Wednesday, August 11, 2021

ဉပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ်လေ့လာခြင်း (ပါကစ္စတန်နိုင်ငံ)


 

နိဒါန်း

ပါကစ္စတန်နိုင်ငံ၏တရားဝင်အမည်မှာ ပါကစ္စတန် အစ္စလာမ္မစ်သမ္မတနိုင်ငံဖြစ်ပြီး တောင်အာရှ တွင် တည်ရှိပါသည်။ ဧရိယာအားဖြင့် ၃၄၀၅၀၉ စတုရန်းမိုင်ကျယ်ဝန်း၍ လူဦးရေမှာ ၂၀၁၇ ခုနှစ် သန်းခေါင်စာရင်းအရ ၂၁၂ သန်းကျော်ရှိသည်။ မူဆလင်လူမျိုး ၉၅ ရာခိုင်နှုန်းနှင့် အခြား ငါးရာခိုင်နှုန်းရှိသည်။ တောင်ဘက်တွင် အာရေဗီယန် ပင်လယ်နှင့် အိုမန်ပင်လယ်ကွေ့ တို့ရှိပြီး မိုင် ၆၅၀ ရှည်လျားသော ကမ်းရိုးတန်းရှိပါသည်။ အနောက် ဘက်တွင် အာဖဂန်နစ္စတန်နိုင်ငံနှင့် အီရန်နိုင်ငံ၊ အရှေ့ဘက်တွင် အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဘက် အဖျားတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။


 


 


  ၁၉၄၇ ခုနှစ် အိန္ဒိယလွတ်လပ်ရေးအက်ဥပဒေ အရ အိန္ဒိယပြည်မကြီးအား ကိုးကွယ်ရာအယူဝါဒ ကိုလိုက်၍ နှစ်စုခွဲလိုက်ရာ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံ ပေါ်ပေါက် လာခဲ့သည်။ အိန္ဒိယနိုင်ငံမှ စတင်ခွဲထွက်စဉ်က အရှေ့ပါကစ္စတန်နှင့် အနောက်ပါကစ္စတန်ဟူ၍ ရှိခဲ့သည်။ ၁၉၅၆ ခုနှစ် ဖေဖော်ဝါရီလ၂၉ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို အတည်ပြုခဲ့ပြီးနောက် မတ်လ ၂၃ ရက်နေ့တွင် အစ္စလာမ်အယူဝါဒကို အခြေခံပြု သော ပါကစ္စတန် သမ္မတနိုင်ငံဖြစ်ကြောင်း ကြေညာခဲ့သည်။ ၁၉၇၁ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီးနောက် အရှေ့ပါကစ္စတန်၏ဘင်္ဂါလီအမျိုးသားရေးလှုပ်ရှားမှုမှ အစပြု၍ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး အရှေ့ပါကစ္စတန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ်လည်းကောင်း၊ အနောက် ပါကစ္စတန်သည် ပါကစ္စတန်အစ္စလာမ္မစ် သမ္မတနိုင်ငံအဖြစ်လည်းကောင်း နှစ်နိုင်ငံ ဖြစ်တည်ခဲ့ သည်။ ပါကစ္စတန်နိုင်ငံသည် ဗြိတိသျှနေသဟာယအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်ပါသည်။

 

ပါကစ္စတန်နိုင်ငံ၏ နိုင်ငံရေးသမိုင်း တစ်လျှောက်လုံးတွင် ပါကစ္စတန်တပ်မတော်သည် အရေးပါ သော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၁၉၅၈ ခုနှစ်မှ ၁၉၇၁ ခုနှစ်အတွင်း၊ ၁၉၇၇ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း၊ ၁၉၉၉ ခုနှစ်မှ ၂၀၀၈ ခုနှစ်များတွင် တပ်မတော်မှ အာဏာသိမ်းမှုနှင့် စစ်အုပ်ချုပ်ရေး ဥပဒေများပြဋ္ဌာန်းခဲ့သည်။ ယနေ့တွင် ပါကစ္စတန်၌ ပါတီစုံပါလီမန်စနစ်ကို ကျင့်သုံးပြီး အာဏာ ခွဲဝေမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများတွင် မျှတမှုများရှိပြီးဖြစ်သည်။ ပထမဆုံးအောင်မြင်သော ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသည် ၂၀၁၃ ခုနှစ် မေလတွင်ဖြစ်ပေါ် ခဲ့သည်။ ပါကစ္စတန်၏နိုင်ငံရေး သည် ဆိုရှယ်လစ်စနစ်၊ ရှေးရိုးစွဲဝါဒနှင့် အယူအဆ ပေါင်းများစွာ ပါဝင်သည့်နိုင်ငံတွင်းလူမှုရေးအတွေး အခေါ်များပေါ် မူတည်နေသည်။

နိုင်ငံတော်သမ္မတ

သမ္မတသည် နိုင်ငံတော်၏အကြီးအကဲဖြစ်ပြီး အထက်လွှတ်တော်ဖွဲ့စည်းမှုတွင် ပါဝင်ပါသည်။ ၎င်းအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လည်း ဖြစ်သည်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ပြစ်ဒဏ်လျှော့ပေါ့ခွင့်ပေးခြင်းနှင့် တပ်မတော်အား ကွပ်ကဲခြင်းအာဏာတို့ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတထံတွင် အပ်နှင်းထားသည်။ သို့သော် တပ်မတော်ထိပ်ပိုင်းအရာရှိများ ခန့်အပ်ခြင်းကို လိုအပ်ချက်ရှိသည့် အခြေအနေမျိုးတွင်သာ ဆောင်ရွက်ပိုင်ခွင့်ရှိပြီး ယင်းသို့ ခန့်အပ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဝန်ကြီးချုပ်နှင့် ညှိနှိုင်းဆွေးနွေးကာ သဘောတူညီချက် ရယူ ရမည်ဖြစ်သည်။ ဥပဒေပြုရေးဆိုင်ရာ အဆိုတင်သွင်းမှုများအပါအဝင် ပြည်တွင်း ရေးရာမူဝါဒနှင့် နိုင်ငံခြားရေးရာမူဝါဒ ချမှတ်ခြင်းများတွင် ဝန်ကြီးချုပ်သည် သမ္မတထံတင်ပြ ဆောင်ရွက်ရ သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအား အစိုးရအဖွဲ့အပေါ် စီမံအုပ်ချုပ်ခွင့်အာဏာ ကျင့်သုံးခြင်းကို တားမြစ်ထားသည်။

ပါကစ္စတန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံမည့်သူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်ဖြစ်ပါသည်

- နိုင်ငံသားဖြစ်သူ၊

- မူဆလင်ဖြစ်သူ၊

- အသက် ၄၅ နှစ်ပြည့်ပြီးသူ၊

-အောက်လွှတ်တော် (ဝါ) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် အရည်အချင်းများနှင့်ပြည့်စုံသူ။

သမ္မတရွေးကောက်တင်မြှောက်ခြင်းကို ပါလီမန်လွှတ်တော်နှစ်ရပ် (အထက်လွှတ်တော်နှင့် အောက်လွှတ်တော်) နှင့် ပြည်နယ်လွှတ်တော် လေးခုတို့ဖြင့် ဖွဲ့စည်းထားသောသမ္မတ ရွေးချယ် တင်မြှောက်ရေးအဖွဲ့ (Electoral College) မှ တိုက်ရိုက်မဟုတ်သောနည်းဖြင့် ရွေးကောက တင်မြှောက်ပြီး သက်တမ်းအားဖြင့် ငါးနှစ်သတ်မှတ်ထားပါသည်။ အထက်လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်၏ အဖွဲ့ဝင်ဖြစ်ပါကလည်း သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံနိုင်ပြီး ရွေးကောက်ခံရသူသည်သမ္မတအဖြစ် စတင်တာဝန် ထမ်းဆောင်သည့်နေ့ရက်မှစ၍ ယခင်တာဝန်ဝတ္တရားများကို နုတ်ထွက်ရမည်ဖြစ်ပါသည်။ တာဝန်ထမ်းဆောင်လျက်ရှိသော သမ္မတသည် ကျင်းပရန်ရှိသည့် သမ္မတရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိသည်။ သို့သော် သမ္မတသက်တမ်း နှစ်ကြိမ်ထက်ပို၍ တစ်ဆက် တစ်စပ်တည်း တာဝန်ထမ်းဆောင်ခွင့်မရှိပေ။ သမ္မတသည် ရာထူးတာဝန် ထမ်းဆောင်နိုင်ခြင်း မရှိပါက အထက်လွှတ်တော် ဥက္ကဋ္ဌသည် သမ္မတပြန်လည်တာဝန်ယူချိန်အထိ သို့မဟုတ် သမ္မတအသစ်ရွေးချယ်ပြီးချိန်အထိ သမ္မတတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။

 

ဝန်ကြီးချုပ်

 

ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့၏အကြီးအကဲဖြစ်ပြီး နိုင်ငံ၏အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။ ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ ၏အုပ်ချုပ် ရေးယန္တရားကို ဦးဆောင်မှုပြုခြင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအခြေအနေများအား စောင့်ကြပ်ကြည့်ရှုခြင်း၊ အောက်လွှတ်တော် (ဝါ) အမျိုးသားလွှတ်တော်အား ဦးစီးဦးဆောင်ပြုခြင်း၊ ပြည်သူ့ရေးရာကောင်စီအား ဦးဆောင်မှု ပြုသကဲ့သို့ အစိုးရအဖွဲ့အား ဦးဆောင်မှုပြုခြင်းတို့ကို ဆောင်ရွက်ခွင့်ရှိသည့်အပြင် နျူကလီးယားလက်နက် အသုံးပြုခွင့်အာဏာလည်း ရှိပါသည်။ ဝန်ကြီးချုပ်ကို အောက်လွှတ်တော် (ဝါ) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ရွေးကောက်တင်မြှောက် ပေးရခြင်းဖြစ်သည့်အတွက် အများအားဖြင့် လွှတ်တော်တွင်း အင်အားကြီးပါတီ၏ ခေါင်းဆောင် သာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရလေ့ရှိပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေးအာဏာကို ဝန်ကြီးချုပ်ထံတွင် အပ်နှင်းထားပြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့အား ရွေးချယ်ခန့်ထားနိုင်သကဲ့သို့ အစိုးရအဖွဲ့အား ဦးဆောင်ခြင်း၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ် ချက်များ ချမှတ်ခြင်းတို့ကိုလည်း ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်သည် ပြစ်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သမ္မတ၏ အတိုင်ပင်ခံချုပ်အဖြစ် ဆောင်ရွက်ပါသည်။ တပ်မတော်၏ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကဏ္ဍတစ်ခု ချင်းစီတွင် ရာထူးခန့်ထားခြင်းနှင့် စပ်လျဉ်း၍လည်း ဝန်ကြီးချုပ်သည် အရေးပါသည့်နေရာမှ ပါဝင်လျက်ရှိသည်။

 

သမ္မတရွေးကောက်ပွဲ

 

ပါကစ္စတန်နိုင်ငံ၏ သမ္မတရွေးကောက်ပွဲကို ၁၉၇၃ ခုနှစ် ပါကစ္စတန်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်အရ တာဝန်ထမ်းဆောင်လျက်ရှိသော သမ္မတ၏သက်တမ်းမကုန်ဆုံးမီ တစ်လ အလိုတွင် ကျင်းပပြုလုပ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့ (President's Electoral College) ကို လွှတ်တော်နှစ်ရပ် (အထက်လွှတ်တော်နှင့် အောက်လွှတ်တော်) မှ ကိုယ်စားလှယ်များနှင့် ပြည်နယ်လွှတ်တော်များမှ  ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းထားသည်။ သမ္မတရွေးကောက်ပွဲကို ပါကစ္စတန်ရွေးကောက်ပွဲကော်မရှင် (ECP) ကတာဝန်ယူဆောင်ရွက်ရသည်။ ယင်းရွေးကောက်ပွဲတွင် ရွေးကောက်ပွဲအရာရှိအဖြစ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ဆောင်ရွက်သည်။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် လိုအပ်ပါက မဲခွဲ ဆုံးဖြတ်ပေးခြင်းတို့ ဆောင်ရွက်မည့်နေရာနှင့် နေ့ရက်တို့ကို အများပြည်သူသို့ အသိပေးချက် ထုတ်ပြန်ဆောင်ရွက်သည်။ ပါလီမန် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဦး သည် အရည်အချင်းပြည့်မီသည့်သူတစ်ဦးဦး၏ အမည်ကို ကြီးကြပ်ရေးအရာရှိထံသို့ အမည် စာရင်းတင်သွင်းလွှာတင်သွင်းနိုင်သည်။ ထိုသို့တင်သွင်းရာတွင် အဆိုပြုတင်သွင်းသူအဖြစ် ၎င်းကိုယ်စားလှယ်ကိုယ်တိုင် လက်မှတ်ရေးထိုး၍လည်းကောင်း၊ ဒုတိယအဆိုပြုတင်သွင်းသူ အဖြစ် အခြားသော ပါလီမန်ကိုယ်စားလှယ် သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လက်မှတ်ရေးထိုး၍လည်းကောင်း အမည်စာရင်းတင်သွင်းခြင်းခံရသူ ကိုယ်တိုင် လက်မှတ် ရေးထိုးထားသည့် သဘော တူညီချက်နှင့်အတူတစ်ပါတည်းတင်သွင်းရမည် ဖြစ်သည်။

