နေပြည်တော် စက်တင်ဘာ ၂၀
ယနေ့ကျင်းပသည့် ဒုတိယအကြိမ်
ပြည်ထောင်စုလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး
(၂၆)ရက်မြောက်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က
တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ်
အပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦး နှင့် ကရင်ပြည်နယ်
မဲဆန္ဒနယ် အမှတ်(၅)မှ ဦးစိုင်းသန်းနိုင် အပါအဝင် ပြည်ထောင်စု လွှတ်တော်
ကိုယ်စားလှယ် ၁၄၅ ဦးတို့ တင်ပြထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းတို့နှင့် စပ်လျဉ်း၍ လွှတ်တော်သို့
အသိပေး တင်ပြသည်။
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် နာယက က
တပ်မတော်သားအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ်
အပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက လက်မှတ်ရေးထိုးပြီး
ပေးပို့တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်
ဥပဒေမူကြမ်းတစ်ရပ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၇ ရက် တွင်
လက်ခံရရှိထားပါကြောင်း၊ အဆိုပါ ဥပဒေမူ ကြမ်းနှင့် စပ်လျဉ်း၍
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၅ နှင့်အညီ လွှတ်တော်
အစည်းအဝေးတွင် ဆွေးနွေးခြင်းမပြုမီ အသေးစိတ်လေ့လာ စိစစ်နိုင်ရန် အတွက်
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင်
အားလုံးပါဝင် သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်
ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်ရုံး၏
၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၀ ရက် ရက်စွဲပါ အမိန့်ကြေညာစာအမှတ် (၇၄/ ၂၀၁၉)ဖြင့်
ဖွဲ့စည်းတာဝန်ပေးအပ် ထားပြီး ဖြစ်ပါကြောင်း၊ ယင်းအမိန့်ကြေညာစာနှင့်အတူ
ဗိုလ်မှူးချုပ်အောင်စန်းချစ် နှင့် အဖွဲ့ တင်ပြထားသည့်
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်း အပါအဝင်
ပေးပို့စာနှင့် ပူးတွဲ အကြောင်းအရာ မိတ္တူကိုလည်း လွှတ်တော်
ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပါ ကြောင်း အသိပေးကြေညာသည်။
ထို့နောက်
ပြည်ထောင်စုလွှတ်တော် နာယက က ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၅)မှ
ဦးစိုင်းသန်းနိုင် အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦးက
လက်မှတ်ရေးထိုးပြီး ပေးပို့တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ
အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင်
လက်ခံရရှိထားပါကြောင်း၊ အဆိုပါ ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍
ပြည်ထောင်စုလွှတ် တော်ဆိုင်ရာ နည်းဥပဒေ ၁၃၅နှင့်အညီ လွှတ်တော်အစည်းအဝေးတွင်
ဆွေးနွေးခြင်း မပြုမီ အသေးစိတ်လေ့လာစိစစ်နိုင်ရန်အတွက်
ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီဝင်များ
အားလုံးပါဝင်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်
ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်း ကော်မတီကို ပြည်ထောင်စုလွှတ်တော်ရုံး၏
၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၀ ရက် ရက်စွဲပါ အမိန့် ကြေညာစာအမှတ် (၇၅/ ၂၀၁၉)
ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်ပါကြောင်း၊ ယင်းအမိန့်စာနှင့်အတူ
ဦးစိုင်းသန်းနိုင်နှင့် အဖွဲ့တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို
ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းအပါအဝင် ပေးပို့စာနှင့် ပူးတွဲ
အကြောင်းအရာ မိတ္တူကိုလည်း လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပါ
ကြောင်း အသိပေးကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ
ပေးပို့ထားသော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စု၏
ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ဆောက်လုပ်ရေး
ဝန်ကြီးဌာနအတွက် ငွေကျပ် ၁၈၄၁ ဒသမ ၈၅၉ သန်း ခွဲဝေသုံးစွဲခဲ့ သည့်
ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က
ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နယက က ၂၀၁၈ -
၂၀၁၉ ခု၊ ဘဏ္ဍာရေး နှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ
အရေးပေါ်ရန်ပုံငွေမှ ဆောက်လုပ်ရေးဝန်ကြီးဌာနက ငွေကျပ် ၁၈၄၁ ဒသမ ၈၅၉ သန်း
ခွဲဝေသုံးစွဲထားမှုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကမ္ဘာ့ဘဏ်၏ (၁၇) ကြိမ် မြောက်
ရန်ပုံငွေ ဖြည့်တင်းမှု အစီအစဉ်အောက်မှ ဖွံ့ဖြိုးမှုမူဝါဒချေးငွေ အမေရိကန်
ဒေါ်လာ သန်း ၂၀၀ ကို ပယ်ဖျက်ရေးနှင့် စပ်လျဉ်း၍
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က
အဆိုပါချေးငွေရယူရန် ၂၀၁၇ ခုနှစ် မတ် ၁၇ ရက် တွင် ကျင်းပပြုလုပ်သည့်
ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး ၁၇
ရက်မြောက်နေ့၌ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါ ကြောင်း၊
ချေးငွေစာချုပ်အား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ကိုယ်စား ငွေတိုက်
ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကမ္ဘာ့ဘဏ်တို့အကြား ၂၀၁၇ ခုနှစ်
ဩဂုတ် ၁၈ ရက် တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ချေးငွေစာချုပ်၏ အပိုဒ် ၅
ဒသမ ၀၂ နှင့်အညီ ချေးငွေစာချုပ်အသက်ဝင်စေရန် ငွေထုတ်ယူခွင့်ရှိသူတို့အား
အခွင့်အာဏာ လွှဲအပ်သည့်စာ (Evidence of Authority) နှင့် ဥပဒေရေးရာသဘောထား
(Legal Opinion)တို့ကို ကမ္ဘာ့ဘဏ်သို့ ပေးပို့ခဲ့ပါကြောင်း။
ချေးငွေစာချုပ်အသက်ဝင်မည့်နေ့သည် မူလလျာထားသတ်မှတ်ချက်အရ ၂၀၁၇ ခုနှစ်
နိုဝင်ဘာလ ၁၆ ရက် ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဘဏ်၏ မေတ္တာရပ်ခံချက်အရ ၂၀၁၈ ခုနှစ်
ဧပြီ ၂၇ ရက်အထိ သက်တမ်းတိုးမြှုင့်ရန် ပထမအကြိမ် ညှိနှိုင်းဆောင်ရွက်ခဲ့ပါ
ကြောင်း၊ တစ်ဖန် ၂၀၁၉ ခုနှစ် ဧပြီ ၂၇ ရက်အထိ တိုးမြှင့်ပေးရန် ဒုတိယအကြိမ်
ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း။
ယခုအခါ အဆိုပါချေးငွေ၏
ချေးငွေစာချုပ်အသက်ဝင်မည့်နေ့ကို ကြေညာရန် ရက်မှာ ၂၀၁၉ခုနှစ် ဧပြီ ၂၇
ရက်တွင် သက်တမ်းကုန်ဆုံးခဲ့ပြီးဖြစ်ပါသဖြင့် ချေးငွေ စာချုပ်ပါ
ချေးငွေပမာဏအား ပယ်ဖျက်လိုက်ပြီဖြစ်သည်ကို ကမ္ဘာ့ဘဏ်မှ ၂၀၁၉ ခုနှစ် ဇွန် ၁၂
