ရခိုင် ဩဂုတ် ၁၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ မြို့မနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးဝင်းကိုလေးအား မြို့မနာရေး ကူညီမှုအသင်းမှ ကိုဗစ်-၁၉ကပ်ရောဂါ ကာလအတွင်း ကူညီဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ယမန်နေ့နံနက် ၁၁ နာရီအချိန်က တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
အမေး။
မင်္ဂလာပါ ခင်ဗျာ၊ လူကြီးမင်းအမည်နှင့် အသင်းအဖွဲ့ရဲ့ အမည်လေးကို
မိတ်ဆက်ပေးစေ ချင်ပါတယ်။
အဖြေ။ ကျွန်တော်
ကတော့ သံတွဲမြို့၊ မြို့မနာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးဝင်းကိုလေး ဖြစ်ပါတယ်၊ နာမည်ရင်းကတော့
ဦးဝင်းကိုကိုပါ ။ အသင်းအဖွဲ့ရဲ့ အမည်ကတော့ မြို့မနာရေး ကူညီမှု
အသင်းဖြစ်ပါတယ်။
အမေး။ ဒီနာရေးကူညီမှုအသင်း
ထူထောင်ခဲ့ရတဲ့ ရည်ရွယ်ချက်လေးကိုသိချင်ပါတယ်။
အဖြေ။ အသင်းထူထောင်ခဲ့ရတဲ့
ရည်ရွယ်ချက်ကတော့ “ပူဆွေးသောကရောက်ရတဲ့ မိသားစုဒုက္ခကို အတတ်နိုင်ဆုံး လျော့ပါးနိုင်အောင်”ဆိုတဲ့
ရည်ရွယ်ချက်ကို အဓိက ထားပါတယ်။
အမေး။ ဒီအသင်းကို
စတင်တည်ထောင်ခဲ့တဲ့ ခုနှစ်နှင့်ကနဦး ပါဝင်ဆောင်ရွက်ခဲ့တဲ့ အဖွဲ့ဝင် ဦးရေကို သိချင်ပါတယ်။
အဖြေ။ အသင်းကို
စတင်တည်ထောင်ခဲ့တဲ့ ခုနှစ်ကတော့ ၂၀၁၂ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး အသင်းအဖွဲ့ကိုလည်း
မှတ်ပုံတင်ထားပြီးဖြစ်ပါတယ်။ အသင်းစတင် တည်ထောင်စဉ် က အဖွဲ့ဝင်အင်အား (၈၀)ကျော်ခန့် ရှိခဲ့ပါတယ်။
အခုအချိန်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါ အနေအထားအရ အမှန်တကယ် ဆောင်ရွက်နေတာ (၂၀)ဦးလောက်ပဲ
ရှိပါတယ်။
အမေး။ ကိုဗစ်-၁၉
ကပ်ရောဂါ ဖြစ်နေချိန်မှာ လူကြီးမင်းတို့ အသင်းအနေဖြင့် တတ်အား သရွေ ကူညီအားဖြည့်နေမှုများကို သိချင်ပါတယ်။
အဖြေ။ ကိုဗစ်-၁၉ကပ်ရောဂါ
ဖြစ်ချိန်ကတော့ အရေးကြီးပါတယ်။ ပထမလှိုင်းဖြစ်စဉ်က သံတွဲမှာ သေဆုံးသူမရှိခဲ့ပါဘူး။
ဒုတိယလှိုင်းမှာ သေဆုံးသူ(၂)ဦးရှိခဲ့ပါတယ်။ ယခု တတိယလှိုင်းမှာတော့ သေဆုံးသူ(၃၀)ဦး
ထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။ကိုဗစ်-၁၉ ရောဂါနှင့် သေဆုံးတဲ့လူတွေကို (၂)နာရီအတွင်း ရောဂါမပြန့်ပွားစေရေးအတွက်
မီးသင်္ဂြိုလ်ရပါတယ်။ ဒီလိုဆောင်ရွက်နိုင်ရန်အတွက် သေဆုံးသူရှိလာတာနဲ့ တစ်ပြိုင်နက်
ခရိုင်ပြည်သူ့ဆေးရုံမှ ကျွန်တော်တို့အသင်းကို ချက်ချင်း ဖုန်းဆက် ပါတယ်။ကျွန်တော်တို့အသင်းက
ဖုန်းသတင်းရတာနဲ့ အသင်းပိုင်နာရေးကားနဲ့ ယာဉ်မောင်းကို ဆေးရုံကို စေလွှတ်ရပါတယ်။ ဒီနေရာမှာတော့
မြို့နယ်ကြက်ခြေနီ အသင်းက(၄)ဦးလိုက်ပါ ဆောင်ရွက် ပေးပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း
မြို့နယ်ကြက်ခြေနီ အသင်းရဲ့ဥက္ကဋ္ဌ ဖြစ်နေတော့ ကျွန်တော့်ရဲ့ကားနဲ့ ချက်ချင်း ခေါ်ယူပြီး