 

စိစစ်ပြီးပါက ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌသည် ကိုယ်စားလှယ်လောင်းအဖြစ် အရည်အချင်း ပြည့်မီသူများကို အများပြည်သူသို့ အသိပေးထုတ်ပြန်သည်။ ကြီးကြပ်ရေးအရာရှိ အသီးသီးက ပါလီမန်လွှတ်တော်များနှင့် ပြည်နယ်အဆင့် လွှတ်တော်အစည်းအဝေးများတွင် ဆန္ဒမဲပေးခြင်း ကို ကြီးကြပ်ဆောင်ရွက်သည်။ ကြီးကြပ်ရေးအရာရှိများကို ရွေးကောက်ပွဲကော်မရှင် (ECP) က ခန့်အပ်သည်။ မဲပေးရာတွင် လျှို့ဝှက်ဆန္ဒမဲပေး စနစ်အသုံးပြု၍ မဲလက်မှတ်တွင် ကိုယ်စားလှယ်လောင်းအမည်များကို အက္ခရာစဉ်အလိုက် ရိုက်နှိပ်ဖော်ပြထားသည်။ ကိုယ်စား လှယ်များသည် မိမိရွေးချယ်လိုသည့် ကိုယ်စားလှယ်လောင်းအမည်တွင် အမှတ်အသား ပြုလုပ်၍ ရွေးချယ်ပေးရမည် ဖြစ်ပါသည်။

လွှတ်တော်ဖွဲ့စည်းမှု

 

ပါကစ္စတန်နိုင်ငံ၏ ပါလီမန်တွင် အထက် လွှတ်တော် (Senate) နှင့် အောက်လွှတ်တော် (National Assembly) ဟူ၍ လွှတ်တော်နှစ်ရပ် ရှိပါသည်။ အထက်လွှတ်တော်ကို လွှတ်တော် ကိုယ်စားလှယ် ၁၀၄ ဦးဖြင့် ဖွဲ့စည်းထားပြီး အောက်လွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ် ၃၄၂ ဦးဖြင့် ဖွဲ့စည်းထားပါသည်။ လွှတ်တော် နှစ်ရပ်အတွက် ကိုယ်စားလှယ်များ ရွေးကောက် တင်မြှောက်ရန် အောက်ပါရွေးကောက်ပွဲဆိုင်ရာ စီရင်စုနယ်မြေခြောက်ခု သတ်မှတ်ထားပါသည် -

(၁) Khyber Pakhtunkhwa ပြည်နယ်

(၂) Punjab ပြည်နယ်

(၃) Sindh ပြည်နယ်

(၄) Balochistan ပြည်နယ်

(၅) ဖက်ဒရယ်အုပ်ချုပ်ရေးလူမျိုးစုဒေသများ (FATA)

(၆) ဖက်ဒရယ်မြို့တော်

အထက်လွှတ်တော် (Senate)

အထက်လွှတ်တော်သည် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်နေသည့် အမြဲတမ်းဥပဒေပြုအဖွဲ့ ဖြစ်ပါသည်။ အထက်လွှတ်တော်၏သက်တမ်းမှာ ခြောက်နှစ်ဖြစ်သည်။ သို့သော် အထက်လွှတ်တော်၏ အဖွဲ့ဝင်တစ်ဝက်သည် သုံးနှစ်တာဝန် ထမ်းဆောင်ပြီးနောက် အနားယူနုတ်ထွက်ရသည်။ နုတ်ထွက်ခြင်း၊ သေဆုံးခြင်း၊ အရည်အချင်းမပြည့်မီခြင်းနှင့် ထုတ်ပယ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော လစ်လပ်ကိုယ်စားလှယ်နေရာများကို သက်ဆိုင် သည့် ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းမှ ရွေးကောက်တင်မြှောက်ခြင်းဖြင့် ရွေးချယ်ပေးပြီး တင်မြှောက်ခံရသည့်အဖွဲ့ဝင်သည် ရာထူးသက်တမ်း ကုန်ဆုံးသည့်အဖွဲ့ဝင် နေရာအတွက် ဖြည့်ဆည်းပေးခြင်းဖြစ်ပါသည်။

 

အထက်လွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ်များအားလုံးသည် ကိစ္စရပ်များကို ဆုံးဖြတ် အတည်ပြုရာတွင် တန်းတူအခွင့်အရေးရှိသည်နှင့် အညီအောက်လွှတ်တော်တွင် အတည်မပြု နိုင်သော ကိစ္စရပ်များပေါ်ပေါက်လာပါက ယင်းကိစ္စရပ်များ အားဆုံးဖြတ်ရာတွင် အထက် လွှတ်တော်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်။

 

အထက်လွှတ်တော်သို့ရွေးကောက်တင်မြှောက် ခံမည့်သူသည် အသက် ၃၀ နှစ်အောက်မငယ်သူ ဖြစ်ရမည်ဖြစ်ပြီး သက်ဆိုင်ရာစီရင်စု၌ မဲဆန္ဒရှင် အဖြစ် မှတ်ပုံတင်ထားသူဖြစ်ရပါမည်။

 

အထက်လွှတ်တော်ကို လွှတ်တော်ကိုယ်စား လှယ် ၁၀၄ ဦးဖြင့် ဖွဲ့စည်းထားပါသည်။ ကိုယ်စား လှယ်နေရာများကို စီရင်စုနယ်မြေ ခြောက်နေရာအား ခွဲဝေသတ်မှတ်ပေးထားပြီး General Seat ကိုယ်စားလှယ်နေရာ၊ ပညာရှင်များအတွက် အစ္စလာမ္မာဘတ်အပါအဝင် ကိုယ်စားလှယ်နေရာ၊ အမျိုးသမီးများနှင့် မူဆလင်မဟုတ်သူများအတွက် ကိုယ်စားလှယ်နေရာများ သတ်မှတ်ပေး ထားပါသည်။ ပြည်နယ်များအတွက် ကိုယ်စားလှယ်နေရာများကို ပြည်နယ်များမှ ရွေးကောက် တင်မြှောက်ပြီး ဖက်ဒရယ်မြို့တော်နှင့် ဖက်ဒရယ်အုပ်ချုပ်ရေး နယ်မြေကိုယ်စားလှယ်များကို သမ္မတ၏အမိန့် အာဏာဖြင့် ရွေးကောက်တင်မြှောက်သည်။ ရွေးကောက်တင်မြှောက်မှုစနစ်မှာ Single Transferable Vote System ဖြစ်ပါသည်။

 

“မူဆလင်မဟုတ်သူများအတွက် ကိုယ်စားလှယ်လေးနေရာ သတ်မှတ်ချက်ကို ၂၀၁၀ ပြည့်နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် တိုးမြှင့် သတ်မှတ်ရန် ပြဋ္ဌာန်းခဲ့သဖြင့် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း အထက်လွှတ်တော်ရွေးကောက်ပွဲတွင် အကျိုးသက်ရောက်မည်ဖြစ်သည်။

အောက်လွှတ်တော် (National Assembly)

ပါကစ္စတန်နိုင်ငံ၏ အမျိုးသားလွှတ်တော် (National Assembly) သည် ပါလီမန်၏ အောက်လွှတ်တော် ဖြစ်ပါသည်။ လွှတ်တော်သက်တမ်းသည် ငါးနှစ်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်သည် အသက် ၂၅ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။ အောက်လွှတ်တော်သည် ဖက်ဒရယ် အဖွဲ့အစည်းအတွက် ဥပဒေပြဋ္ဌာန်းပေးခြင်း၊ အုပ်ချုပ်ရေးလုပ်ငန်းတာဝန်များကို ဆွေးနွေးခြင်း၊ ရွှေ့ဆိုင်းခြင်း၊ မေးခွန်းမေးမြန်းခြင်းတို့တွင် နိုင်ငံသားများ၏ အခြေခံ အခွင့်အရေးများ ချိုးဖောက်မှုမရှိစေရန် အမြဲတမ်းကော်မတီမှတစ်ဆင့် စစ်ဆေးခြင်း၊ ပြည်သူ့ ငွေစာရင်းကော်မတီမှ ပြည်သူ့အသုံးစရိတ်များကို  စိစစ်ပြီး အစိုးရ၏အသုံးစရိတ်ငွေစာရင်းများ ထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက်သည်။

 

အောက်လွှတ်တော်ကို ပါတီစုံဖက်ဒရယ်ပါလီ မန်စနစ်အရ ဖွဲ့စည်းထားသည်။ အောက် လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ၃၄၂ နေရာ သတ်မှတ်ထားပြီး နည်းလမ်းနှစ်မျိုး အသုံးပြု ၍ အပိုင်းသုံးပိုင်းခွဲကာ ရွေးကောက်တင်မြှောက်ပါသည်။ ကိုယ်စားလှယ် ၂၇၂ ဦးအား မဲဆန္ဒနယ် တစ်နယ်လျှင် ကိုယ်စားလှယ်တစ်ဦးနှုန်းဖြင့် FPTP စနစ် အသုံးပြု၍ ဆန္ဒမဲအများဆုံး ရရှိသည့် ကိုယ်စားလှယ်လောင်းအား တိုက်ရိုက်ရွေးကောက်တင်မြှောက်ပါသည်။ ကိုယ်စား လှယ်နေရာ ၆၀ နေရာအား အမျိုးသမီးများအတွက် ခွဲတမ်းနေရာ (Reserve Seat) အဖြစ် သတ်မှတ်ပေး ထားပြီး ကိုယ်စားလှယ်နေရာ ၁၀ နေရာကိုလည်း ဘာသာရေးဆိုင်ရာ လူနည်းစုများအတွက် ခွဲတမ်းနေရာအဖြစ် သတ်မှတ်ပေးထားပါသည်။ အဆိုပါ ခွဲတမ်းနေရာများအတွက် ကိုယ်စား လှယ်များအား ရွေးချယ်တင်မြှောက်ရာတွင် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးပြီး အနည်းဆုံးရရှိရမည့် ဆန္ဒမဲ အရေအတွက် (Threshold) အဖြစ် ငါးရာခိုင်နှုန်း သတ်မှတ်ထားပါသည်။ အချိုးကျကိုယ်စားပြုစနစ် အသုံးပြု၍ ခွဲတမ်းနေရာ သတ်မှတ်ခြင်းကို ရရှိသည့် ဆန္ဒမဲအရေအတွက်ပေါ် အခြေခံခြင်းမပြုဘဲ အနိုင်ရရှိသည့် ကိုယ်စားလှယ်နေရာ အရေအတွက်ပေါ်တွင် အခြေခံ၍ သတ်မှတ်ပေးခြင်းဖြစ်ပါသည်။ အများဆုံးအနိုင်ရရှိမှုအနေဖြင့် နိုင်ငံရေးပါတီတစ်ခုသည်  ကိုယ်စားလှယ်နေရာ ၁၃၇နေရာအနိုင်ရရှိနိုင်ပါသည်။

 

အောက်လွှတ်တော်၏ ကိုယ်စားလှယ်နေရာ သတ်မှတ်ခြင်းကို ပြည်နယ်တစ်ခုစီနှင့် ဖက်ဒရယ် အုပ်ချုပ်ရေးနယ်မြေ၊ မြို့တော်နယ်မြေအသီးသီးရှိ တရားဝင်နောက်ဆုံးထုတ်ပြန်ထားသည့် လူဦးရေ သန်းခေါင်စာရင်းပေါ်မူတည်၍ ခွဲဝေသတ်မှတ်ပါသည်။

 

သက်ဆိုင်ရာပြည်နယ်အလိုက် ခွဲဝေသတ်မှတ် ပေးထားသော အမျိုးသမီးကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ရာတွင် ပြည်နယ်တစ်ခုလုံးအား မဲဆန္ဒနယ်တစ်နယ်အဖြစ် သတ်မှတ် ပြီး မူဆလင်မဟုတ်သည့် ပါကစ္စတန်နိုင်ငံသားများ အတွက် ကိုယ်စားလှယ်၁၀ နေရာကိုမူ တစ်နိုင်ငံလုံးအား မဲဆန္ဒနယ်တစ်နယ်အဖြစ် သတ်မှတ်သည်။ နိုင်ငံရေးပါတီတစ်ခုသည် အနည်းဆုံးထောက်ခံမဲ အရေအတွက် (Threshold) ငါးရာခိုင်နှုန်းအောက် လျော့နည်းရရှိပါက ယင်းပါတီအနေဖြင့် အမျိုးသမီး ကိုယ်စားလှယ်နေရာနှင့် မူဆလင်မဟုတ်သည့် ပါကစ္စတန် နိုင်ငံသားများအတွက် သတ်မှတ်ထားသော ကိုယ်စားလှယ်နေရာများကို ရရှိခွင့်မရှိပေ။

 

၂၀၁၇ ခုနှစ်တွင် ပါကစ္စတန်ပါလီမန်က ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် မဲဆန္ဒနယ်မြေ ပြန်လည်ခွဲဝေခြင်းအား ဆောင်ရွက်ခွင့်မရှိသည့် အချက်ကို ပြင်ဆင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေများကို ၂၀၁၇ ခုနှစ် သန်းခေါင် စာရင်းနှင့်အညီ ပြင်ဆင် သတ်မှတ်ခဲ့သည်။ မဲဆန္ဒနယ်မြေပြင်ဆင်မှုအရ General seat ကိုယ်စားလှယ်နေရာနှင့် အမျိုးသမီးကိုယ်စားလှယ်နေရာ ခွဲဝေသတ်မှတ်မှုမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

ပြည်နယ်လွှတ်တော်များ (Provincial Assemblies)

ပါကစ္စတန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉၇၃ အရ ပါကစ္စတန်ဖက်ဒရေးရှင်းကို ပြည်နယ် လေးခုဖြစ်သော Balochistani Khyber Pakhtunkhwa၊ Punjab နှင့် Sindh ပြည်နယ်တို့ဖြင့် ဖွဲ့စည်းထားပါသည်။ ပြည်နယ်တစ်ခုချင်းစီတွင် ၎င်းတို့ကိုယ်တိုင် ရွေးကောက်တင်မြှောက် ထားသည့် ပြည်နယ်လွှတ်တော်ဟုခေါ်ဆိုသည့် ဥပဒေပြုအဖွဲ့အစည်း တစ်ရပ်စီကို ဖွဲ့စည်း ထားပြီး ပြည်နယ်၏မြို့တော်များတွင် ထားရှိပါသည်။ ပြည်နယ်အစိုးရအဖွဲ့ကို ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များအနက် ရွေးချယ်ထားသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားပြီး ပြည်နယ်အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်သည့် ဝန်ကြီးချုပ်ကိုလည်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်ခန့်အပ်သည်။

 

ပြည်နယ်လွှတ်တော် တစ်ခုချင်းစီ၏ ကိုယ်စားလှယ်နေရာများကို ယင်းပြည်နယ်တွင် နေထိုင် သည့် လူဦးရေအပေါ်တွင် မူတည်သတ်မှတ်သည်။ ခွဲဝေကိုယ်စားလှယ်နေရာ (General Seat) များအပြင် အမျိုးသမီးများနှင့် မူဆလင်မဟုတ်သူများအတွက်လည်း ကိုယ်စားလှယ်နေရာ များကို သတ်မှတ်ပေးထားသည်။ ၂၀၁၈ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်နယ် တစ်ခုချင်းစီအလိုက် ကိုယ်စားလှယ်နေရာများကို ဇယားပါအတိုင်း ခွဲဝေသတ်မှတ်ခဲ့သည် -

၂၀၁၈ ခုနှစ် မေလတွင် လွှတ်တော်မှ အတည်ပြုခဲ့သည့် (၂၅) ကြိမ်မြောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်အရ Khyber Pakhtunkhwa နှင့် FATA ကို ပေါင်းစည်းခဲ့သဖြင့် Khyber Pakhtunkhwa ၏ ပြည်နယ်အဆင့် ကိုယ်စားလှယ် နေရာအရေအတွက်ကို General Seats ၁၁၅  နေရာ၊ Women ၂၆ နေရာ၊ Non-Muslims လေးနေရာ စုစုပေါင်း ၁၄၅ နေရာ တိုးမြှင့်ပြင်ဆင် သတ်မှတ်ခဲ့သည်။ ယင်းပြောင်းလဲမှုသည် ၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြီးနောက်တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်သည်။

 

ပြည်နယ်လွှတ်တော်များ၏ တာဝန်နှင့်လုပ်ပိုင် ခွင့်များ

 

၁၈ ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုအရ ပြည်နယ်များသည် ပြည်နယ်အစိုးရ ဖွဲ့စည်း၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာကိုရရှိခဲ့ပြီး နိုင်ငံရေး၊ စီမံအုပ်ချုပ်ရေး၊ ဘဏ္ဍာရေးပိုင်း များနှင့် စပ်လျဉ်းပြီး တာဝန်နှင့် လုပ်ပိုင်ခွင့်အာဏာများကို ရွေးကောက်ခံ ကိုယ်စားလှယ်များ အပေါ်တွင် အပ်နှင်းထားသည်။ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် စီမံအုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေး ပိုင်းဆိုင်ရာများတွင် ပြည်နယ်များသည် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရရှိခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပြည်နယ်လွှတ်တော်များသည် အောက်ဖော်ပြပါတာဝန်များကို ဆောင်ရွက်ရသည်

- လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဝန်ကြီး  ချုပ်များအား ရွေးကောက်တင်မြှောက်ခြင်း၊

- သမ္မတနှင့် သက်ဆိုင်ရာပြည်နယ်အလိုက် အထက်လွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်နိုင်ရေးအတွက် ရွေးကောက်တင်မြှောက်ရေးအဖွဲ့ (Electoral College) အဖြစ်ဆောင်ရွက်ပေးခြင်း၊

- ပြည်နယ်လွှတ်တော်သည် ဖက်ဒရယ်ဥပဒေစာရင်းတွင် မပါဝင်သည့် ပြစ်မှုဆိုင်ရာ ဥပဒေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံး၊ သက်သေခံချက်နှင့် စပ်လျဉ်း၍ ပြည်နယ်အတွက် ဥပဒေပြုခြင်း၊ (သို့ရာတွင် ကုရ်အာန်ကျမ်းနှင့် ဆွန်နီတွင် ဖော်ပြထားသည့် အစ္စလာမ်၏တားမြစ်ချက်များကို ကျော်လွန်၍လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ကျော်လွန်၍ လည်းကောင်း၊ ဖက်ဒရယ် ဥပဒေနှင့်မကိုက်သည့် ဥပဒေများကို လည်းကောင်း၊ အခြေခံ အခွင့်အရေးနှင့် မူဝါဒစည်းမျဉ်းစည်းကမ်းများကို ကျော်လွန်၍လည်းကောင်း မည်သည့်ဥပဒေကို မျှဥပဒေပြုခွင့်မရှိပေ)၊

- ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များဖြစ်သော ပြည်နယ်များအတွက် နှစ်စဉ်ဘဏ္ဍာငွေအရ အသုံးအပါအဝင် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

- အစိုးရအဖွဲ့အား စောင့်ကြပ်ခြင်း၊

 

ပြည်နယ်လွှတ်တော်များ၏ သက်တမ်း

 

ပြည်နယ်လွှတ်တော်၏ သက်တမ်းကို ပြည်နယ်လွှတ်တော်အစည်းအဝေး စတင်ကျင်းပသည့် နေ့မှ ငါးနှစ်ပြည့်မြောက်သည်အထိ သတ်မှတ်ထားသည်။ အထွေထွေရွေးကောက်ပွဲကို ပြည်နယ် များတွင် တစ်ရက်တည်း၌ တစ်ပြိုင်နက် ကျင်းပခြင်းဖြစ်သည့်အတွက် ပြည်နယ်လေးခု၏ လွှတ်တော် အစည်းအဝေးများကို တစ်ချိန်တည်းတွင် စတင်ရသည်။ လွှတ်တော်သက်တမ်းပြည့် မြောက်ပါကလည်း ဖျက်သိမ်းခြင်းကို တစ်ချိန်တည်းဆောင်ရွက်သည်။

ပြည်နယ်လွှတ်တော် များအတွက် ရွေးကောက်ပွဲစနစ်

 

ပြည်နယ်လွှတ်တော်များ၏ ခွဲဝေနေရာ (General Seat) အတွက် ကိုယ်စားလှယ်ရွေးချယ် ခြင်းကို မဲဆန္ဒနယ်တစ်နယ်လျှင် ကိုယ်စားလှယ် တစ်ဦးနှုန်းဖြင့် ဆန္ဒမဲအများဆုံးရရှိသူအား တိုက်ရိုက် ရွေးကောက်တင်မြှောက်ခြင်းဖြစ်ပါသည်။ အမျိုးသမီးများနှင့် မူဆလင်မဟုတ်သူများ အတွက် သတ်မှတ်ထားသည့် ကိုယ်စားလှယ်နေရာများ ရွေးချယ်ခြင်းကို ပါတီမှတင်သွင်းသည့် ကိုယ်စား လှယ်စာရင်းပေါ်မူတည်၍ အချိုးကျကိုယ်စားပြု စနစ်ဖြင့် ရွေးကောက်တင်မြှောက် ပါသည်။ အောက်လွှတ်တော်မှာကဲ့သို့ပင် အမျိုးသမီးများနှင့် မူဆလင်မဟုတ်သူများအတွက် သတ်မှတ်ထား သည့် ကိုယ်စားလှယ်နေရာများ ခွဲဝေရာတွင် နိုင်ငံရေးပါတီများမှ အနိုင်ရရှိသည့် ခွဲဝေကိုယ်စား လှယ်နေရာ (General Seat) ပေါ်တွင်မူတည်၍ ခွဲဝေပေးခြင်းဖြစ်ပါသည်။

 

ပါကစ္စတန်နိုင်ငံရွေးကောက်ပွဲကော်မရှင် (Election Commission of Pakistan - ECP)

 

ပါကစ္စတန်နိုင်ငံ ရွေးကောက်ပွဲကော်မရှင် (ECP) သည် ၁၉၅၆ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမဦးဆုံးပေါ်ပေါက်လာသည့် အဖွဲ့အစည်းဖြစ်ပြီး ၁၉၅၆ ခုနှစ် မေလ၂၃ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။ သမိုင်းတစ်လျှောက် နိုင်ငံရေး ဖြစ်စဉ်များအပေါ်မူတည်၍ ဒီမိုကရေစီကျသော ကိုယ်စားပြုစနစ် အားကောင်းလာစေရန်အတွက် ပွင့်လင်းမြင်သာမှုနှင့် လိုက်လျောညီထွေမှု ရှိသော အဖွဲ့အစည်းတစ်ခုအဖြစ်သို့ အသွင်ကူးပြောင်းရန် ပြုပြင်ပြောင်းလဲမှုများ၊ ပြင်ဆင် ဖွဲ့စည်းခြင်းများရှိခဲ့သည်။

 

ပါကစ္စတန်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်သည်  လွတ်လပ်၍အမှီအခိုကင်းစွာ စနစ်တကျဖွဲ့စည်း ထားသည့် ဖက်ဒရယ်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ရန်တာဝန်ရှိသည်။ ပါကစ္စတန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထွေထွေ ရွေးကောက်ပွဲကို ငါးနှစ်လျှင် တစ်ကြိမ်ကျင်းပသည်။ သမ္မတ ရွေးကောက်ပွဲ၊ အထက်လွှတ်တော် ရွေးကောက်ပွဲ၊ အောက်လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များ ရွေးကောက်ပွဲ (General Election)၊ ဒေသအာဏာပိုင်  အစိုးရအဖွဲ့များ ရွေးကောက်ပွဲတို့ကို တာဝန်ယူ ကျင်းပပေး ရသည်။

 

ရွေးကောက်ပွဲကော်မရှင်ကို ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ (ကော်မရှင်နာ) နှင့် အဖွဲ့ဝင်လေးဦး (ပြည်နယ်တစ်ခုလျှင် တစ်ဦးနှုန်း) ဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတို့ကို သမ္မတကခန့်အပ်ပြီး သက်တမ်းမှာ ငါးနှစ်ဖြစ်သည်။ အဖွဲ့ဝင်လေးဦးအနက် နှစ်ဦးသည်  ပထမနှစ်နှစ်ခွဲ သက်တမ်း ပြည့်မြောက်ပါကတာဝန် ကုန်ဆုံးမည်ဖြစ်ပြီး ကျန်နှစ်ဦးသည် နောက်နှစ်နှစ်ခွဲ သက်တမ်းတွင် တာဝန်ကုန်ဆုံးမည်ဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင် စတင်တာဝန်ထမ်းဆောင် ချိန်တွင် အဖွဲ့ဝင်လေးဦးအနက် ပထမသက်တမ်း နှစ်နှစ်ခွဲသာ တာဝန်ထမ်းဆောင်ရမည့် အဖွဲ့ဝင် နှစ်ဦးကို မဲနှိုက်ရွေးချယ်သည်။ လစ်လပ်သွားသည့် အဖွဲ့ဝင်နှစ်ဦးနေရာတွင် ခန့်အပ်လိုက်သည့် အဖွဲ့ဝင် သစ်နှစ်ဦး၏ သက်တမ်းသည် တာဝန်ထမ်းဆောင် လျက်ရှိသည့် အဖွဲ့ဝင်နှစ်ဦး၏ ကျန်ရှိသက်တမ်းနှင့်အညီဖြစ်သည်။ အဖွဲ့ဝင်များသည် တရားရုံးချုပ်တွင် တရားသူကြီး အဖြစ်ဖြစ်စေ သို့မဟုတ် အဆင့်မြင့်အရာရှိအဖြစ်ဖြစ်စေ သို့မဟုတ် စက်မှုလက်မှုသိပ္ပံ ပညာရှင် အဖြစ်ဖြစ်စေ ထမ်းဆောင်ဖူးရန် သတ်မှတ် ထားပြီး ဥက္ကဋ္ဌသည် အသက် ၆၈ နှစ်နှင့် အဖွဲ့ဝင် များသည် အသက် ၆၅ နှစ်ထက် မကြီးသူများဖြစ်ရမည်။ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ပါကစ္စတန် နိုင်ငံ၏ အဖွဲ့အစည်းတစ်ခုခုတွင် တာဝန်ထမ်းဆောင်နေသူ။  လစာ၊ စရိတ်၊ ကြေးငွေရသော အခြားရာထူးတစ်ခုခုတွင် တာဝန်ထမ်းဆောင်နေသူမဖြစ်ရပါ။ရာထူးပြီးဆုံး ပြီးနောက်လည်း နှစ်နှစ်အတွင်း ပါကစ္စတန်ရှိ အဖွဲ့ အစည်းတစ်ခုခုတွင် တာဝန်ထမ်းဆောင်ခွင့် မရှိပေ။

 

ရွေးကောက်ပွဲများ ကျင်းပခြင်း

 

ပါကစ္စတန်နိုင်ငံသည် ၁၉၄၇ ခုနှစ် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရပြီးနောက် ၁၅ နှစ်အတွင်း  မည်သည့်ရွေးကောက်ပွဲမျှ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း  မရှိခဲ့ပေ။ ပထမဆုံးသောရွေးကောက်ပွဲကို ၁၉၆၂ ခုနှစ်တွင် ကျင်းပခဲ့သည်။ ဒီမိုကရေစီစနစ်အထွေထွေ ရွေးကောက်ပွဲများကို ၁၉၇၀ ပြည့်နှစ်၊ ၁၉၇၇ ခုနှစ်၊  ၁၉၈၅ ခုနှစ်၊ ၁၉၈၈ ခုနှစ်၊ ၁၉၉၀ ပြည့်နှစ်၊ ၁၉၉၃ ခုနှစ်၊ ၁၉၉၇ ခုနှစ်၊ ၂၀၀၂ ခုနှစ်၊ ၂၀၀၈ ခုနှစ် ၊ ၂၀၁၃  ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် စုစုပေါင်း (၁၁) ကြိမ်ကျင်းပခဲ့ပြီး ဖြစ်သည်။

 

အထွေထွေရွေးကောက်ပွဲကို လွှတ်တော်များ ပြီးဆုံးရန် သတ်မှတ်ထားသည့်နေ့မတိုင်မီ ရက်ပေါင်း ၆၀ အတွင်း ကျင်းပပေးရပြီး ရွေးကောက်ပွဲရလဒ်ကို လွှတ်တော်ပြီးဆုံးမည့်နေ့ရက် မတိုင်မီ အနည်းဆုံး ၁၄ ရက် ကြိုတင်၍ ကြေညာပေးရသည်။ လွှတ်တော်များကို ဖျက်သိမ်း ခဲ့ပါက ရက်ပေါင်း ၉၀ အတွင်း ကျင်းပပေးရပြီး ရွေးကောက်ပွဲရလဒ်ကို မဲပေးပြီး နောက် ၁၄ ရက်ထက် နောက်မကျဘဲ ကြေညာပေးရသည်။ လွှတ်တော်ကိုယ်စားလှယ်နေရာသည် လွှတ်တော်သက်တမ်းမကုန်ဆုံးမီ ၁၂၀ အတွင်း လစ်လပ်ပါက လစ်လပ်နေရာများအတွက် ရွေးကောက်ပွဲကို လစ်လပ်သည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကျင်းပပေးရသည်။ အထက်လွှတ်တော် တွင် ကိုယ်စားလှယ်နေရာလစ်လပ်ပါက လစ်လပ် သည့်နေ့မှရက်ပေါင်း ၃၀ အတွင်း ကျင်းပပေးရသည်။

 

ပါလီမန်လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်း သတ်မှတ်ချက်များ

 

၁၉၇၄ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ သက်ဆိုင်ရာမဲစာရင်းတွင် မဲဆန္ဒရှင်အဖြစ်ပါဝင်သူ ပါကစ္စတန်နိုင်ငံသားဖြစ်ရမည်။ အောက်လွှတ်တော် (National Assembly) နှင့် ပြည်နယ် လွှတ်တော်အတွက် အသက် ၂၅ နှစ် ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး အထက်လွှတ်တော် (Senate) အတွက် အသက် ၃၀ နှစ်ပြည့်ပြီးသူဖြစ်၍ အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။ အစ္စလာမ် ဘာသာ၏ တားမြစ်ချက်များကို ချိုးဖောက်သူမဖြစ်ရပါ။ အစ္စလာမ္မစ်၏ အလေ့အကျင့်နှင့် ပတ်သက်၍ လုံလောက်သော ဗဟုသုတ ရှိရမည်။ ရိုးသားဖြောင့်မတ်သူဖြစ်ရမည်။ ကိုယ်ကျင့် တရားပျက်ပြားသူအဖြစ် ပြစ်မှုစီရင်ခြင်းခံရသူ မဖြစ်စေရ။ ဘွဲ့ရရှိရမည်ဖြစ်ပြီး တိုင်းပြည်၏ စည်းမျဉ်း၊ စည်းကမ်းများကို ဆန့်ကျင်သူမဖြစ်ရပါ။

