ဘားအံ ဩဂုတ် ၁၄
ကရင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၁)ကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၁)၌ ယမန်နေ့ နံနက်၁၀နာရီက ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အတွင်းရေးမှူးတို့ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်အား အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့အစိုးရသည် နိုင်ငံရေးအစိုးရ မဟုတ်ဘဲ အချိန်တိုအတွင်း တာဝန် ထမ်းဆောင်ရမည့် အစိုးရဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲအနိုင်ရပါတီသို့ အာဏာပြန်မလွှဲမီ တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် ပြည်သူတို့၏ စားဝတ်နေရေး အဆင်ပြေ ဖူလုံစေရေးများအတွက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့အပြင် ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ စီးပွားရေးကို မြှင့်တင်ပေးရန်နှင့် အလုပ်အကိုင်ခိုင်ခိုင်မာမာ ရှိအောင် ဆောင်ရွက်ပေးရန် လိုကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများနှင့် တာဝန်ရှိသူများက ယခင် အပတ် အစည်းအဝေးမှတ်တမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ယခုအစည်းအဝေးတွင် အတည်ပြုရန်လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အထွေထွေပိုလျှံရန်ပုံငွေ ခွဲဝေသုံးစွဲရေး အစရှိသည့် လုပ်ငန်းရပ် (၁၄)ချက်အား ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက အတည်ပြုဆုံးဖြတ်ပေး ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း များတွင် အသုံးပြုနိုင်ရန်အတွက် မေဘရဏီCo,Ltdမှအလှူငွေ (၁၅)သိန်းအား လာရောက်လှူဒါန်းရာ ပြည်နယ် ဝန်ကြီးချုပ်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment