Wednesday, February 6, 2019

ဥပဒေအတွေးရေးပါရစေ အပိုင်း (၁၅၉)


 
တရားလွှတ်တော်ရှေ့နေများ၏ ကျင့်ဝတ်သိက္ခာ
တရားလွှတ်တော်ရှေ့နေများကောင်စီ ပြီးခဲ့သောအပတ်က "တရားလွှတ်တော်ရှေ့နေ များကောင်စီ" ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသား တင်ဆက်ခဲ့ပြီးပါပြီ။
ယခုဆက်လက်၍တရားလွှတ်တော် ရှေ့နေများ၏ ကျင့်ဝတ် သိက္ခာအကြောင်း ဆက်လက် တင်ပြပါရစေ။ ရှေ့နေအားလုံးနှင့် သက်ဆိုင်မှာပါ။

အစည်းအဝေးသတင်း
တရားလွှတ်တော်ရှေ့နေများ ကောင်စီအစည်းအဝေးကျင်းပသည့် သတင်းကို သတင်းစာများတွင် အောက်ပါအတိုင်း ဖတ်ရှုရသည်-
"တရားလွှတ်တော်ရှေ့နေများ ကောင်စီအစည်းအဝေး အမှတ်စဉ် (၁/၂၀၁၉) ကို ၂၀၁၉ ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေများ ကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ယနေ့အစည်းအဝေး တွင် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်နိုင် သည့်အတွက် ဝမ်းမြောက် ပါကြောင်း၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီအနေဖြင့် တရားလွှတ်တော်ရှေ့နေများ၏ ဝင်ခွင့်လျှောက်ထားမှုများကို စိစစ်ထောက်ခံခြင်းနှင့် တရားလွှတ်တော် ရှေ့နေများ၏ ကျင့်ဝတ် သိက္ခာ၊ တာဝန်၊ အခွင့်အရေးများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ သဘောထားပေးခြင်းတို့ကို အဓိက ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအစည်းအဝေးတွင် တရား လွှတ်တော်ရှေ့နေဝင်ခွင့်လျှောက်ထားသူဦးရေ ၆၆၁ ဦးကို စိစစ်အတည်ပြုနိုင်ခဲ့ပါကြောင်း၊ သေဒဏ်ထိုက်သည့် ပြစ်မှုဖြင့် စွပ်စွဲခံရသူ ဆင်းရဲနွမ်းပါးသော တရားခံများအတွက် နိုင်ငံတော် စရိတ်ဖြင့် ရှေ့နေငှားရမ်းပေးလျက်ရှိရာ ၁-၉-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ရှေ့နေခကို ပြည်ထောင်စုတရားလွှတ်တော် ချုပ်တွင် ပထမနေ့ ငွေကျပ် ၆၀၀၀ နှင့် အခြားရက် ငွေကျပ် ၅၀၀၀၊ အခြားတရားရုံးများတွင် ပထမနေ့ ငွေကျပ် ၅၀၀၀ နှင့် အခြားရက် ငွေကျပ် ၄၀၀၀ အသီးသီး တိုးမြှင့်ခွင့်ပြုပါကြောင်း။
တရားလွှတ်တော်ရှေ့နေများ ကောင်စီအက်ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်တွင် ဆွေးနွေး အတည်ပြုပြီးဖြစ်၍ ယခုအခါ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးအတည်ပြုရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်းပြီးပါက တရားလွှတ်တော်ရှေ့နေများ ကောင်စီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် တိုးချဲ့ဖွဲ့စည်းနိုင်မည်ဖြစ်ပြီး သတ်မှတ်ချက်နှင့်အညီ ရွေးကောက်တင်မြှောက်ခံရသည့် တရားလွှတ်တော် ရှေ့နေ ၁၁ ဦးအထိ ပါဝင်မည် ဖြစ်ပါကြောင်း၊ တရားလွှတ်တော်ရှေ့နေများ၏ အရည်အချင်းနှင့် ကျင့်ဝတ် သိက္ခာမြင့်မားရေးတို့ကို တန်ဖိုးထား၍ အများပြည်သူ အတွက် တရားမျှတမှုရရှိရေးကို အလေးထား ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။
