တောင်ကြီး သြဂုတ် ၂၁
လာအိုနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်ပြီး နေရပ်ဒေသအသီးသီးသို့ ပြန်ရောက်လာကြသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ ယနေ့ နံနက် ၇ နာရီခွဲ အချိန်တွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ (Taunggyi Business Center) တောင်ကြီးစီးပွားရေးဇုန်၊ကားကြီးကွင်းသို့ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
တောင်ကြီးမြို့သို့ ရောက်ရှိလာသော နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား (၂၃၉) ဦး ၊ အမျိုးသမီး (၁၂၈) ဦး စုစုပေါင်း(၃၆၇) ဦးကို တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များ၊ သစ်တောရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့မှ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ (Taunggyi Business Center) တောင်ကြီးစီးပွားရေးဇုန်၊ ကားကြီးကွင်းတွင် ကြိုဆိုခဲ့ကြပြီး လိုအပ်သော ကျန်းမာရေး စစ်ဆေးခြင်း၊ အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့နောက် ၎င်းတို့၏နေရပ်ဒေသအသီးသီးသို့ ဆက်လက်ထွက်ခွာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရာတွင် တောင်ကြီးခရိုင်အတွင်းရှိ ရပ်စောက်မြို့မှ ရွှေ့ပြောင်း အလုပ်သမားများကိုယာဉ်ငယ်လိုင်း ၂ စီးဖြင့်လည်းကောင်း၊ ဟိုပုံးမြို့၊ ဆီဆိုင်မြို့နှင့် ကယားပြည်နယ်မှရွှေ့ပြောင်း အလုပ်သမားများကိုယာဉ်ငယ်လိုင်း ၁ စီး ဖြင့်လည်းကောင်း၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် မှနေထိုင်သူများကို နေရပ်ဒေသအသီးသီးသို့ ဒို့ညီနောင် ခရီးသည်တင်မော်တော်ယာဉ်လိုင်းကား ၉ စီးဖြင့်လည်းကောင်း တောင်ကြီး မြို့မှ ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)



No comments:
Post a Comment