Wednesday, August 18, 2021

ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်

 




ဇီးကုန်း     ဩဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်လိုအပ်သော ကိုဗစ်-၁၉ ရောဂါ Positive လူနာများနှင့် ဆေးရုံတက်ရောက်ကုသနေသော အခြားရောဂါသည်လူနာများအား အဆင်ပြေလွယ်ကူစွာ အောက်ဆီဂျင်ပေးနိုင်ရေးအတွက် အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင်ခြင်းကို ယမန်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်ပိုက်လိုင်းများကို လူနာများ၏ ကုတင်နားအထိတပ်ဆင်ထားရှိပြီး (၄၀ လီတာ) အောက်ဆီဂျင်အိုး ၈ အိုးပါသော Oxygen Plant ဖြင့် လူနာ(၁၆)ဦး တစ်ပြိုင်နက် အသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက်ထားရှိပြီး၊ တိုင်းဒေသကြီးအစိုးရ၏ ပံ့ပိုးမှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ယမန်နေ့အထိ ပိုးတွေ့လူနာ (၈၄၆)ဦး၊ ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရရှိသူ (၆၅၁) ဦးနှင့် သေဆုံးသူ(၆၃)ဦး ရှိခဲ့ကြောင်း၊ လက်ရှိတွင် မြို့နယ်ပြည်သူ့ဆေးရုံ Isolation Ward နှင့် ကုသရေး ဌာနများတွင် ဆေးဝါးကုသမှုခံယူနေသူ (၁၁၉) ဦးရှိပြီး အဆိုပါလူနာများအတွက် အောက်ဆီဂျင် လုံလောက် ရေးကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၊ မိုးကောင်းဆရာတော် ဦးဉာဏသိဒ္ဓိတို့က စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အောက်ဆီဂျင်ပိုက် လိုင်းများ သွယ်တန်းပြီးစီးပါက လူနာများအား အဆင်ပြေလွယ်ကူစွာ အောက်ဆီဂျင်ပေးနိုင်ပြီး ခန့်မှန်းကုန် ကျငွေ ကျပ်သိန်း(၁၀၀)ကျော် ကုန်ကျမည်ဖြစ်ကြောင်းကို မြို့နယ် ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦးထံမှ သိရသည်။

တင့်ဆွေ(ပြန်ဆက်)


No comments:

Post a Comment