ပူးပေါင်းဆောင်ရွက် ကြပါတယ်။ မီးသင်္ဂြိုလ်စက် ရောက်တာနဲ့ နာရေးအဖွဲ့က အဆင်သင့်စောင့်ဆိုင်းပြီး
မီးပြာကျတဲ့အထိ လုပ်ဆောင်ပေးရပါတယ်။ မှတ်မှတ်ရရ ညဘက်သေဆုံး(၃)ဦးရှိခဲ့တဲ့ ညက အသင်းသားများက
နံနက်(၂)နာရီ ကျော်မှ အိမ်ပြန်ကြရပါတယ်။ အချိန်မရွေးသေဆုံးနိုင်တာမို့ ရောဂါကူးစက်မှုနှုန်း
လျော့နည်းစေရေးအတွက် အမြန်ဆုံးဆောင်ရွက်ရတာ အရမ်းပင်ပန်းပါတယ်။
အမေး။ အသင်းအနေနဲ့
ပရဟိတစိတ်နှင့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်တဲ့အခါမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေရှိပါသလား။ ရှိခဲ့ရင်လည်း
ဘယ်လိုကျော်လွှားပြီး ဖြေရှင်းပါသလဲ သိချင်ပါတယ်။
အဖြေ။ မီးသင်္ဂြိုလ်စက်ကို စတင်တည်ထောင်တာ (၇)နှစ်ရှိပါပြီ။
ခုအချိန်ထိ သေဆုံးသူ ဦးရေ(၉၀၀)ကျော်ရဲ့ ရုပ်အလောင်းများကို ကောင်းမွန်စွာ သင်္ဂြိုလ်နိုင်ခဲ့ပါတယ်။
အဆိုးဆုံးကတော့ ရှေးအယူစွဲတွေကို တိုက်ဖျက်ရတာ မလွယ်လှပါဘူး။ ခုတော့ အသင်းရဲ့ကြိုးပမ်း
ဆောင်ရွက်မှုကြောင့် အားလုံးအဆင်ပြေသွားပါပြီ။
အမေး။ လူကြီးမင်းတို့ နာရေးကူညီမှုအသင်းအနေနဲ့ ပရဟိတစိတ်ကို အခြေခံပြီး ဆောင်ရွက်ရတဲ့
လုပ်ငန်းဖြစ်တဲ့အတွက် လူကြီးမင်းတို့ရဲ့ ရင်တွင်းစကားသံလေးကို ကြားချင်ပါတယ် ခင်ဗျာ။
အဖြေ။ ကျွန်တော်တို့
သံတွဲမြို့ကတော့ ခရိုင်မြို့ဖြစ်တဲ့အတွက် ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ လာရောက် ဆေးကုသမှု
ခံယူသူများပါတယ်။ အကြောင်းအမျိုးအမျိုးကြောင့် သေဆုံးတဲ့ လူနရှိတဲ့အခါမှာ မိမိနေရာသို့
ပြန်လည်သယ်ယူရန် ခက်ခဲ့တဲ့အတွက် သံတွဲမြို့မသုဿန်မှာအခမဲ့ မီးသင်္ဂြိုလ်ပေးခဲ့ရတာလည်း
ရှိပါတယ်။ ဒီလိုကူညီ ဆောင်ရွက်ရတဲ့အတွက် ကျွန်တော်တို့ အသင်းသားတွေဟာ ဝမ်းသာပီတိ ဖြစ်ရပါတယ်။
တစ်ချို့ငွေကြေးလိုအပ်မှုရှိကလည်း ကူညီဆောင်ရွက် ပေးရတာ မျိုးလည်းရှိပါတယ်။
အမေး။ လူကြီးမင်းတို့ နာရေးကူညီမှုအသင်းအနေနှင့် အသင်းကိုယ်စား ပြောကြားစရာ ရှိရင်လည်း
ဖြည့်စွက်ပြောကြားစေလိုပါတယ် ခင်ဗျာ။
အဖြေ။ ခုလိုကျွန်တော်တို့
အသင်းကို ခိုင်မာစွာရပ်တည်နိုင်အောင် အဖက်ဖက်မှ ဝိုင်းဝန်း ကူညီပေးကြတဲ့ အဆောက်အဦးအလှူရှင်၊
မီးသင်္ဂြိုလ်စက်အလှူရှင်၊ မော်တော်ယာဉ် အလှူရှင်၊ ငွေကြေးအလှူရှင်များ၊ မြို့လူထုများနှင့်
ကျေးဇူးတင်ထိုက်သူများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် နောက်နောင်ကိုလည်း
အသင်းကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် မြို့အတွက် တစ်ဖက်တစ်လမ်းမှ ကူညီနိုင်အောင်
အသင်းသားများကိုယ်စား ကြိုးစားသွားပါမည်ဟု ပြောကြား လိုပါတယ်။
တွေ့ဆုံမေးမြန်း ( ဦးမြင့်ရွှေ
)
သတင်းဓာတ်ပုံနှင့်ဗီဒီယို(သန့်ဇင်)

No comments:
Post a Comment