်



No comments:

Post a Comment