နေပြည်တော် ဧပြီ ၂၇
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ ဝန်ကြီးတာဝန်ထမ်း ဆောင်ခဲ့ သော ဒေါ်နီလာကျော် အပေါ် လုပ်ထုံးလုပ်နည်းနှင့် မညီသော လုပ်ငန်းဆောင်ရွက်မှုများကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့် စက်မှု လက်မှုဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန တို့၏ ဝန်ကြီးဟောင်း ဒေါ်နီလာကျော်သည် ဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်သည့် နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ်က Quality Controller Company ရွေးချယ်ရေးအဖွဲ့၌ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း ၎င်း၏လုပ်ပိုင်ခွင့်ကို အသုံးချ၍ ၎င်းနှင့် ခင်မင်ရင်းနှီးသည့် ကုမ္ပဏီ ကို Quality Controller Company အဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်း၊ အရည်အသွေး စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် လုပ်ငန်းချထားပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် မတ်လမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ကာလအတွင်း လုပ်ငန်းစုစုပေါင်း (၁၅၇၇)ခုမှ အရည်အသွေး စစ်ဆေးခအဖြစ် ဝင်ငွေ ငွေကျပ်သိန်း ၁၆၆၀၀ ကျော်ကို ရရှိစေခဲ့ပြီး ၎င်းကုမ္ပဏီထံမှ ငွေကျပ် ၉၁၈ ဒသမ ၂၄ သိန်းကို ၎င်းကိုယ်တိုင် လက်ခံ ရယူခဲ့ခြင်း၊ ငွေကျပ် ၅၉၅ ဒသမ ၃၆ သိန်းကို ၎င်း၏အိမ်အကူမှတစ်ဆင့် လက်ခံရယူခဲ့ခြင်း၊ ငွေကျပ် သိန်း ၂၁၃၀ ကို ၎င်းကိုယ်စား ပုဂ္ဂိုလ်တစ်ဦးထံသို့ သွားရောက်အကြွေးဆပ်စေခြင်းဖြင့် စုစုပေါင်းငွေကျပ် သိန်း ၃၆၄၃ ဒသမ ၆၀ ကို လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်အရ ပေးအပ် ထားသော လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါ်နီလာကျော်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့မ ရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment