Thursday, May 13, 2021

အကြမ်းဖက်မှုမှန်သမျှ ပြည်သူနှင့် ပူးပေါင်းဖယ်ရှားရန် အရေးကြီးပြီ

 

ဒီမိုကရေစီနိုင်ငံများတွင် ပြည်သူလူထု၏ စိတ်ချမ်းသာပျော်ရွှင်မှုနှင့် အကျိုးစီးပွားများ ဆတက် ထမ်းပိုးတိုးတက်စေရမည့် နိုင်ငံရေးရည်မှန်းချက်များ ရှိခဲ့ကြသော်လည်း စစ်မှန်သည့် ဒီမိုကရေစီ စနစ်ရရှိအောင် တည်ဆောက်ရာတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုမှာ အလွန်ပင် အရေးကြီးလှပါသည်။ တစ်နည်းအားဖြင့်ပြောရလျှင် နိုင်ငံတစ်နိုင်ငံသည် နိုင်ငံ၏အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရန် အရေးကြီး သကဲ့သို့ ပြည်သူလူထုအားလုံး တည်ငြိမ်အေးချမ်းပြီး စိတ်ချမ်းမြေ့စွာ နေထိုင်နိုင်ရန်နှင့် တရားဥပဒေစိုးမိုးမှုရရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ တည်ငြိမ်အေးချမ်းမှုမရှိဘဲ ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ မလျှောက်လှမ်းနိုင်သည်ကိုလည်း သတိပြုသင့်ပါသည်။

ဒီမိုကရေစီယဉ်ကျေးမှုသည် ပြည်သူလူထုတို့ နေ့စဉ်ဖြတ်သန်းရသော လူမှုဘဝအတွက် နိုင်ငံရေး ဖြစ်စေ၊ စီးပွားရေးဖြစ်စေ၊ လူမှုရေးဖြစ်စေ၊ အမျိုးသားရေးဖြစ်စေ သာယာဝပြောသည့် လူ့ပတ်ဝန်း ကျင်ကို ပြည်သူတို့၏အာဏာဖြင့် ပြည်သူတို့က ဖန်တီးခွင့်ရရှိခြင်းပင် ဖြစ်ပါသည်။ ဒီမိုကရေစီ ဆိုသည်မှာ ပြည်သူတစ်ဦးချင်းကို လျစ်လျူရှုခြင်းမျိုး၊ အလေးမထားသည့် သဘောမျိုး လုံးဝ မရှိကြောင်း၊ ပြည်သူလူထုက မိမိတို့တွင်ရှိသော အရည်အချင်းများကို စုပေါင်းပြီး ဒီမိုကရေစီစနစ် အောင်မြင်စွာ စုပေါင်းပျိုးထောင်နိုင်မှသာ တူညီမျှတသည့် အခွင့်အရေးများရရှိနိုင်ကြောင်း ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ ကျင့်သုံးနေသည့် နိုင်ငံများက ယနေ့အချိန်တွင် သက်သေပြ လျက်ရှိပါသည်။

၂၀၁၀ ပြည့်နှစ်က စတင်လျှောက်လှမ်းခဲ့သည့် စာရေးသူတို့နိုင်ငံ ၏ ဒီမိုကရေစီလမ်းကြောင်းမှာ အတော်အတန် ခရီးပေါက်ခဲ့သော်လည်း အာဏာရပါတီ၏လူပုဂ္ဂိုလ်စွဲ၊ ပါတီစွဲများကို ရှေ့တန်းတင်၍ လုပ်ပိုင်ခွင့်အာဏာကို မှန်ကန်စွာအသုံးချနိုင်မှုမရှိဘဲ မိမိပါတီ အာဏာရရှိရေးကိုသာ ဦးတည် ဆောင်ရွက်ခဲ့ခြင်းကြောင့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးလမ်းကြောင်းမှာ တိုးတက်သင့်သလောက် မတိုးတက်ခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။