ပြင်ဆင်သည့် ဥပဒေကြမ်း
ပြင်ဆင်သည့် ဥပဒေကြမ်းအား နိုင်ငံပိုင်သတင်း စာများတွင် ဖော်ပြခဲ့ပြီး ပြည်သူများ သိရှိလေ့လာ အကြံပြုနိုင်ရေး ဖော်ပြခဲ့ခြင်း ဖြစ်ပေသည်။ တရားလွှတ်တော်ရှေ့နေကြီးများကိုယ်တိုင် အဆိုပါဥပဒေ ကြမ်းအပေါ် ရှုထောင့်မျိုးစုံမှ အကြံပြု တင်ပြနိုင်မည် လည်း ဖြစ်ပါသည်။ လက်တွေ့အခက်အခဲများရှိပါက ထောက်ပြ အကြံပြုနိုင်ပါသည်။ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ အကြံပြုနိုင်ပါသေးသည်။
ကျင့်ဝတ်သိက္ခာဟူသည်
ကျင့်ဝတ်သိက္ခာဟူသည် ကိုယ်ကျင့်တရားပင် ဖြစ်သည်။ တာဝန်သိသိ၊ စေတနာရှိရှိဆောင်ရွက်ဖို့ အဓိကဖြစ်သည်။ အထူးသတ်မှတ်ပြဋ္ဌာန်းချက်ပင် မလိုအပ်။ အမှား အမှန်ခွဲခြား သိမြင်တတ်ရမည်။ အမှန်အတိုင်းကျင့်ဝတ်ကို စောင့်ထိန်းပါ။ ကျင့်သုံးပါ။ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါသည်။
အစွပ်အစွဲကင်း
စောင့်စည်းလျှင် သိက္ခာရှိသည်။ ဘယ်သူမှ အစွပ် အစွဲမရှိ။ စွပ်စွဲ၍ မရ။ အပြစ်ကင်းစင်သည်။ အများ ကြည်ညိုသည်။ လေးစားသည်။ အေးမြချမ်းသာသည်။ သတိပေး မခံရ။ ရပ်ဆိုင်းခြင်း မခံရ။ ရှေ့နေ အဖြစ်မှ ထုတ်ပယ်ခြင်း မခံရ။
ရုံးအရာရှိ
ရှေ့နေသည် ရုံးအရာရှိဖြစ်သည်။ အမှန်တရား၏ ဘက်တော်သား လည်းဖြစ်သည်။ တရားရုံးကို ကူညီသူလည်း ဖြစ်သည်။ ပြည်သူ့အကျိုးဆောင်ဟု ပြောလျှင် မမှား။ တရားရုံးအပေါ်တွင် သစ္စာရှိ၊ အမှုသည် အပေါ် သစ္စာရှိ၊ ကျင့်ဝတ်သိက္ခာကို ခါးဝတ်ပုဆိုး ပမာမြဲသည်။ ဥပဒေကို စောင့်ထိန်းသည်။ တစ်ဦး တစ်ယောက်ကြောင့် အဖွဲ့အစည်းမပျက်ဖို့ အရေးကြီးသည်။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး မပုပ် စေရ။
သတိမူသင့်သော ကိစ္စများ
ရှေ့နေရှေ့ရပ်များသည် ဥပဒေပညာရှင်များ ဖြစ်ကြပါသည်။ ဥပဒေပညာသည် အကျင့်သိက္ခာ နှင့်ပြည့်စုံသော ပညာရပ်လည်း ဖြစ်ပါသည်။ ပညာရှိ သတိဖြစ်ခဲဆိုသကဲ့သို့ တစ်ခါတစ်ရံတွင် သတိကင်း လွတ်ပြီး အကျင့်သိက္ခာဖောက်ဖျက်မှုများဖြစ်တတ်ပါ သည်။ တရားလွှတ်တော်ရှေ့နေ အထက်တန်းရှေ့နေ အဆင့်အားလုံးနှင့် သက်ဆိုင်ပေမည်။
(၁) ရင့်သီးမောက်မာစွာပြောဆိုခြင်း တရားလွှတ်တော် ရှေ့နေတစ်ဦးအနေနှင့် တရားခွင်တွင် ရင့်သီးမောက်မာစွာ ပြောဆိုမှုများ မပြုလုပ်သင့်ပါ။ ရိုင်းစိုင်း သော စကားလုံးများဖြင့် တစ်ဖက်သူ အား ပြောဆိုခြင်း၊ ဟိန်းဟောက်ခြင်း၊ မသင့်လျော်သော အပြုအမူပြုခြင်း မလုပ်သင့်ပါ။
(၂) လိမ်လည်တင်ပြပြီး ရက်ချိန်းတောင်းခံခြင်းမျိုးမှာလည်း မသင့်လျော်ပါ။ ဥပမာ၊ ဆေးစာအတုဖြင့်၊ ထောက်ခံစာအတုဖြင့် တင်ပြခြင်းမျိုးဖြစ်ပါသည်။
(၃) အမှုသည်ထံမှ ငွေကြေးလက်ခံရယူပြီး တရားသူကြီးအားပေးရန်၊ ဥပဒေအရာရှိ အားပေးရန်၊ ရဲအရာရှိအား ပေးရန်စသည် ဖြင့် မဟုတ်မမှန်ဆောင်ရွက်ခြင်းမျိုးမှာ လည်း ဆင်ခြင်ဖွယ်ဖြစ်ပါသည်။
(၄) မိမိလိုက်ပါဆောင်ရွက်သည့် အမှုနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ တင်ပြ ရန် အခွင့်အရေးရှိပါလျက် အမှုနှင့် မသက်ဆိုင်သော အဖွဲ့အစည်းများသို့ တိုင်ကြားပေးခြင်း၊ တိုင်စာတွင် လက်မှတ်ရေးထိုးပေးခြင်းမျိုးမှာ မသင့် လျော်ပါ။
(၅) အမှုသည် မသေဆုံးဘဲသေဆုံးကြောင်း လိမ်ညာတင်ပြခြင်းမျိုးလည်း မဖြစ်သင့်။
(၆) တရားသူကြီးနှင့် ခင်မင်ရင်းနှီးမှုကို အကြောင်းပြု၍ အမှုသည်များအပေါ် မသင့်မလျော်ပြုခြင်း၊ အမှုလိုက်ပါ ဆောင်ရွက်ခြင်း မပြုသင့်။
(၇) မိမိကိုယ်တိုင်သက်သေအဖြစ် ပါဝင်ရ မည့်အမှုတွင် ရှေ့နေလိုက်ပါ ဆောင်ရွက် ခြင်း မပြုသင့်။
(၈) တရားရုံး ရုံးချိန်ပြင်ပတွင် (တစ်ဖက် ရှေ့နေ၏ မျက်ကွယ်တွင်) မလျော်မကန်၊ အပုပ်ချပြောဆိုခြင်း၊ ရှေ့နေအချင်းချင်း၊ အမှုသည်အချင်းချင်း ရန်တိုက်ပေးခြင်း၊ မလျော်ပြုမူခြင်း၊ အမှုပွားခြင်း၊ ဥပဒေ နှင့်မညီဆောင်ရွက်ခြင်းများ မပြုသင့်။
(၉) အမှုဖြစ်ပစ္စည်း၊ တရားရုံးတွင် ရင်ဆိုင် ဖြေရှင်းဆဲပစ္စည်းများနှင့် စပ်လျဉ်း၍ ကိုယ်ကျိုးရရန်အလို့ငှာ ကြိုတင်စာချုပ် ချုပ်ခြင်း၊ ကျင့်ဝတ်သိက္ခာကို ထိခိုက်စေသော မယုံသင်္ကာဖြစ်ဖွယ်ရာများ ပြုလုပ် မှုများ မပြုလုပ်သင့်။
(၁၀) " အမှုနိုင်ကို နိုင်ရမည်၊ မနိုင်ရင်ငွေပြန် အမ်းမည်" ဟု ပြောဆိုအမှုလိုက်ပါခြင်း မျိုးမပြောသင့်၊ မပြောအပ်သောစကား မပြောသင့်။ မလုပ်အပ်သော အလုပ် မလုပ်သင့်။
(၁၁) ရှေ့နေ ရှေ့ရပ်များသည် မမေးသင့်၊ မမေး ထိုက်သော၊ မေးခွင့်မရှိသော မေးခွန်းများကို မမေးရ။ (သက်သေခံအက်ဥပဒေ ပုဒ်မ ၁၄၉၊ ၁၅၀၊ ၁၅၁၊ ၁၅၂)
(၁၂) တရားရုံး၏ အမိန့်ဒီကရီနှင့် ဆန့်ကျင် ကွဲလွဲစွာ သတင်းစာများတွင် ကြော်ငြာ ခြင်းမပြုလုပ်သင့်။
(၁၃) တရားခံတစ်ဦးအပြစ်ဒဏ်မကျစေအောင် ယင်းတရားခံ သေဆုံးသွားပြီဖြစ်ကြောင်း မဟုတ်မမှန်၊ လိမ်လည်၍ တရားရုံးသို့ မတင်ပြသင့်။
(၁၄) ရှေ့နေတစ်ဦး၏ ပေါ့ဆမှုကြောင့် နစ်နာမှု မဖြစ်စေရန် အထူးသတိဝီရိယထားရှိ အပ်သည်။ မိမိပေါ့ဆမှုအပေါ်အမှုသည် က နစ်နာမှုကို ပြန်လည်တရားစွဲနိုင် ကြောင်း သတိပြုသင့်ပါသည်။
စေတနာ
ဘားကောင်စီဝင်တရားလွှတ်တော်ရှေ့နေကြီး ဦးမျိုးချစ်နှင့် စပ်မိစပ်ရာ ဆွေးနွေးခဲ့ခြင်းပါ။ အလုပ် သင်ရှေ့နေ လူငယ်များ အတွက် အထူးသိသင့်သည့် စေတနာဖြန့်ဝေခြင်းပါ။ ကြုံဖူးသည့် အတွေ့အကြုံ တွေလည်း ဝေငှချင်ပါသေးသည်။ ကျွန်တော်တို့လည်း မသိတာတွေ အများကြီးရှိသေးသည်။ လေ့လာရဦးမည်ဟု တွေးခေါ်မိသောကျွန်တော်၏ စေတနာ ဥပဒေ အတွေးမျှသာပါ...။ ။

No comments:

Post a Comment