Wednesday, August 11, 2021

ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့်အဖွဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစုရပ်များသို့ ကြည့်ရှု

 




နေပြည်တော်၊ သြဂုတ် ၁၁

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် သြဂုတ် ၉ ရက် ညနေပိုင်း တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု လျှော့ချရေး၊ မြို့နယ်တိုင်းတွင် အောက်ဆီဂျင် လုံလောက်မှုရှိစေရန် Oxygen Plant တပ်ဆင် နိုင်ရေး ဆောင်ရွက် နေမှုများကို ဆွေးနွေးခဲ့ကြသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သြဂုတ် ၁၀ ရက်၌ ပုသိမ်မြို့၊ မြို့တော်ခန်းမနှင့် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတို့တွင် စုရပ်များပြုလုပ်၍ ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြောင်းမြမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ မြရွှေဝါခန်းမတွင် ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ကြည့်ရှုအားပေးပြီး မြောင်းမြပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်များ၊ သူနာပြုများနှင့် တွေ့ဆုံ၍ ရင်ဆိုင်နေရသည့် ခက်အခဲများကို  မေးမြန်းကာ အားပေးစကား ပြောကြားခဲ့ သည်။

ထို့နောက် ကျောင်းကုန်းပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကုသမှုပေးနေမှု အခြား ရောဂါများဖြင့်  ဆေးရုံတက်ရောက် ကုသမှုခံယူနေမှုကို လိုက်လံကြည့်ရှုသည်။ ယင်းနောက် မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာအေးနိုင်မှ ဆေးရုံ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ လိုအပ်ချက်များနှင့် Oxygen Plant တည်ဆောက်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ပြီး အ.ထ.က (၁) ကျောင်းကုန်းတွင် စုရပ်ပြုလုပ်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ပန်းတနော်ပြည်သူ့ဆေးရုံ၌ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အေးမင်းသန်း ကဆေးရုံ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊  အောက်ဆီဂျင်ရရှိမှု ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၇၀)ကို  ကုသမှုပေးနေသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မြို့နယ်ဆေးရုံများတွင် ကုသမှုခံယူနေရသည့် ကိုဗစ်-၁၉ပိုးတွေ့လူနာများကို ဆေးရုံကြီးများတွင်ရရှိနိုင်သော ကုသမှုများအတိုင်း ရရှိနိုင်ရန် ကြိုးစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် တာဝန်ထမ်းဆောင်နေသော ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများကို အားပေးစကားပြောကြားခဲ့ ကြောင်းသိရသည်။

 

(သတင်းစဉ်)

No comments:

Post a Comment