နိုင်ငံတော်အာဏာကို ခေတ္တထိန်းသိမ်းတည့်မတ်

ပြည်သူလူထုမှာ ဒီမိုကရေစီစနစ်၏ ဝိသေသများဖြစ်သော ရွေးကောက်ပွဲများ၊ လွှတ်တော်များနှင့် ရင်းနှီးခွင့်ရရှိခဲ့ပြီး နိုင်ငံအတွက် မှန်ကန်စွာ ဦးဆောင်ပေးနိုင်မည့် ခေါင်းဆောင်များကို မှန်မှန် ကန်ကန် ရွေးချယ်နိုင်မှုအားနည်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ တပ်မတော်မှ နိုင်ငံတော်အာဏာကို ခေတ္တထိန်းသိမ်း တည့်မတ်ဆောင်ရွက်ပေးရသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်ပါ သည်။ အာဏာရ ပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်များနှင့် အညီ မှန်ကန်စွာ စီမံဆောင်ရွက်နိုင်မည်ဆိုပါက တပ်မတော်အနေဖြင့် ယခုကဲ့သို့ နိုင်ငံတော် အာဏာကို ခေတ္တထိန်းသိမ်းရန် အကြောင်းမရှိပေ။

တပ်မတော်သည် ခေတ်အဆက်ဆက် နိုင်ငံ၏အချုပ်အခြာ အာဏာကို ကာကွယ်ရန် အဘက်ဘက် က ပြင်ဆင်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ မြန်မာနိုင်ငံကို ၎င်းတို့၏ ဩဇာခံအဖြစ် စိုးမိုးခြယ်လှယ်လိုသော အနောက်အင်အားကြီး နိုင်ငံများ၏ မျက်စိစပါးမွေးစူးခြင်း ခံရလောက်သည်အထိတပ်မတော် အနေဖြင့် မြန်မာ့အမျိုးသားနိုင်ငံရေးတွင် မားမားမတ်မတ် ပါဝင် ဆောင်ရွက်ခဲ့သည်ကို အင်အားကြီးနိုင်ငံများအနေဖြင့် မလိုလားကြပေ။

သို့အတွက် အင်အားကြီးနိုင်ငံများမှ လုပ်ရိုးလုပ်စဉ်အတိုင်း တပ်မတော်ကိုဖြိုခွဲရန် နည်းလမ်း မျိုးစုံဖြင့် ဆောင်ရွက်ခဲ့ရာ တပ်မတော်က ခိုင်မာသည့်ရပ်တည်ချက်၊ မှန်ကန်သည့် လုပ်ဆောင် ချက်များဖြင့် အောင်မြင်မှုမရှိခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ နောက်ဆုံးတွင် မဟုတ်မမှန်လုပ်ကြံ၍ အကြောင်းပြချက်အမျိုးမျိုးဖြင့် ကုလသမဂ္ဂတရားရုံး ICJ သို့ ပို့ဆောင်စွပ်စွဲသည်အထိ ဆောင်ရွက် ခဲ့ကြပါသည်။ သို့သော် တပ်မတော်၏ မွန်မြတ်မှန်ကန်သည့် စေတနာကို သိရှိသော ပြည်သူလူထု အနေဖြင့် တပ်မတော်ထောက်ခံပွဲများ၊ နိုင်ငံ၏ တရားဝင်အဖွဲ့အစည်း တစ်ခုတည်းဖြစ်သော မြန်မာ့ တပ်မတော်သည် နိုင်ငံတော် အာဏာပျံ့နှံ့ရာ မည်သည့်ဒေသမှာမဆို ကာကွယ်ရေး ကိစ္စရပ်တို့ကို လိုအပ်သလို စီမံပိုင်ခွင့်ရှိသည့်အားလျော်စွာ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စွန့်ကာကွယ် စောင့်ရှောက်နေသည့် တပ်မတော်ကို ပြိုကွဲအောင်ပြုလုပ်နေသည့် မည်သည့်နိုင်ငံ၊ ပုဂ္ဂိုလ်၊ အဖွဲ့ အစည်းကိုမဆို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါသည်။

အဆိုးဆုံးအချက်က နိုင်ငံရေးပါတီများအနေဖြင့် တပ်မတော်ကို စစ်အာဏာရှင်ဟုသုံးနှုန်းပြီး တပ်မတော်ပြိုကွဲအောင် ဘက်ပေါင်းစုံက နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့သည်ကို တွေ့မြင်နိုင်ပါ သည်။ တပ်မတော်အနေဖြင့် ပြည်သူက ရွေးချယ်ထားသည့် အစိုးရအဖွဲ့ အစည်းကို လေးစား အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း အာဏာရပါတီ၏ လုပ်ဆောင်ချက်များသည် နိုင်ငံ ၏ အချုပ်အခြာ အာဏာဆုံးရှုံးမည့်အခြေအနေသို့ ရောက်ရှိလာမည်ဆိုပါက တပ်မတော်အနေဖြင့် မှန်ကန်သည့်လမ်းကြောင်းဖြင့် တည့်မတ် ဆောင်ရွက်ပေးရန် တာဝန်ရှိသည်ကို သတိပြုစေချင် ပါသည်။