ရက် ရက်စွဲပါစာဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးွဌာန ပြည်ထောင်စု
ဝန်ကြီးထံ လိပ်မူ၍ အကြောင်းကြားလာပါကြောင်း၊ ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌ
အပါအဝင် မစ်ရှင် အဖွဲ့များနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့
ညှိနှိုင်း ဆွေးနွေး ချက်များအရ ဤချေးငွေအစား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို
အထောက်အကူပြုနိုင်သည့် လုပ်ငန်း များ၊ ပညာရေး၊ ကျန်းမာရေး၊ အာဟာရ
ပြည့်၀ရေးလုပ်ငန်းစဉ်များ စသည့် အခြား မူဝါဒချေးငွေများကို ထုတ်ချေး
ရန်ဆက်လက်ဆောင်ရွက်မည် ဖြစ်သည်ကို သိရပါကြောင်း။
ချေးငွေပယ်ဖျက်နိုင်ရေးကိစ္စကို ဖွံ့ဖြိုးမှုအကူအညီများ
ညှိနှိုင်းရေးအဖွဲ့၊ ပြည် ထောင်စု အစိုးရအဖွဲ့၊ စီးပွားရေးရာ ကော်မတီတို့မှ
တစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ ထံ တင်ပြခဲ့ပါကြောင်း၊ ၂၀၁၉ခုနှစ် ဩဂုတ်
၂၂ ရက်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် သဘောတူ
အတည်ပြုထားပြီး ဖြစ် သည်ကိုလည်း တင်ပြအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍
ကမ္ဘာဘဏ်ထံမှ ဖွံ့ဖြိုးမှုမူဝါဒ ချေးငွေ အမေရိကန် ဒေါ်လာသန်း ၂၀၀ ရယူရန်
ချေးငွေစာချုပ် ပယ်ဖျက်သည့် ကိစ္စအား လွှတ်တော်မှ မှတ်တမ်းတင်အတည်ပြု
ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြား သည်။
ယင်းနောက်
ပြည်ထောင်စုလွှတ်တော် နာယက က ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ
ဖွံ့ဖြိုးရေးအဖွဲ့၏ (၁၇)ကြိမ် မြောက် ရန်ပုံငွေ ဖြည့်တင်းမှု အစီအစဉ်
အောက်မှ ဖွံ့ဖြိုးမှု မူဝါဒချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀
ပယ်ဖျက်ခြင်းကို လွှတ်တော်က မှတ်တမ်းတင် ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လူထု ဖွံ့ဖြိုးရေးစီမံကိန်း
အကောင်အထည်ဖော်ဆောင် ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ
အမေရိကန်ဒေါ်လာ ၁၈၅ သန်း ချေးငွေ ရယူရေးကိစ္စနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
တို့က ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက်
ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ချေးငွေရယူရေး ကိစ္စနှင့် စပ်လျဉ်း၍
အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ ထောက်ခံမဲ ၅၂၂
မဲ၊ ကန့်ကွက်မဲ ၅ မဲ၊ ကြားနေမဲ ၂ မဲ ဖြစ်ပြီး ထောက်ခံမဲ များသည့် အတွက်
သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ
ပေးပို့ထားသော အာဆီယံဒေသအတွင်း မော်တော်ယာဉ်ဆိုင်ရာ ထုတ်ကုန်ပစ္စည်းများ
အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ် တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်
ရေးထိုးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ် စားလှယ်များက
ဆွေးနွေးကြသည်။
စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင် က
ယခုရေးထိုးမည့် သဘောတူ ညီချက်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း
မော်တော်ယာဉ်ဆိုင်ရာ ထုတ်ကုန် ပစ္စည်းများ၏ အရည်အသွေး၊
ဘေးကင်းလုံခြုံမှုနှင့် သုံးစွဲသူများအား အကာအကွယ် ပေးရန်၊
