မန္တလေး ဩဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အလှူရှင်များမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် (တတိယအကြိမ်မြောက်) အလှူငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃နာရီက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှိ မြို့တော်ခန်းမတွင် ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အတွင်းရေးမှူးနှင့်အလှူရှင်များ တက်ရောက်ကြသည်။
လှူဒါန်းပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်ဦးမောင်ကိုက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကို စနစ်တကျစီမံဆောင်ရွက်လျက်ရှိရာ ယခုအခါ ကူးစက်သေဆုံးမှု ယခင်ထက်များစွာ လျော့ကျလာသည်ကို တွေ့ရှိရကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထိန်းချုပ်ရေး ကုသရေးလုပ်ငန်းများအား ကျန်းမာရေးဝန်ထမ်းများ၊ Volunteerအဖွဲ့များအနေဖြင့် အသက်အန္တရာယ် ရှိသည့်ကြားမှ အပင်ပန်းခံ ဆောင်ရွက်နေပါကြောင်း၊ အလှူရှင်များ၏ လှူဒါန်းငွေများကို ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် မှန်ကန်စွာအကျိုးရှိရှိ အသုံးပြုသွားပါမည်ဖြစ်ကြောင်း၊ လှူဒါန်းငွေများဖြင့် အောက်ဆီဂျင်ပြတ်လတ်မှုမရှိရေးအတွက် မြို့နယ်များအလိုက် အောက်ဆီဂျင် စက်ရုံများတည်ဆောက်ပြီး ဖြန့်ဝေနိုင်အောင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရောဂါဝေဒနာခံစားနေကြ သူများ၏အသက်ကို ကယ်တင်ခြင်းသည် မြတ်သောအလှူဒါနပင်ဖြစ်ပါကြောင်းနှင့် အစိုးရ၊ အလှူရှင်များ၊ ပြည်သူများ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အလှူရှင် ၃ ဦးမှ ကျပ်သိန်း(၁၅၀၀)၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ ကျပ်သိန်း(၅၀၀)၊ ဦးကျော်ဟိန်း+ဒေါ်မြဒါယု (ချမ်းဟိန်းကုမ္ပဏီ)မှ ကျပ်သိန်း(၅၀၀)၊ ဦးမျိုးထွေးမိသားစုမှ ကျပ်သိန်း(၂၀၀)တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုကလည်းကောင်း၊ အလှူရှင် ဒေါ်သိမ့်သိမ့်အေး (ယွန်းသန့်ကျော် ကုမ္ပဏီ)က ကျပ် သိန်း (၁၀၀၀)၊ မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ကျပ် သိန်း(၂၀၀)၊ ဦးသူတော် (သား)ဦးသက်နိုင်+ဒေါ်မီမီဝင်း မိသားစု (အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်း)မှကျပ် သိန်း(၁၀၀)၊ ဒေါ်ရွှေစင်မိုးမှ ကျပ် သိန်း(၁၀၀)၊ ဦးသိန်းဇော်+ဒေါ်ကြူကြူဝင်း(ရွှေကုန်သည်)မှ ကျပ်(၂၅)သိန်းတို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးကလည်းကောင်း လက်ခံရ ယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ထိပ်ထားနိုင်

No comments:
Post a Comment