စာရေးသူတို့ နိုင်ငံအနေဖြင့် ဒီမိုကရေစီလျှောက်လှမ်းနိုင်မှုကို ပြန်ကြည့်ပါက ပထမ ဒီမိုကရေစီ သက်တမ်းတွင် ပြင်းပြင်းထန်ထန်  စိန်ခေါ်မှုများ၊ စီးပွားရေးကျဆင်းမှုများနှင့် ရင်ဆိုင်ကြုံတွေ့ ခဲ့ရသည်ကို သတိပြုမိပါသည်။ အထူးသဖြင့် နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင်  အကြမ်းဖက် သတ်ဖြတ်မှုများ၊ နယ်မြေလုတိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး မြောက်မြားစွာသော မူးယစ်ဆေးဝါးများ အလျဉ်မပြတ်ဖမ်းမိလာခြင်း၊ တရားဥပဒေစိုးမိုးမှုများ ဆိုးရွားစွာပျက်သုဉ်းလာခြင်း၊ နိုင်ငံ၏ စီးပွားရေးဘက်ပေါင်းစုံမှ ကျဆင်းလာမှုများကို သတိပြုမိပါသည်။

အာဏာရပါတီအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ရမည့် အစား တပ်မတော်ကို ဖယ်ထုတ်နိုင်ရန်ဆောင်ရွက်လာခြင်းသည် မှားယွင်းသည့် လုပ်ဆောင် ချက် ပင်ဖြစ်ပေသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးထက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကိုသာ ဦးစားပေးလုပ်ဆောင်နေခြင်းကြောင့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးမှာ အလိုလိုရပ်တန့် သွားခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ တပ်မတော်ကို ဖြိုခွဲလိုသူများသည် နိုင်ငံရေးသမားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်ပရှိဩဇာကြီးမားသည့် နိုင်ငံရေးသမားများ၊ အဖျက်အမှောင့် လုပ်ဆောင်လျက်ရှိကြသည့် အကြမ်းဖက် အဖွဲ့အစည်းများတွင် ခိုကတ်၍ အဖြူရောင်၊ အညိုရောင် အနက်ရောင် နည်းလမ်းများဖြင့် မြေပေါ်မြေအောက် ကြံစည်လုပ်ကိုင်နိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ခဲ့သည်ကို သတိပြုသင့်ပါသည်။

မတန်လျှင်ပြန်ယူရန်မှာ ပြည်သူတို့၏ တာဝန်သာဖြစ်

ပြည်သူလူထုအနေဖြင့် တပ်မတော်ကို ဖြိုခွဲလိုသည့် မည်သည့် နိုင်ငံရေးသမားမဆို ဆန့်ကျင် ဖယ်ရှားပစ်ရန် လိုအပ်ပါသည်။ တပ်မတော်ကို ထောက်ခံသည့် ပြည်သူများသည် စစ်အာဏာရှင်ကို အသက်သွင်းခြင်းမဟုတ်ဘဲ နိုင်ငံရေးပါတီများ၏လုပ်ဆောင်ချက်များ မှားယွင်းသည်ကို တွေ့မြင် လာခြင်းကြောင့် မတန်လျှင် ပြန်ယူရန်မှာ ပြည်သူတို့၏ တာဝန်သာဖြစ်သည်ကို ဖော်ပြနေခြင်းပင် ဖြစ်ပါသည်။

တပ်မတော်အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းပြီး လိုအပ်ချက်အရ နိုင်ငံတော်အာဏာကို ခေတ္တထိန်းသိမ်း ဆောင်ရွက် ခဲ့ခြင်းသည် စာရေးသူတို့နိုင်ငံအား ဒီမိုကရေစီစနစ် မှန်ကန်စွာလျှောက်လှမ်းနိုင်ရေး အချိန်မီ ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ လုပ်ငန်းစဉ် (၅)ရပ် ချမှတ်ခဲ့မှုအပေါ် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲရှိသူများ၊ တပ်မတော်ကို မလိုလားသူများ အနေဖြင့် အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် နည်းလမ်းမျိုးစုံဖြင့် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

အများပိုင်လမ်းများပေါ်မှာ အမှိုက်တွေပစ်၊ အတားအဆီးများနှင့် ပိတ်ဆို့ပြီး ဒီမိုကရေစီလိုချင်တယ် ဟု ကြွေးကြော်ကာ ဆူပူအကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်နေမှုမှာ ကိုယ့်ကိုယ်ကိုယ် အရှက်မရှိ ကြောင်း၊ အောက်တန်းကျကြောင်း ဖော်ပြနေခြင်းပင်ဖြစ်ပါသည်။

အကြမ်းဖက်လုပ်ရပ်များကို တိုးမြှင့်လုပ်ဆောင်လာ

ဒီမိုကရေစီစနစ်တွင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပိုင်ခွင့်ရှိသည် ဆိုသော် လည်း ပြည်သူလူထုအနေဖြင့် ဆန္ဒပြရုံသာမက အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်လာခြင်း၊ တည်ငြိမ်အေးချမ်းမှုပျက်ပြား၍ အစိုးရယန္တရား လည်ပတ်မှုရပ်တန့်သွားအောင် ရည်ရွယ်၍ အကြမ်း ဖက်တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ခြင်းကြောင့် လုံခြုံရေး တာဝန်ထမ်းဆောင်သည့် တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်း၊ အဖျက် သမားများ၏ သွေးထိုးမြှောက်ပင့်မှုကြောင့် ဆန္ဒပြရာမှ ဆူပူအကြမ်း ဖက်တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး စက်ရုံ၊ အလုပ်ရုံများ၊ ရဲစခန်းနှင့် ရပ်ကွက် အုပ်ချုပ်ရေးရုံးများ၊ အခြားလူနေအဆောက်အအုံများကို မီးရှို့ဖျက်ဆီးမှုများ ဆောင်ရွက်ခဲ့သည်အထိ အကြမ်းဖက်လုပ်ရပ် များကို တိုးမြှင့်လုပ်ဆောင်လာခဲ့ပါသည်။

ဥပဒေနှင့်အညီ ဖြိုခွင်းဆောင်ရွက်ခဲ့

ထို့အပြင် ပြည်ပနိုင်ငံရှိ အဖွဲ့အစည်းများကလည်း ထိုကဲ့သို့ အကြမ်းဖက်လုပ်ဆောင်ချက်များအပေါ် ထောက်ခံရုံသာမက ငွေကြေးထောက်ပံ့ပေးခြင်းများလုပ်ဆောင်လာခြင်းကြောင့် ပြည်သူလူထု၏  အသက်အိုးအိမ်စည်းစိမ်များ မဆုံးရှုံးစေရန်နှင့် တည်ငြိမ်အေးချမ်းမှု ရှိစေရန်အတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အကြမ်းဖက်တိုက်ခိုက်လာမှုများကို လူအင်အားအနည်းဆုံး အသုံး ပြု၍ ဥပဒေနှင့်အညီ ဖြိုခွင်းဆောင်ရွက်ခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။

ကိုယ်ကျိုးကိုသာကြည့်တတ်သည့် နိုင်ငံရေးသမားများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့် လူငယ်လူရွယ်များမှာ မဟုတ်မမှန် လုပ်ကြံဝါဒ ဖြန့်မှုအပေါ်ယုံကြည်၍ နိုင်ငံရေးတည်ငြိမ်မှုမရှိရန်နှင့် အစိုးရပြုတ်ကျရန် ဦးတည်လုပ်ဆောင် ခဲ့ခြင်းပင်ဖြစ်ပါသည်။

တပ်မတော်အနေဖြင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လာသည့်သူများ၏ လုပ်ဆောင်ချက် များအပေါ် ဖြိုခွင်းရာတွင် ပြည်သူလူထုနှင့် ပူးပေါင်း၍ တရားဥပဒေနှင့်အညီ စိတ်ရှည်လက်ရှည် ဆောင်ရွက်ခဲ့ခြင်းကြောင့် ထိရောက်မှုရှိခဲ့ပြီး အကြမ်းဖက်ဆောင်ရွက်သူများ၏ လုပ်ရပ်များမှာ အဆုံးသတ်သွားခဲ့ပါသည်။

