Saturday, August 14, 2021

မူဆယ်မြို့ နှလုံးလှလူမှုကူညီရေးအသင်းနှင့် တွေ့ဆုံမေးမြန်း

 


                                                                         မူဆယ် ဩဂုတ် ၁၄

မေး။ မင်္ဂလာပါရှင်၊ ဆရာအမည်နှင့် ဆရာတို့အသင်းအဖွဲ့နာမည်ကို သိချင်ပါတယ်ရှင်။

ဖြေ။ ဦးဖိုးထောင်ဖြစ်ပါတယ်၊နှလုံးလှလူမှုကူညီရေး အသင်းပါ။

 

မေး။ ဆရာတို့ရဲ့အသင်းကို စတင်တည်ထောင်ခဲ့တဲ့ခုနှစ်နဲ့ အသင်းအဖွဲ့ဝင်ဦးရေကိုသိပါရစေရှင်။

ဖြေ။(၁-၆-၂၀၁၉)ရက်နေ့က စတင်တည်ထောင်ခဲ့ပြီး အသင်းဝင် (၁၀၀)ကျော်ရှိပြီး လက်ရှိ ၃၀ဦးနဲ့ ကူညီဆောင်ရွက်ပေးနေပါတယ်။

မေး။ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်အတွင်းမှာ ဆရာတို့အသင်းအနေနဲ့ ကူညီအားဖြည့် ဆောင်ရွက်မှုများကို သိပါရစေရှင်။

ဖြေ။ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်အတွင်းမှာ ကိုဗစ်-၁၉လူနာများထားရှိတဲ့ ခရိုင်ပြည်သူ့ ဆေးရုံကြီးကို နေ့စဉ်မနက်(၇)နာရီ၊ နေ့လယ်(၁၁)နာရီနှင့် ညနေ(၅)နာရီတွေမှာထမင်း (၃)ကြိမ် ပို့ဆောင်ပေးပါတယ်။ နာရေးကိစ္စများ ကိုလည်း ဆောင်ရွက်ရင်း ပိုးတွေ့လူနာများကို ဆေးကုသရန် ဆေးရုံကြီး သို့လည်း ပို့ဆောင်ပေးရပါတယ်။ နေ့စဉ်ဆောင်ရွက်ရပါတယ်။ နေ့လည်(၂)နာရီ မှာ ပိုးစစ်ရင်းပိုးတွေ့လူနာများကို ဆေးရုံကြီးသို့ ပို့ဆောင်ပေးရပါတယ်။ ညနေ(၄)နာရီမှာခရိုင်ပြည်သူ့ ဆေးရုံကြီး၏ အနောက်မှာ ဆေးရုံကြီးကစွန့်ပစ်တဲ့အမှိုက်တွေကို မီးရှို့ပေးရပါတယ်။ အမှိုက်တွေကို မီးရှို့တဲ့အချိန်မှာမိုးရွာရင် မီးရှို့ရတာကြာပါတယ်။ အချိန်ယူပြီးဆောင်ရွက်ပေးရပါတယ်။

မေး။ ဆရာတို့အသင်းအနေနဲ့ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်ပြီး ရပ်ကွက်များအတွင် ကူညီဆောင်ရွက်ပေးမှုများကို သိပါရစေရှင်။

ဖြေ။ကျွန်တော်တို့အသင်းအနေနဲ့ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်ပြီးလက်ရှိ ခရိုင်ပြည်သူ့ဆေးရုံ ကြီးမှာ အောက်ဆီဂျင်မလုံလောက်တဲ့အတွက် အောက်ဆီဂျင်စက်ရှိတဲ့ မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့အောက်ဆီဂျင် သွားရောက်ဖြည့်တင်းပေးရတဲ့ လုပ်ငန်းများကိုလုပ်ဆောင်ပေးရပါတယ်။

ရပ်ကွက်အတွင်းကိုတော့ ပိုးတွေ့လူနာများကိုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးရသလို၊ နာရေးရှိရင်လည်း ပို့ဆောင်သင်္ဂြိုလ်ရပါတယ်။ အရေးပေါ်လူနာနှင့် မွေးလူနာများမှအကူအညီတောင်းခံလာပါက မူဆယ်မြို့၊ နမ့်ခမ်းမြို့နှင့် ကွတ်ခိုင်မြို့များရှိမြို့နယ် ပြည်သူ့ဆေးရုံကြီးများနှင့် လားရှိုးစစ်ဆေးရုံများသို့ ပို့ဆောင်ပေးလျက် ရှိပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ လစဉ်လူနာ(၇၀)ကျော်ကို ဆေးရုံများ သက်ဆိုင်ရာ ဆေးရုံ၂များသို့ပို့ဆောင်ပေးရပါတယ်။

မေး။ ပရဟိတလုပ်ငန်းများဆောင်ရွက်တဲ့အခါမှာ တွေ့ကြုံရတဲ့ အခက်အခဲများကိုလည်း သိပါရစေရှင်။

ဖြေ။ ကျွန်တော်တို့ အသင်းအနေနဲ့လူနာများကို ပို့ဆောင်ပေးနေချိန်မှာ အခက်အခဲကတော့ ညဘက်သွားလာရာမှာ စစ်ဆေးရေးဂိတ်တွေရှိတဲ့ နမ့်ပေါ်တံတား၊နမ့်ခိုင်တံတားနဲ့ ရေပူဂိတ်များကိုဖြတ်ကျော်သွားလာရာမှာ လူနာတင်ဆောင်လာတဲ့ အချိန်မှာ စစ်ဆေးရေး ဂိတ်တွေကပိတ်ထားတဲ့ အတွက် လူနာပါရင်လူနာအတွက်အချိန်ကြန့်ကြာနေရတဲ့ အဆင်အပြေ ဖြစ်ရတာမျိုးတွေရှိပါတယ်။ လူနာမပါရင်တော့လမ်းမှာ ညအိပ်ရတာကကိစ္စ မရှိပါဘူး။ လူနာပါတဲ့အချိန်မှာဂိတ်က ဖြတ်သွားဖို့ကိုတော့ တော်တော်လေး ပြောရပါတယ်။ မြို့တွင်းမှာကတော့အချိန်မရွေး သွားလာ ကူညီလုပ်ကိုင် လို့ရလို့ အခက်အခဲမရှိပါဘူး။

မေး။ ဆရာတို့အသင်းအနေနဲ့ ရှေ့ဆက်ပြီး ဆက်လက်ဆောင်ရွက်သွားမယ့် လုပ်ငန်းများရှိရင်လည်းသိပါရစေရှင်။

ဖြေ။ အသင်းအနေနဲ့ဌာနဆိုင်ရာများနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အသင်းကိုလည်းထောက်ပံ့ပေးတာတွေရှိတော့ အဆင်ပြေပါတယ်။အားလုံးပူးပေါင်းပြီး ဆောင်ရွက်မှသာ ကျွန်တော်တို့မြို့ကို ကိုဗစ်၁၉ရန်ကကာကွယ်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ ကတော့ ပြည်သူ့တွေလိုအပ်လို့ အကူအညီတောင်းခံလာရင်အချိန် အခါမရွေးကူညီဆောင်ရွက်ပေး သွားမှာဖြစ်ပါတယ်။ လက်ရှိအသင်းဝင် (၃၀)ဦးနဲ့ ဆောင်ရွက်နေပါတယ်။ အလှူရှင်တွေကလည်းလာရောက် လှူဒါန်းပေးနေလို့ ယခင်ထက် ပိုမိုဆောင်ရွက်လာနိုင်ပါတယ်။ ခရိုင်ပြည်သူ့ဆေးရုံသစ်ကြီးမှာ သန့်ရှင်းရေးများ ဆောင်ရွက်ခြင်း၊ အောက်ဆီဂျင် အိုးများကို ဖြည့်တင်း လဲလှယ်ပေးခြင်း၊ ပိုးတွေ့လူနာများ ကူညီသယ်ဆောင်ခြင်း၊အခြားရောဂါဝေဒနာသည် လူနာများကို သက်ဆိုင်ရာ ဆေးရုံများသို့ပို့ဆောင်ပေးခြင်းလုပ်ငန်းများ ကိုလည်း ဆက်လက် လုပ်ကိုင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

