Friday, February 1, 2019

ရင်ခွင်မဲ့ကလေးငယ်များအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှတ်တရလက်မှတ် ရေးထိုး ထားသည့် ပုံတူပန်းချီကားနှင့် Patchwork အိပ်ယာဖုံးတို့အား ’’ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ’’ ပွဲတော် နောက်ဆုံးနေ့တွင် လေလံတင်ရောင်းချ

ရန်ကုန် ဇန်န၀ါရီ ၃၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှတ်တရလက်မှတ် ရေးထိုးထား သည့် ပုံတူပန်းချီကားနှင့် သက်ဆိုင်ရာ နိုင်ငံအလိုက် ရိုးရာအဆင်များဖြင့် စုပေါင်းချုပ်လုပ် ဒီဇိုင်းပုံဖော်ထားသည့် Patchwork အိပ်ယာဖုံးတို့အား မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင် များအသင်းက ကြီးမှူးကျင်းပသည် ’’ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ’’ ပွဲတော် နောက်ဆုံးနေ့ ဇန်န၀ါရီ ၃၀ ရက်တွင်ပြုလုပ်သည့် ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ေ ရှာက်ရေး အသင်း(မြန်မာ) အလှူရှင် ဂုဏ်ပြုပွဲနှင့် ဂီတပွဲတော်တွင် လေလံတင် ရောင်းချခဲ့ သည်။

▲▲အလှူရှင်တွေဝိုင်းဝန်းလှူဒါန်း▲▲
ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (မြန်မာ) မှ ဒုတိယ ဥက္ကဋ္ဌ-၁၊ ဒေါ်သန်းမြင့်အောင်က '' ရင်ခွင်မဲ့ကလေးတွေ Single mother တစ်ကိုယ်ရေ မိခင်တွေ စောင့်ရှောက်ဖို့အတွက် နေပြည်တော်မှာဆောက်မယ့် အဆောက်အအုံအတွက် အသင်းကလည်း မတည်တယ်။ အလှူရှင်တွေကလည်း ၀ိုင်းဝန်းပြီးတော့ လှူဒါန်းကြတယ်။ အာဆီယံ ၁၀ နိုင်ငံက လက်မှုအနုပညာ လက်ရာနဲ့ ပန်းချီကားကိုလည်း လေလံတင်တယ်။ ဒါတွေ အားလုံးဟာ ရင်ခွင်မဲ့ကလေးငယ်တွေအတွက် ဆောက်လုပ်မယ့် အဆောက်အအုံမှာ သုံးစွဲသွားမှာဖြစ်ပါတယ်။ နောက်ပိုင်း အလှူရှင်တွေရှိရင် ကလေးတွေနဲ့ တစ်ကိုယ်ရေ မိခင်တွေအတွက် သုံးစွဲသွားမှာပါ '' ဟု ပြောသည်။
ထို့သို့ လေလံတင်ရောင်းချရာတွင် အာဆီယံနိုင်ငံများမှ အမျိုးသမီး သံအမတ် ကြီးများ၊ သံအမတ်ကြီးများ၏ ဇနီးများ၊ သံတမန်ဝန်ထမ်းများနှင့် နိုင်ငံခြားရေး ဝန်ထမ်းများ၏ဇနီးများမှ သက်ဆိုင်ရာ နိုင်ငံအလိုက် ရိုးရာအဆင်များဖြင့် စုပေါင်းချုပ်လုပ် ဒီဇိုင်း ပုံဖော်ထားသည့် Patchwork အိပ်ယာဖုံးအား အမြင့်ဆုံးလေလံကြေး ငွေကျပ် (၇၅) သိန်းဖြင့်လည်းကောင်း၊ ပန်းချီဆရာဦးကြည်စိုးရေးဆွဲထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ပုံတူပန်းချီကားကို အမြင့်ဆုံးလေလံကြေး ငွေကျပ်သိန်း (၄၀၀) ဖြင့်လည်းကောင်း မြတ်မေတ္တာမွန်ကုမ္ပဏီက တစ်ဦးတည်း လေလံဆွဲဝယ်ယူခဲ့ကြောင်း သိရသည်။
▲▲အကျိုးရှိစွာအသုံးချမှာဖြစ်▲▲
တစ်ဦးတည်း လေလံဆွဲဝယ်ယူခဲ့သူ မြတ်မေတ္တာမွန်ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ အဂ္ဂမဟာ သီရိသုဓမ္မသိဂီင်္ ဒေါ်ခိုင်ခိုင်ဦးက '' ရင်ခွင်မဲ့ကလေးငယ်တွေ အတွက် အရင်ကတည်း ကလှူဖို့ စိတ်ကူးရှိခဲ့တယ်။ နေပြည်တော်မှာ အခုဆောက်မယ့် အဆောက်အအုံအတွက် သိန်း၁၅၀၀ကိုလည်း ဒီနေ့အခမ်းအနားမှာ လှူပြီးဖြစ်ပါတယ်။ နောက်ထပ် လှူချင်စိတ်ဖြစ် လာတာနဲ့ လေလံနှစ်ခုကို ထပ်ပြီးဆွဲဖြစ်ခဲ့တာပါ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့အနေနဲ့ လေလံဆွဲတာလည်းပါပါတယ်။ ဒီငွေတွေကိုရင်ခွင်မဲ့ ကလေးငယ်တွေ အတွက် တစ်ကယ်အကျိုးရှိစွာ အသုံးချမှာဖြစ်တဲ့ အတွက် လှူချင်တဲ့စိတ် ဖြစ်လာတာပါ '' ဟု ပြောသည်။
အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွမ်း၊ ရင်ခွင်မဲ့ ကလေးငယ်များ ပြုစုစောင့်ရှောက်ရန်ဂေဟာ (နေပြည်တော်) ဆောက်လုပ် ရေးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းနှင့်ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူများ၊ နိုင်ငံခြားသံရုံးမှ သံအမတ်ကြီးများ၊ သံအမတ်ကြီးများ၏ ဇနီးများ၊ သံရုံးဝန်ထမ်းများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရင်ခွင်မဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်ရန်ဂေဟာ (နေပြည်တော်) ဆောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌ ၊ ဒုတိယ၀န်ကြီး ဦးစိုးအောင်က အမှာစကား ပြောကြားသည်။
▲▲ရှင်းလင်းပြောကြား▲▲
ထို့နောက် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း (မြန်မာ)မှ ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းက အသင်းဖြစ်ပေါ်လာပုံနှင့် နေပြည်တော်တွင် ဆောက်လုပ်မည့် ရင်ခွင်မဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်ရေး ဂေဟာ တည်ဆောက် သွားမည့်အကြောင်းနှင့် စပ်လျဉ်း၍ ပြောကြားသည်။
ယင်းနောက် နေပြည်တော်တွင် ဆောက်လုပ်မည့် ရင်ခွင်မဲ့ကလေးများ စောင့်ရှောက်ရေးဂေဟာ သုံးထပ်အဆောက်အဦး အတွက် လှူဒါန်းကြသည့် အလှူရှင်များအား ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွမ်း၊ ဒုတိယ၀န်ကြီး ဦးစိုးအောင်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေး အသင်းဥက္ကဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ် တမ်းလွှာများပေးအပ်ပြီး ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း ဒုတိယဥက္ကဋ္ဌ - ၁ ဒေါ်သန်းမြင့်အောင်က ကျေးဇူးတင်စကား ပြောကြားသည်။
ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း (မြန်မာ) အလှူရှင်ဂုဏ်ပြုပွဲနှင့် ဂီတပွဲတော်တွင် အသင်း၏ သီချင်းကို တေးသံရှင် မို့မို့လွင်နှင့် ဆူမိုတို့က သီဆိုဖျော်ဖြေခဲ့ပြီး နာမည်ကျော် တေးသံရှင်များဖြစ်သည့် ဖြူဖြူကျော်သိန်း၊ ကောင်းမြတ်၊ မိစန္ဒီ၊ အေသင်ချိုဆွေနှင့် နာမည်ကျော် တေးသံရှင် များကလည်း တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေခဲ့ကြသည်။
ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းကို ၂၀၁၈ခုနှစ် ဧပြီ ၁၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အစိုးရမဟုတ်သော NGO ပရဟိတ အဖွဲ့အစည်းအဖြစ် ရင်ခွင်မဲ့ကလေးငယ်များနှင့် အမျိုးသမီးများ အကျိုးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▲▲ဆက်လက်ပြုစုစောင့်ရှေက်ရန်▲▲
ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက နေပြည်တော်တွင် မကြာမီဆောက်လုပ်မည့် ရင်ခွင်မဲ့ကလေးငယ်များ ပြုစုစောင့် ရှောက်ရေး ဂေဟာအား ဆောက်လုပ်ပြီးစီးပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေး ၀န်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကာ အဆိုပါ ဂေဟာတွင် မွေးကင်းစမှ ၆ လအထိ ရင်ခွင်မဲ့ ကလေးငယ်များကို ပြုစုစောင့်ရှောက် သွားမည်ဖြစ်ကာ နောက်ပိုင်းတွင် အသက် ၁၀ နှစ်အရွယ်အထိ ဆက်လက်ပြုစု စောင့်ရှောက်သွားရန် စီစဉ်ထားကြောင်း သိရသည်။
(သတင်း-သီသီမင်း၊ဓာတ်ပုံ-နေလင်း)

No comments:

Post a Comment