ရန်ကုန် စက်တင်ဘာ ၂၂
မြန်မာနိုင်ငံ ကင်းထောက်သမိုင်းပြုစုရေးတွင် အထောက်အကူပြုရန်နှင့် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်မှတ်တမ်း ဓာတ်ပုံပြခန်းတွင်ပြသရန် ဝန်ကြီးချုပ် ဟောင်း ဦးနု၏ ကင်းထောက်ဝတ်စုံဖြင့် ရိုက်ကူးခဲ့သော ဓာတ်ပုံမှတ်တမ်းအချို့ကို သမီးဖြစ်သူ ဒေါ်သန်းသန်းနုက စက်တင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ၎င်း၏နေအိမ်တွင် မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ချုပ်မှ ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်နှင့် သတင်းထုတ်ပြန်ရေး ကော်မတီ အတွင်းရေးမှူး ကင်းထောက်ကြီး ဦးတင်မောင်လတ် တို့ထံသို့ ပေးအပ်လှူဒါန်းသည်။
ယင်းလှူဒါန်းသည့် ဓာတ်ပုံအချို့မှာ ဝန်ကြီးချုပ်ဟောင်း ဦးနု ကင်းထောက်ဝတ်စုံဖြင့် ''လုပ်ငန်းတစ်ရပ် ငွေတစ်ကျပ်'' ကင်းထောက် လှုပ်ရှားမှုစီမံချက် ဖော်ဆောင်ခဲ့မှု ဓာတ်ပုံမှတ်တမ်းများ၊ ကင်းထောက် လူငယ်များအား ရင်းရင်း နှီးနှီးတွေ့ဆုံနေသော မှတ်တမ်းဓာတ်ပုံများနှင့် ဝန်ကြီးချုပ်၏ဇနီးဖြစ်သူ ဒေါ်မြရီ ကင်းထောက် အမျိုးသမီးဝတ်စုံဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများ ဖြစ်သည်။
အလားတူ မြန်မာနိုင်ငံ ကင်းထောက်သမိုင်းတွင် ကင်းထောက်ချုပ်ကြီး များအဖြစ် ဂုဏ်ပြု တာဝန်ထမ်းဆောင်ခဲ့ကြသော မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတများဖြစ်ကြသည့် သမ္မတ စဝ်ရွှေသိုက်နှင့် သမ္မတ မန်းဝင်းမောင် တို့၏ ကင်းထောက်ဝတ်စုံများဖြင့် လှုပ်ရှားဆောင်ရွက် ခဲ့သော မှတ်တမ်းဓာတ်ပုံများကိုလည်း သက်ဆိုင်ရာ မိသားစုများမှတ စ်ဆင့် ရရှိနိုင်ရန် စုဆောင်းရှာဖွေလျက်ရှိသည်။ လွန်ခဲ့ သည့် နှစ်ပေါင်း ၁၀၀ ကျော်က မွန်မြတ်သည့် စိတ်ဓာတ်ဖြင့် ဆောင်ရွက်ခဲ့သော မြန်မာ့ ကင်းထောက်လှုပ်ရှားမှုများနှင့် မြန်မာကင်းထောက်သမိုင်းများကို ပြည်သူများသိရှိနိုင်ပြီး သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ရေးသား ထုတ်လွှင့်ပြသနိုင်ရန် ရှားပါးသော ကင်းထောက်လှုပ်ရှားမှု မှတ်တမ်း ဓာတ်ပုံများ၊ ကင်းထောက် အသုံးအဆောင်ပစ္စည်းများ၊ စာရွက်စာတမ်း အထောက်အထားမှတ်တမ်းများကို မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ် ဖုန်းနံပါတ်-၀၉- ၇၉၉၆၅၀၇၇၄၊ ၀၉ - ၆၉၅၄၁၉၈၀၂ တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်

No comments:
Post a Comment