မေး။ ဆရာတို့အသင်းအဖွဲ့အနေနဲ့ပြည်သူများကို ပြောချင်တဲ့စကားလေးများ ရှိရင် ပြောကြားပေးပါအုံးရှင်။

ဖြေ။ ပိုးတွေ့လူနာများကို မူဆယ်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ တက်ရောက် ကုသစေချင်ပါတယ်။ အိမ်တွေမှာကြိတ်ပြီး ကုသနေရင်းကနေအောက်ဆီဂျင်ကျပြီး ဆုံးပါးသွား ကြရတဲ့အတွက် အသက်တွေမဆုံးရှုံးသင့်ပဲဆုံးရှုံး နေကြ ရပါတယ်။ ဒါကြောင့်မိမိကိုယ်ကိုသင်ကာမကင်း ဖြစ်ခဲ့မယ်ဆိုရင်သက်ဆိုင်ရာ ဆေးစစ်ဌာနမှာစစ်ဆေးပြီး ပိုးတွေ့ပါက ခရိုင်ပြည်သူ့ဆေးရုံ သစ်ကြီးနဲ့ တရုတ်စာသင်ကျောင်းတွေမှာ ဆေးကုသမှုခံယူစေချင်ပါတယ်။အပြင်မှာပျံ့နှံ့ နေတဲ့စကားတွေကို နားယောင်ပြီးဆေးရုံကို မသွားပဲ မနေကြပါနဲ့။ ရပ်ကွက်အတွင်းကြိတ် ကုမနေကြပါနဲ့လို့။ ဆေးရုံသစ်ကြီးမှာကတော့ လူနာတွေရဲ့ အခြေအနေကြည့်ပြီး ဆောင်ရွက်ပေးနေတာမို့ တက်ရောက်ကုသ ကြပါလို့ တိုက်တွန်းပါရစေ။

ပြည်သူတွေကိုအသိပညာပေးချင်တာကတော့ နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ပါ။ ကိုဗစ်-၁၉အသိပညာပေး လမ်းညွှန်ချက်များကို လိုက်နာကြပါအဓိက မေတ္တာရပ်ခံချင်တာကတော့ ဈေးဝယ်ထွက်လို့ ပြန်လာတိုင်းပိုက်ဆံများကိုစနစ်တကျ ကိုင်တွယ်ပြီးပိုးသတ်ဆေးဖျန်းပေးခြင်း များကို ဆောင်ရွက်ကြပါ။အိမ်မှာကြိတ်ပြီး မကုကြ ဖို့တိုက်တွန်းချင်ပါ တယ် ခင်ဗျာ။ ဆေးရုံတက်ရောက်နေသောလူနာများအနေနဲ့လည်း မိမိတက်ရောက်နေသောနေရာနှင့် အနီးတဝိုက်မှာအမှိုက်များကို စနစ်တကျစွန့်ပစ် ပေးစေချင်ပါတယ်။ အမှိုက်စို၊ အမှိုက်ခြောက်ခွဲပြီး စွန့်ပစ်တော့ ကျွန်တော်တို့လူမှု ကူညီရေးအသင်းဝင်တွေ အမှိုက်များကို မီးရှို့ရင်အချိန်မကြာတော့ဘူးပေါ့ဗျာ၊။

အား လုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။

ချစ်ချောစု

 

No comments:

Post a Comment