ပြည်သူလူထုအနေဖြင့် အမှားအမှန်ကို ခွဲခြားသိမြင်၍ အကြမ်းဖက်လုပ်ရပ်များအပေါ် အောင်မြင်စွာ ဖယ်ရှားနိုင်ရန် တပ်မတော်၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်နိုင်ရန် လိုအပ်ပါ သည်။ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ ရည်မှန်း ချက်များ အောင်မြင်မှု မရှိသည်ကို တဖြည်းဖြည်း သိမြင်လာသော်လည်း နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်ပေးသူများ၏ မက်လုံးပေးစည်းရုံးမှုများအပေါ် ယုံကြည်မှုရှိခဲ့ခြင်းကြောင့် အကြမ်းဖက် လုပ်ရပ်များ ဆက်လက် လုပ်ဆောင်ရန် ကြိုးပမ်းအားထုတ်နေခြင်းပင်ဖြစ်ပါသည်။

၎င်းတို့လုပ်ဆောင်သည့် အကြမ်းဖက်တိုက်ခိုက်မှုများ အောင်မြင်မှုမရှိခဲ့လျှင် စစ်အာဏာရှင် သက်ဆိုးရှည်နိုင်ပြီး ဒီမိုကရေစီရရှိရေး ရည်မှန်းချက်များ ပျက်ပြယ်နိုင်သည်ဟု လွဲမှားသည့် လွှမ်းမိုး ချက်များ ရှိနေခြင်းကြောင့် အကြမ်းဖက်လုပ်ဆောင်သူများအနေဖြင့် လက်ပစ်ဗုံး၊ မိုင်းခွဲတိုက်ခိုက်မှု များ၊ ရပ်ကွက်ရုံးများနှင့် အစိုးရရုံးများကို မီးရှို့တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းပင် ဖြစ်ပါသည်။ အကြမ်းဖက်လုပ်ဆောင်သူများအနေဖြင့် သွေးထိုးလှုံ့ဆော်မှုကို ယုံကြည်၍ ဆောင်ရွက် နေခြင်းပင်ဖြစ်ပါသည်။ အကြမ်းဖက်မှုများ ပိုမိုများပြားအောင် လုပ်ဆောင်နိုင်မှသာ ပြည်သူလူထုက အစိုးရကို ပြစ်တင်ဝေဖန်မှုများ ပြုလုပ်လာမည်ဟု ယူဆခဲ့ကြပါသည်။

အကြမ်းဖက်လုပ်ဆောင်သူများသည် ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များ မအောင်မြင်သော်လည်း သွေးထိုးလှုံ့ဆော်သူများ၏ လွှမ်းမိုးမှုကို ခံနေရခြင်းကြောင့် ၎င်းတို့၏ လုပ်ဆောင်ချက်များမှာ မှန်ကန်သည်ဟု ခံယူလျက်ရှိနေကြသည်ကို သတိပြုမိပါသည်။ ထို့အပြင် ပြည်ပအဖွဲ့အစည်းများက ငွေကြေးများ ထောက်ပံ့ခြင်း၊ ပြည်ပနိုင်ငံများတွင် ပညာသင်ယူခွင့်၊ အခြေချနေထိုင်ခွင့်ရရှိမည်ဟု  မက်လုံးပေး စည်းရုံးခဲ့ခြင်းများကြောင့် လူငယ်လူရွယ်များအနေဖြင့် လမ်းမှားသို့ရောက်ရှိကာ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခဲ့ခြင်း  ပင်ဖြစ်ပါသည်။

ယနေ့အချိန်တွင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် အကြမ်းဖက်လုပ်ရပ်များ တဖြည်းဖြည်း  ရပ်တန့်သွားပြီး တည်ငြိမ်အေးချမ်းမှုရရှိကာ မိဘပြည်သူ များ အနေဖြင့်လည်း စိတ်ချမ်းမြေ့စွာ နေထိုင်လျက်ရှိသည်ကို တွေ့မြင်နိုင်ပါသည်။ ဒီမိုကရေစီ ရရှိရေးဆိုပြီး ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက် လုပ်ရပ်များဖြစ်သည့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ အဖျက်အမှောင့် လုပ်ရပ်များ ပြုလုပ်နေကြတာဖြစ်သည့်အတွက် အဆိုပါအကြမ်းဖက် လှုပ်ရှားမှု တွင် ဒီမိုကရေစီရစရာအကြောင်းမရှိမှုမှာ ပိုမိုသေချာ နေကြောင်း သတိပြုစေချင်ပါသည်။

မည်သည့် နိုင်ငံ၊ မည်သည့်အစိုးရများက ထိုကဲ့သို့ ဆူပူဆန္ဒပြ မှုများကိုလည်း လက်မခံနိုင်သည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ ဒီမိုကရေစီလိုလားသူများ၏ ဒီမိုကရေစီရရှိရေးတောင်းဆိုမှုများနှင့် ဒီမိုကရေစီမကျသည့် မင်းမဲ့စရိုက်အကြမ်းဖက် ဆူပူလှုပ်ရှားမှုများကို လက်ရှိအစိုးရက အနည်းဆုံး အင်အား၊ အနိမ့်ဆုံးအဆင့်နှင့် အတတ် နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့်အတွက် ဆူပူ အကြမ်းဖက် လုပ်ရပ်များ တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုမြင့်တက်လာခြင်းပင် ဖြစ်ပါသည်။

အစိုးရ၏ ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့မှုများကို ဆူပူအကြမ်းဖက် လုပ်ဆောင် မှုများအနေဖြင့် အခွင့်အရေး ယူကာ အကြမ်းဖက်လုပ်ရပ်များ ဆက်လက်တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ယနေ့အချိန်တွင် ဆူပူအကြမ်းဖက်သောင်းကျန်းမှုများကို ပြည်သူလူထုနှင့်အတူ ပူးပေါင်းဖယ်ရှား နိုင်ခြင်းမရှိပါက တိုင်းပြည်နှင့် လူထုအတွက် အလွန်ကြီးမားသည့်အန္တရာယ်ကို ဖိတ်ခေါ်နေသလို ဖြစ်နေပြီး စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာနိုင်ပါသည်။ ထို့ကြောင့် ဆူပူ အကြမ်းဖက် လုပ်ရပ်များ ကို သည်းခံစိတ်ရှည်၍မရဘဲ ပြည်သူလူထုနှင့် ပူးပေါင်းကာ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ရန် လိုအပ်လာပါသည်။

ဆူပူအကြမ်းဖက်လုပ်ရပ်များအားလုံး လုံးဝချုပ်ငြိမ်းစေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူ လူထုအနေဖြင့် နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါ သည်။ ပြည်သူလူထုအနေဖြင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားရှိဘဲ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အမှား အမှန်ကို ပိုင်းခြားသိမြင်ပြီး အကြမ်း ဖက်လုပ်ရပ်များ လုံးဝချုပ်ငြိမ်းပျောက်ကွယ်သွားရန် လုံခြုံရေး တပ်ဖွဲ့ များနှင့်အတူ ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း အကြံပြုလိုပါသည်။

အကြမ်းဖက်လုပ်ရပ်များကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်မြို့နယ် ခရိုင်အဆင့် ဌာန ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖယ်ရှားဆောင်ရွက်ရန်လည်း အချိန်တန်ပြီ ဖြစ်ပါသည်။

အကြမ်းဖက်လုပ်ရပ်များကို ဖြိုခွဲနိုင်မှသာ နိုင်ငံတည်ငြိမ်အေးချမ်း ပြီး ဒီမိုကရေစီလမ်းကြောင်းကို အေးချမ်းစွာ ဆက်လက်လျှောက်လှမ်း နိုင်မည် ဖြစ်ပါသည်။ တိုင်းပြည် အလုံးစုံပျက်သုဉ်းရေး ရည်မှန်းပြီး ဆူပူအကြမ်းဖက်လုပ်ရပ်များကို ကြိုးကိုင်ဖန်တီးနေသူများကိုလည်း ပြည်သူလူထု အနေဖြင့် အစိုးရ၊ လုံခြုံရေးတပ်ဖွဲ့များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်၍ ပြတ်ပြတ်သားသား ရှင်းလင်းဖယ်ရှားရမည့် အချိန်ရောက်ရှိနေပြီဖြစ်ပါကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။

၆-၅-၂၀၂၁ ရက်နေ့ထုတ် Golden Hand ဂျာနယ်တွင် ဖော်ပြ ခဲ့သည့် ဆောင်းပါးရှင် ကိုသားကြီး၏ “အကြမ်းဖက်မှုမှန်သမျှ ပြည်သူနှင့် ပူးပေါင်းဖယ်ရှားရန် အရေးကြီးပြီ” ဆောင်းပါးကို Golden Hand ဂျာနယ်အယ်ဒီတာအဖွဲ့နှင့် ဆောင်းပါးရှင်တို့၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ (စာတည်း)

ကိုသားကြီး

No comments:

Post a Comment