ရန်ကုန် ဖေဖော်ဝါရီ ၅
၂၀၁၉ ခုနှစ် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်
ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ လသာမြို့နယ် တရုတ်တန်း၌ ကျင်းပရာ
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက တက်ရောက်
ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ
ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်၊ တရုတ်နှစ်သစ်ကူးပွဲတော်
ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးချစ်စိန်၊ မြန်မာနိုင်ငံ ကွမ်းတုံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊
မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း၊ ရန်ကုန်-ယူနန်အသင်း၊ မြန်မာနိုင်ငံ ဟုတ်ကျန့်မျိုးနွယ်စု
အသင်းချုပ်နှင့် ရွှေသံလွင်ကုမ္ပဏီအုပ်စု၊ မြန်မာနိုင်ငံတစ်ဝန်း မှီတင်းနေထိုင်ကြသော
တရုတ်မျိုးနွယ်ဖွားတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်၊ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်
(ဝက်နှစ်ချွန်းကျဲ့) ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးချစ်စိန်တို့က နှစ်သစ်ကူးမင်္ဂလာ စကားပြောကြားကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုခ်ဦးကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး
ပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကာ ခင်းကျင်းပြသထားသော စတုဒိသာဆိုင်ခန်းများ၊
အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှု အားပေးသည်။
"တရုတ်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့မှာ
ကျင်းပလာတာ ဒီနှစ်နဲ့ဆို တတိယအကြိမ်ရှိပါပြီ။ ဒီလို ကျင်းပနိုင်ခြင်းကပင် နှစ်နိုင်ငံ
ယဉ်ကျေးမှု ပေါင်းစပ်ပြီး ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေမှာ
ဖြစ်ပါတယ်။ မီးအလှအိမ် ၄၀၀၀ ကိုလည်း ဖေဖော်ဝါရီ ၁၂ ရက်အထိ ချတ်ဆွဲထား မှာ ဖြစ်ပါတယ်"ဟု
ပွဲတော်ကျင်းပရေး ကော်မတီဝင်တစ်ဦးက ပြောသည်။
ပွဲတော်ကျင်းပရာ မဟာဗန္ဓုလလမ်း တစ်လျှောက်တွင်
တရုတ်မီးအိမ်များ လှပဝေဆာစွာ ချိတ်ဆွဲထားပြီး လမ်းတစ်လျှောက်တွင် စတုဒိသာကျွေးမွေး
လှူဒါန်းကြသူများ၊ အရောင်းဆိုင်များ၊ အမှတ်တရဓာတ်ပုံရိုက်ကူးရန် နေရာများဖြင့် စည်ကားလျက်ရှိကာ
ညပိုင်း တွင် ကပြဖျော်ဖြေမှုအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကြ မည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဗလစိုး
No comments:
Post a Comment