ကုန်သွယ်မှုဆိုင်ရာ နည်းပညာ အတားအဆီးများကို လျော့ချရန်၊ ကုန်သွယ်မှု
ကုန်ကျစရိတ်များ လျော့နည်းသက်သာစေရန်၊ စံချိန်စံညွှန်း၊ နည်းပညာလိုအပ်ချက်
များနှင့် စည်းမျဉ်းစည်းကမ်းများကို တပြေးညီဖြစ်စေရန် ရည်ရွယ်ခြင်း
ဖြစ်ပါကြောင်း၊ အဆိုပါ အစီအစဉ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းအားဖြင့်
ဒေသတွင်းပိုမိုနက်ရှိုင်း သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင်
အာဆီယံစီးပွားရေး အသိုက်အဝန်းအတွင်း ယုံကြည်နားလည်မှုများ ရရှိလာစေနိုင်မည်
ဖြစ်ပါကြောင်း။
ထို့ပြင် အာဆီယံရည်မှန်း ချက်တွင် ပါဝင်သည့်
လွတ်လပ်သောကုန်စည်များ စီးဆင်းမှုနှင့် အတူ တစ်ခုတည်းသော
ဈေးကွက်ဖော်ဆောင်နိုင်သည့် သွင်ပြင် လက္ခဏာများကို အခြေခံထုတ်လုပ် သည့်
ထုတ်လုပ်မှုဖြစ်စေခြင်း၊ ရလဒ်များအပြန် အလှန်
အသိအမှတ်ပြုနိုင်မည်ဖြစ်ခြင်း၊ နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်
စပ်လျဉ်း၍ ကုန်သွယ်မှုတွင် မလိုအပ် သည့် အတားအဆီးများကို ဖယ်ရှားနိုင်မည်
ဖြစ်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်
အဆိုပါ အစီအစဉ်တွင် ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စနှင့် ပတ်သက်၍
မိမိအနေဖြင့် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ဖျာပုံ မဲဆန္ဒနယ်မှ
ဦးဝင်းထွဋ် က အာဆီယံဒေသအတွင်း မော်တော်ယာဉ်ဆိုင်ရာ ထုတ်ကုန်ပစ္စည်းများ
အပြန်အလှန်အသိအမှတ်ပြုရေးအစီ အစဉ် (ASEAN Mutual Recognition Arrangement
on Type Approval for Automotive Products – APMRA)
လက်မှတ်ရေးထိုးပြီးနောက် ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များမှာ ထိန်း
ကျောင်းမည့် အာဏာရအဖွဲ့အစည်း (Regulatory Authority )နှင့် စံချိန်စံညွှန်း
အကဲဖြတ်အဖွဲ့ (Designating Body) ကို ဖွဲ့စည်းတည် ထောင်ရမည်ဖြစ်ပါကြောင်း၊
ASEAN Automotive Committee (AAC) အတွက် နိုင်ငံ့ ကိုယ်စားပြုအဖြစ်
ကိုယ်စားလှယ် တစ်ဦးထားရှိ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် Technical Service များကို
ပြုစုပျိုးထောင်ပြီး စမ်းသပ်ခြင်း၊ စစ်ဆေးခြင်းများကို ဆောင်ရွက်သွားရမည်
ဖြစ်ပါကြောင်း၊ မော်တော် ယာဉ်ဆိုင်ရာ ထုတ်ကုန်ပစ္စည်းများကို
စမ်းသပ်စစ်ဆေးနိုင်မည့် အသိအမှတ်ပြုဓာတ်ခွဲ ခန်းများကို လည်း
တည်ထောင်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ
လုပ်ငန်းစဉ်များကိုအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက်
ထိန်းကျောင်းမည့် အခွင့်အာဏာရအဖွဲ့အစည်း တစ်ခုကို အလျင်အမြန် ဖွဲ့စည်း
ဆောင်ရွက်ရန် လိုအပ်နေပါကြောင်း အကြံပြုဆွေးနွေးသည်။
ယင်းကိစ္စနှင့်
စပ်လျဉ်း၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးနေကျော်၊ ဧရာဝတီတိုင်း
ဒေသကြီး မဲဆန္ဒနယ်အမှတ် (၅)မှ ဦးမောင်မောင်အုန်းနှင့် ဧရာဝတီ
တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့် တို့က ဆက်လက် ဆွေးနွေး
ကြသည်။
ထို့နောက် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါက်တာမင်းရဲပိုင်ဟိန်း က အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း
ဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၀၅ ခုနှစ်ကစ၍ အာဆီယံဒေသတွင်း
အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ် (Mutual Recognition Arrangement –
MRA) များကို လက်မှတ်ရေးထိုးခဲ့ပြီး ယနေ့အထိ MRA (၁၀)ခု
လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ MRA သဘောတူညီချက်များ
လက်မှတ်ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ ဒေသတွင်း
နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစွာ ဆောင်ရွက်လာ
နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကချမှတ် ထားသည့်
စီးပွားရေးမူဝါဒ (၁၂)ရပ်တွင် မူဝါဒ (၁) ရပ်ဖြစ်သည့် ဒေသအတွင်းနိုင်ငံများ
နှင့် ပူးပေါင်းဆောင်ရွက် မှုကိုလည်း မြင့်တက်လာ နိုင်မည် ဖြစ်ပါကြောင်း။
ထို့ပြင် အာဆီယံဒေသအတွင်းရှိသည့် မော်တော်ယာဉ်ဆိုင်ရာ ထုတ်ကုန်
ပစ္စည်းများ အပြန်အလှန်အသိအမှတ်ပြုရေး အစီအစဉ်ကို လက်မှတ်ရေးထိုးခြင်းဖြင့်
မော်တော် ယာဉ်ထုတ်လုပ်သူများအနေဖြင့် အာဆီယံဒေသအတွင်း တပြေးညီသတ်
မှတ်ထားသည့် မော်တော်ယာဉ် အရည်အသွေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ
လိုအပ်ချက်များနှင့် ကိုက်ညီသည့် ထုတ် ကုန်များကို ထုတ်လုပ်လာနိုင်မည်
ဖြစ်သည့် အတွက် ဒေသအတွင်း ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့ခြင်းကို
ပိုမိုအားကောင်း လာစေမည် ဖြစ်ပါကြောင်း။
၂၀၁၉ ခုနှစ် မေလတွင်
ထုတ်ပြန်ထားသည့် မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ မူဝါဒတွင်
မော်တော်ယာဉ်မူဝါဒဆိုင်ရာ ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်း၍ ပြည်တွင်း ၌
အရည်အသွေး ပြည့်မီပြီး ဘေးကင်းလုံခြုံသည့် မော်တော်ယာဉ်နှင့်
အစိတ်အပိုင်းများ ထုတ်လုပ်ရန်၊ မော်တော်ယာဉ် စက်မှုလုပ်ငန်းများကို
စိစစ်အကဲဖြတ်ခြင်း၊ သုံးသပ်ပြင် ဆင်ခြင်း၊ ထိန်းချုပ်ကြပ်မတ်ခြင်းတို့ကို
ဆောင်ရွက်ရန် မူဝါဒများ ပါရှိသောကြောင့် Automotive Policy Implementation
နှင့် APMRA Implementation တို့ကို အဆိုပါ မူဝါဒဆိုင်ရာ
ကြီးကြပ်ရေးကော်မတီနှင့် အကောင်အထည် ဖော်ဆောင်ရွက်သွားရန်
ရည်ရွယ်ထားပါကြောင်း။
သို့ဖြစ်ပါ၍ စက်မှုဝန်ကြီးဌာနအနေဖြင့် အဆိုပါ
မူဝါဒဆိုင်ရာကြီးကြပ်ရေး ကော်မတီ ကို အမြန်ဆုံးဖွဲ့စည်းနိုင်ရေးအတွက်
ဆက်စပ်ဝန်ကြီးဌာနများနှင့် ဆွေးနွေး အတည်ပြု ပြီး
ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ၍ ဖွဲ့စည်းခွင့်ပြုချက် ရရှိရေး
အတွက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် APMRA ကို
မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေးနှင့် စပ်လျဉ်း၍
ပြည်ထောင်စုလွှတ်တော် ၏အဆုံးအဖြတ် အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်
ဖြစ်ပါကြောင်း ပြန်လည် ရှင်းလင်းဆွေးနွေး သည်။
ယင်းနောက်
ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြု ရန်
လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း
ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ်
ပြည်ထောင်စု လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလ
နိဂုံးချုပ်အမှာစကားပြော ကြားရာတွင် ၂၀၁၉ခုနှစ် ဇူလိုင် ၁၅ ရက်မှ ယနေ့အထိ
အစည်းအဝေးကာလ ရက်ပေါင်း ၆၈ ရက်အတွင်းတွင်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများကို ၂၆ ရက်ကျင်းပပြု လုပ်ခဲ့ပါကြောင်း၊
ယခု အစည်းအဝေးကာလအတွင်း လာမည့် အောက်တိုဘာ ၁ ရက်မှ စတင်မည့် ၂၀၁၉-၂၀၂၀ ခု
ဘဏ္ဍာရေးနှစ်အတွက် နှစ်စဉ် မဖြစ်မနေပြဋ္ဌာန်းဆောင် ရွက်ပေးရမည့် နိုင်ငံ
တော်၏ အမျိုးသား စီမံကိန်း ဥပဒေကြမ်း၊ ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ
ဥပဒေကြမ်းနှင့် ၂၀၁၉ခုနှစ် ပြည်ထောင်စု ၏ အခွန်အကောက်ဥပဒေကြမ်းတို့ကို ဆွေး
နွေး အတည်ပြု ပေးနိုင်ခဲ့ပါကြောင်း။
ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလ
တွင် ဥပဒေ ၇ ခု အတည်ပြုထုတ်ပြန်နိုင်ခဲ့ပြီး ၂၀၁၉ခုနှစ် ပြည်ထောင်စု၏ အခွန်
အကောက် ဆိုင်ရာ ဥပဒေကြမ်းအပါအဝင် ဥပဒေကြမ်း ၂ခုကိုလည်း နိုင်ငံတော်သမ္မတ
လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ရန်အတွက် ပေးပို့ထားပြီးဖြစ်ပါကြောင်း၊ ယခု
အစည်း အဝေးကာလအတွင်းတွင် နိုင်ငံတော်သမ္မတ ထံမှ ပေးပို့လာသည့်
အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များနှင့် သက်ဆိုင်သည့် ကိစ္စရပ် ၅ ခု
ပြည်ပချေးငွေဆိုင်ရာ ကိစ္စရပ် ၃ ခုတို့ကို ဆွေးနွေးအတည်ပြုခြင်း၊
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပြင်ဆင်ရေး လုပ်ငန်းနှင့်
သက်ဆိုင်သည့် အစီရင် ခံစာများအပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ မှ
ပေးပို့လာသည့် အစီရင်ခံစာ စုစုပေါင်း ၁၀ ခုကို ဆွေးနွေးခြင်း၊
အတည်ပြုခြင်း၊ မှတ်တမ်းတင်ခြင်း ဆောင်ရွက် နိုင်ခဲ့ပါကြောင်း။
မကြာမီရက် ပိုင်းအတွင်းတွင် ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့ မည်
ဖြစ်ပါကြောင်း၊ ပြည် ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့်
ဆောင်ရွက် ခဲ့သည့် လုပ်ငန်းများ အတွက် ယနေ့အထိ လုပ်ငန်းပြီးစီးကြောင်း
၁၄၂မြို့ နယ်က အစီရင်ခံစာ တင်ပြပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိသည့်
မြို့နယ်များအနေဖြင့်လည်း သတ်မှတ်ရက်အမီ ပေးပို့ကြ ရန်နှင့်
ပိုလျှံရန်ပုံငွေများရှိပါက ငွေတိုက်ဦးစီးဌာနသို့ အချိန်မီပြန်လည်
အပ်နှံကြရန် ဖြစ်ပါကြောင်း၊ လွှတ်တော်အစည်းအဝေးများ ရပ်နားထား
သည့်ကာလအတွင်းတွင် မိမိတို့၏ မဲဆန္ဒ နယ်မြေအလိုက် ပြည်သူများ၏ လူမှုစီးပွား
ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို တတ်စွမ်းသမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်
ကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ဆက်တိုက်တွန်းအပ်ပါကြောင်း
ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ်
ပြည်ထောင်စု လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၆)
ရက်မြောက်နေ့ပြီးဆုံးကြောင်း နှင့်ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်
(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ကြောင်း
ကြေညာသည်။
အောင်ရဲသွင်၊ အေးအေးသန့်

No comments:
Post a Comment