 

မဲဆန္ဒရှင်အရည်အချင်းသတ်မှတ်ခြင်း

 

မဲဆန္ဒရှင်သည် ပါကစ္စတန်နိုင်ငံသားဖြစ်ပြီး နှစ်တစ်နှစ်၏ ဇန်နဝါရီလ ပထမရက်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမည်။ တရားရုံး၏ ပြစ်ဒဏ်  ကျခံနေရသူ၊ စိတ်ပေါ့သွပ်နေသည်ဟု တရားရုံးက သတ်မှတ်ခြင်းခံရသူမဖြစ်ရပါ။ ရွေးကောက်ပွဲရိယာ အတွင်းနေထိုင်သော မဲဆန္ဒရှင် လည်းဖြစ်ရမည်။  မဲစာရင်းတွင်ပါဝင်သော နိုင်ငံသားသာလျှင် မဲပေးခွင့်ရှိသည်။ မဲဆန္ဒရှင်သည် National Database &  Registration Authority (NADRA) က ထုတ်ပေးသော Computerized National Identity Card (CNIC) ရရှိထားသူဖြစ်ရမည်။ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းကို NADRA က CNIC စနစ်အရ ပြုစုထားသောစာရင်းမှ အသက် ၁၈ နှစ်ပြည့်ပြီးသူများ စာရင်းအား ရွေးကောက်ပွဲကော်မရှင်သို့ပြုစုပေးသည်။

 

၂၀၁၈ ခုနှစ်အထွေထွေရွေးကောက်ပွဲ

 

၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည်။ ၎င်းရွေးကောက်ပွဲတွင် အောက်လွှတ်တော် ၂၇၂ နေရာနှင့် ပြည်နယ်လွှတ်တော် ၅၇၇ နေရာတို့အတွက် ကိုယ်စားလှယ်နေရာများကို ရွေးကောက်တင်မြှောက်ခဲ့သည်။ မဲပေးမှုမှာ ၅၁ ဒသမ ၇ ရာခိုင် နှုန်းရှိခဲ့သည်။ ရွေးကောက်ပွဲဆိုင်ရာ တာဝန်များအတွက် ဝန်ထမ်း ၈၁၁၄၉၁ ဦး ခန့်အပ်ထားပြီး ရွေးကောက်ပွဲအရာရှိများ၊ လက်ထောက် ရွေးကောက် ပွဲအရာရှိများ၊ မဲရုံမှူးများ၊ ရဲများ၊ ဥပဒေစိုးမိုးရေးအေဂျင်စီများနှင့် လုံခြုံရေးတာဝန် ပေးအပ်ထားသည့် လက်နက်ကိုင် တပ်ဖွဲ့ဝင် ၃၇၁၀၀၀ ပါဝင် သည်။ မဲရုံ (Polling Stations) ၈၅၃၁၇ ရုံရှိပြီး မဲရုံငယ် (Polling Booths) ၂၄၂၀၀၀ ရုံ ပါဝင်သည်။

 

နိုင်ငံရေးပါတီ ၇၉ ပါတီနှင့် တစ်သီးပုဂ္ဂလများ  ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အောက်လွှတ်တော်  အတွက် နိုင်ငံရေးပါတီများ အနိုင်ရရှိမှုမှာ အောက်ပါအတိုင်းဖြစ်သည် -

 

နိဂုံး

 

ပါကစ္စတန်နိုင်ငံ၏ နိုင်ငံရေးသမိုင်းတွင် တပ်မတော်၏ ပါဝင်မှုကဏ္ဍသည် အရေးပါသည့်  အပိုင်းတွင်ရှိခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း  တပ်မတော်မှ အာဏာသိမ်းမှုအကြိမ်ကြိမ် ဖြစ်ခဲ့ပြီး စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့သော်လည်း ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဆင့်ဆင့်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာ၌ အဓိကအခန်းကဏ္ဍတွင် ပါဝင်သော ရွေးကောက်ပွဲကော်မရှင်သည် အချိုးကျ ကိုယ်စားပြုစနစ်ကို ပွင့်လင်းမြင်သာမျှတမှုရှိစေရန် လိုအပ်သောပြင်ဆင်ဆောင်ရွက်မှုများ ရှိခဲ့ခြင်း၊ နိုင်ငံတော်သမ္မတနှင့် ဝန်ကြီးချုပ်တို့၏လုပ်ပိုင်ခွင့်အာဏာများကို ခွဲဝေသတ်မှတ် ထားခြင်းနှင့် အပြန်အလှန်ထိန်းကျောင်းမှုပြုနိုင်ရန် ပြဋ္ဌာန်းထားခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေရှိအောင် ပြင်ဆင်ပြဋ္ဌာန်းခြင်း၊ ဥပဒေပြုခွင့် အာဏာကို ပြည်ထောင်စုအဆင့်လွှတ်တော်များနှင့်ပြည်နယ် အစိုးရများအကြား ခွဲဝေကျင့်သုံး ခြင်းတို့က ဒီမိုကရေစီစနစ်ကို ပိုမိုခိုင်မာစေသည်ကို တွေ့ရှိရပါသည်။  ဗဟိုအစိုးရထက် ပြည်နယ်အစိုးရသည် ပြည်သူ ပြည်သားများ၏ လိုအပ်ချက်များကို မြန်ဆန်ထိရောက်စွာ ဆောင်ရွက်ပေးနိုင်သည်ဖြစ်ရာ ဥပဒေပြုခွင့်အာဏာကို ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရများ အကြား ခွဲဝေကျင့်သုံးခြင်းက နိုင်ငံနယ်နိမိတ် ကျယ်ဝန်းသော ပါကစ္စတန်နိုင်ငံအတွက် မှန်ကန် သင့်လျော်သော ရွေးချယ်မှုစနစ် ဖြစ်ပါကြောင်း၊ သုံးသပ်တင်ပြလိုက်ရပါသည်။ ။

 

ကိုးကား

-Election Commission of Pakistan

- Presidential Elections by IFES

- Election in Pakistan (Wikipedia)

- Basic Facts About Pakistan

- https://www.ecp.gov.pk/default.aspx

- http://www.na.gov.pk/en/composition.php

- 2018 Pakistani general election

သိန်းဦး

No comments:

Post a Comment