ရန်ကုန် စက်တင်ဘာ ၂၂
မြန်မာနိုင်ငံတွင် ပထမဆုံးသော စွန့်ပစ် အမှိုက်အိမ်စနစ်သစ်အား ဒို့အိမ် လူမှု အကျိုးပြုအဖွဲ့အစည်းမှ ရန်ကုန်မြို့၌ ယနေ့မှစ၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
အဆိုပါ အမှိုက်အိမ်စနစ်သစ်ကို ရန်ကုန်မြို့ ပန်းဘဲတန်းနှင့် ကျောက် တံတားမြို့နယ်တို့ရှိ နောက်ဖေးလမ်း ကြား ဥယျာဉ်များဖြစ်သော ၃၅ လမ်း နှင့် မဟာဗန္ဓုလပန်းခြံလမ်း (အထက် ဘလောက်)တွင် လည်းကောင်း ၊ လမ်း ၃၀ နှင့် ၃၁ လမ်းအကြား (အလယ် ဘလောက်) တို့တွင် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ဒို့အိမ်မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ မအေးမြတ်သူက ''ဒီအမှိုက် အိမ်ကကျတော့ နောက်ဖေး လမ်းကြား တွေအနီးမှာ နေထိုင်ကြတဲ့ ရပ်ကွက် လူတွေကနေ အမှိုက်စိုကို ယူလာပြီ ဆိုရင် အမှိုက်အိမ်မှာ စွန့်ပစ်ရဖို့ စတင် အကောင်အထည်ဖော်မှာပါ။ အဲဒီအခါ ကျရင် ပလုံ ကောက် (အမှိုက်ကောက်)သူတွေထဲကပဲ ရွေးချယ်ပြီး ကျွန်မတို့ ခန့်ထား တဲ့သူတွေကနေ အမှိုက်အစို၊ အခြောက်ခွဲပြီးတော့ အမှိုက်စိုဆိုရင် အမှိုက် အိမ်မှာ ထားမယ်။ အခြောက်ဆိုရင် Recycle အနေနဲ့ပြန်သုံးဖို့ အမှိုက် ခြောက်နေရာမှာ ပြန်ထားပေးသွားမှာ ပါ။ အဲဒီလို စီစဉ်ထားပါတယ်'' ဟု ပြောကြားသည်။
ရန်ကုန်မြို့တော်သည် စွန့်ပစ် အမှိုက်နှင့်ပတ်သက်၍ စိန်ခေါ်ချက်တစ်ရပ် ဖြစ်နေသည့်အတွက် ဒို့အိမ် အနေဖြင့် လွန်ခဲ့သောနှစ်လခန့်မှစတင်၍ အမှိုက် ကနေရွှေဟူသော လှုပ်ရှားမှုစတင်ခဲ့ပြီး ဒို့အိမ်အဖွဲ့၊ သက်ဆိုင်ရာ အစိုးရတာဝန် ရှိသူများ၊ YCDC ၊ ဒို့အိမ်အဖွဲ့အား ငွေကြေး ထောက်ပံ့ ပေးသော Building Markets တို့ ပူးပေါင်းကာ ရန်ကုန်မြို့မှ စွန့်ပစ်အမှိုက် များကို လျှော့ချနိုင်ရန် မည်သို့ ဆောင်ရွက်သင့်ကြောင်းနှင့် မည်သည့်စနစ်ကို ဖန်တီးသင့်ကြောင်း လေ့လာခဲ့ကြသည်ဟု သိရသည်။
ထိုသို့လေ့လာပြီး နောက် ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ် အတွင်းရှိ နေထိုင်သူအချို့အား စစ်တမ်းများ ကောက်ယူခဲ့ရာ စွန့်ပစ် အမှိုက် ပြဿနာနှင့် ပတ်သက်ပြီး အမှိုက်စို နှင့် အမှိုက်ခြောက် ပြဿနာ တစ်ရပ်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ ပြည်သူ များအနေဖြင့် အမှိုက်စိုနှင့် ပတ်သက်၍ စီမံခန့်ခွဲမှု အားနည်း နေသည့်အတွက် အမှိုက်စို အတွက် သီးသန့်ပုံဖော်ထား သော အမှိုက်အိမ်များကို စတင်မိတ်ဆက် ပေးခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဝင်းနိုင်က စွန့်ပစ် အမှိုက်အိမ်စနစ်သစ်နှင့် ပတ်သက်၍ ''အရင်က နောက်ဖေး လမ်းကြား တွေ မှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာ တွေကို ကျွန်တော်တို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရပ်ကွက်နေပြည်သူတွေ၊ ဌာန ဆိုင်ရာ တွေနဲ့ ပူးပေါင်းပြီး ရှင်းလင်းဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့မှာဆိုရင် ဒို့အိမ်နဲ့ပူးပေါင်းပြီးတော့ အမှိုက်အစို၊ အမှိုက်အခြောက် ခွဲခြားစွန့်ပစ် တတ်တဲ့အလေ့အကျင့်ကောင်း၊ အမူအကျင့်ကောင်းတွေ ရရှိစေရန် ရည်ရွယ်ပြီးတော့ ဒီနေ့ စတင်ဆောင်ရွက်တာ ဖြစ်ပါတယ်'' ဟု ပြောကြား သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် နောက်ဖေး လမ်းကြားများမှ စွန့်ပစ်အမှိုက်များ ရှင်းလင်းသိမ်းဆည်းရေးလုပ်ငန်းစီမံ ချက်ကို ၂၀၁၆ ခုနှစ် ဩဂုတ် ၁၅ ရက်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။ ထိုသို့ဆောင်ရွက်ရာ၌ မြို့တွင်း ခြောက် မြို့နယ်အပြင် ဆက်စပ်မြို့ နယ် ၁၃ မြို့နယ်၌ ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။
နောက်ဖေးလမ်းကြားပေါင်း ၇၆၇ ကြား ဆောင်ရွက်နိုင်ခဲ့ပြီး အမှိုက် တန်ချိန်အနေဖြင့် ၁၅၀၀၀ ကျော် သိမ်းဆည်းပေးခဲ့ပြီးဖြစ်ကြောင်း သိရ သည်။ အချို့ရပ်ကွက်လမ်းများ၌ ပြည်သူ စိတ်ဝင်စားမှုပေါ်မူတည်၍ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ လျော့နည်းလာသည်ကို လေ့လာ တွေ့ရှိရကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ - ထိန်လင်း
ဓာတ်ပုံ - ထိန်လင်း

No comments:
Post a Comment