Saturday, August 28, 2021

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ကျောက်တန်းမြို့နယ်ရှိ ပုဂ္ဂလိကစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အောက်ဆီဂျင်စက်ရုံတို့ကိုကြည့်ရှု

 


ရန်ကုန်   သြဂုတ်  ၂၈

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက ကျောက်တန်းမြို့နယ် မိုးစပါးစိုက်ခင်း၊ ကာကွယ်ဆေးထိုးနှံပေးနေမှု၊ မြို့နယ်ပြည်သူ့ဆေးရုံရှိအောက်ဆီဂျင်စက်၊ ပုဂ္ဂလိက ဂဏန်း၊ ပုဇွန်မွေး မြူရေးလုပ်ငန်းများ၊ အောက်ဆီဂျင်စက်ရုံများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တန်းမြို့နယ် ကြာကန်ကျေးရွာရှိတောင်သူ ဦးထိန်ဝင်း၏ မိုးစပါးအခြောက်ကြဲခင်း ဧက ၂၀ စံပြကွက်ကို ကြည့်ရူစစ်ဆေးပြီး ညောင်ဝိုင်းလေးကျေးရွာ မှော်ဝန်းချောင်းအတွင်းသို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ပြီးနှစ်လက်မအထက် ငါးမြစ်ချင်း ငါးအကောင်ရေ ၈သိန်း ၈ သောင်းကို မှော်ဝန်းချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးကြသည်။

ဆက်လက်၍ဝန်ကြီးချုပ်နှင့်အဖွဲ့သည်စံချိန်မီရပ်ကွက်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင်သတ်မှတ်ချက်နှင့် အကျုံးဝင်သည့် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးနေမှုကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်စက် တည်ဆောက်ပြီးစီးမှုများကိုလည်းကောင်း ကြည့်ရှု စစ်ဆေးရာ ဆေးရုံအုပ်ကြီး ဒေါက်တာမောင်မောင်ပြေနှင့်တာဝန်ရှိသူများက ကာကွယ်ဆေးထိုးပေးနေမှုအခြေအနေများနှင့် တစ်ရက်လျှင် ၄၀ လီတာဆလင်ဒါအိုး ၁၀၀ ကျော် ထွက်ရှိပြီး အောက်ဆီဂျင်လိုအပ်နေသည့် ပြည်သူ့ဆေးရုံမှ ကိုဗစ်ရောဂါလူနာများကို ကုသပေးနေမှုနှင့်လက်ရှိ လူနာ ၅၀ ဦးကို ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ကျောက်တန်းမြို့နယ် SG CRABS WORLD Limited နှင့် MEF International Co.Ltd တို့၏ဂဏန်းပျော့မွေးမြူရေးကန်များအတွင်း အလုပ်သမားများမှ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ အအေးခန်းအတွင်းပြုပြင်ထုတ်လုပ်နေမှုများကိုလည်းကောင်း၊ ပြုပြင်ထုတ်ပိုးပြီး နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်းချရန် အအေးခန်းအတွင်း သိုလှောင်သိမ်းဆည်းထားရှိမှုများကိုလည်းကောင်း၊ လှည့်လည်ကြည့်ရူစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံရှင်းလင်းပြသသည်။

ထို့နောက်ရှင်းလင်းဆောင်တွင်  SG  Crabs World  Limited မန်နေဂျင်း ဒါရိုက်တာ ဦးရဲနောင်မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၄၂၇ ဧကတွင်ရေငန်ကန်အဖြစ်ပြုပြင်ပြီးလုပ်ကွက် (၅)ကွက် တွင် ဒေသခံအလုပ်သမား ၅၀၀ ဦးဖြင့်ဂဏန်းပျော့ ၁၄ သိန်းမွေးမြူထားရှိမှု နှင့်ဂဏန်းပျော့ ထုတ်လုပ်မှုလုပ်ငန်းစဉ်များဖြစ်သည့် ကုန်ကြမ်းဝယ်ယူစုဆောင်းခြင်း၊ မွေးမြူရေးကန်များတွင် စနစ်တကျမွေးမြူခြင်း၊ အအေးခန်းစက်ရုံတွင် ပြုပြင်ထုတ်လုပ်ခြင်းနှင့် နိုင်ငံတကာ စျေးကွက်သို့တင်ပို့ရောင်းချခြင်းများနှင့် တစ်လလျှင် ဂဏန်းတန်ချိန် ၃၀ မှ ၇၀ ထိတင်ပို့နိုင်မှုများ ကိုလည်းကောင်း၊ MEF International Co.Ltd အထွေထွေမန်နေဂျာ ဦးဇော်မင်းထွန်းမှ ၁၁၅ဧကတွင် ရေငန်ကန်များအဖြစ်ပြုပြင်ပြီး ဒေသခံအလုပ်သမား ၃၀၆ ဦးဖြင့် ဂဏန်းပျော့ မွေးမြူနေမှု၊ နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်းချမှုနှင့် ငါးတန်ကောင်ရေ နှစ်သောင်း ထပ်တိုးမွေးမြူထားရှိမှုများနှင့် ကူညီပံ့ပိုးရန်လိုအပ်ချက်များကိုရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပံ့ပိုးကူညီပေးမည့် အစီအစဉ်များကိုပြောကြားသည်။ 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တန်းမြို့နယ် အောင်မိုးခိုင်ကုမ္ပဏီလီမိတက်၏ ပုဇွန်မွေးမြူရေးကန် (၁)ကန်လျှင် အကောင်ရေတစ်သိန်းဖြင့် ကန် (၄)တွင် အကောင်ရေလေးသိန်း မွေးမြူထားရှိမှုများနှင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများသို့ ဖြန့်ဝေပေးလျက်ရှိသည့် ပုဇွန်သားဖောက်ကန်များကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီးဝန်ကြီးချုပ်မှ လိုအပ်သည့်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

ယင်းနောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သီလဝါအက်စ်အီးဇက်ဇုန် B ရှိ ထိုင်း-မြန်မာဖက်စပ် ကုမ္ပဏီဖြစ်သော YIG Yangon  Industrial Gas (Thilawa)Co.Ltd သို့ရောက်ရှိရာ တာဝန်ခံ ဦးခင်မောင်ညွန့်နှင့် တာဝန်ရှိသူများကပြည်ပက  Liquid  Oxygen များကို ISO Tanks များဖြင့် မှာယူတင်သွင်း၍ကိုဗစ် - ၁၉ စင်တာများသို့ဖြည့်တင်းပေးနေမှုများကိုလည်းကောင်း၊ သီလဝါတွင် Liquid Oxygen စက်ရုံတည်ဆောက်နေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Liquid Oxygen စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ YIG စက်ရုံအနေဖြင့် နေ့စဉ် Liquid Oxygen မက်ထရစ်တန် ၆၀ ကျော်ထုတ်လုပ်နိုင်ရန် တည်ဆောက်လျက်ရှိရာယခုအခါ ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး မက်ထရစ်တန် ၄၅၀ သိုလှောင်နိုင်သည့် သိုလှောင်ကန်များတည်ဆောက်ထားရှိကြောင်း သိရသည်။ ဝန်ကြီးချုပ်က စက်ရုံရာနှုန်းပြည့် ပြီးစီးအောင်တည်ဆောက်ရေးအတွက် မှာကြားပြီး လိုအပ်သည့်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

 ဆန်းကျော်ဦး 

No comments:

Post a Comment