Wednesday, February 6, 2019

နမ့်စန်မြို့နယ်၌ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


နေပြည်တော် ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်အတွင်း တရားမဝင် မှောင်ခိုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် နေကြောင်း သတင်းအရ ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁ ရက် ည ၇ နာရီ ခန့်က ထင်းရှူးမြိုင်ကျေးရွာအနီး၌ မော်တော်ယာဉ်များကို စစ်ဆေးစဉ် လွိုင်ယဲကျေးရွာဘက်မှ ခွန်ရွှေအေး မောင်းနှင်လာသော ပါဂျဲရိုးယာဉ် အမျိုးအစား ယာဉ်အမှတ်၊ 7I/--------- ကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ တရုတ် နိုင်ငံလုပ် စက်သေနတ် တစ်လက်၊ ကျည်အိမ်အဝိုင်း တစ်ခုတို့နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ခွန်းရွှေအေးကို စစ်ဆေးဖော်ထုတ်ချက်အရ အမှတ်(၂)ကျေးရွာ နမ့်စန်မြို့နေ စိုင်းဘမောင်၏နေအိမ်မှ ယူဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းအိမ်တွင် လက်နက်၊ ခဲယမ်းများ ကျန်ရှိနေကြောင်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့က စိုင်းဘမောင်၏နေအိမ်ကို သွားရောက်ရှာဖွေရာ စိုင်းဘမောင်အား မတွေ့ရှိ ရဘဲ ၎င်း၏ဇနီးဖြစ်သူ ဒေါ်နန်းလှနှင့် အတူ နေအိမ်အိပ်ခန်းအတွင်းမှ စက်သေနတ်နှစ်လက်၊ လက်နက် ငယ်မျိုးစုံ ၂၃ လက်၊ ကျည်အိမ်မျိုးစုံ ၁၈၈ ခု၊ ကျည်မျိုးစုံ ၆၁၄၂ တောင့်၊ ၄၀ မမ ဗုံးသီး ၃၄ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။
အဆိုပါလက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူများ၊ မော်တော်ယာဉ်နှင့် လက်နက်၊ ခဲယမ်းများကို နမ့်စန်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်းနှင့် ယင်းလက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်သူ စိုင်းဘမောင် အား ဖမ်းဆီး ရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
သတင်းစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment