မန္တလေး ဖေဖော်ဝါရီ ၅
မြန်မာနိုင်ငံသို့ရောက်ရှိနေသော နီပေါနိုင်ငံ၊
ဗုဒ္ဓမြတ်စွာ ဘုရားဖွားမြင်တော်မူရာ လုမ္ဗိနီ ဒေသတွင် တည်ထောင်ထားသော လုမ္ဗိနီဗုဒ္ဓတက္ကသိုလ်
(Lumbini Buddhist University- LBU) ကျောင်းအုပ်ဆရာကြီး Fanindra Kumar Ncupane ဦးဆောင်သော
မဟာဘွဲ့သင်တန်းမှ ကျောင်းသားကျောင်းသူ ၂၀ တို့သည် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး)သို့
ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၃ နာရီက ရောက်ရှိကြရာ တက္ကသိုလ်မှ ညွှန်ကြားရေးမှူး ဦးကျော်စိန်ဝင်းနှင့်
ရုံးအဖွဲ့ဝင်များ၊ ပြင်ပ ပညာရှင် ဆရာကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။
လေ့လာရေးအဖွဲ့သည် တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်
ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏာလင်္ကာရာဘိဝံသနှင့် သင်ကြား/စီမံ ပါမောက္ခဌာနမှူးဆရာတော်များအား
ဖူးမြော်ကြည်ညိုကြရာ ဒုတိယပါမောက္ခချုပ်ဆရာတော်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား မိန့်ကြား၍
ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာ ဘဒ္ဒန္တအာစာရက ကြွရောက်လာသည့်
ဆရာတော်များနှင့် မိတ်ဆက်ပေး၍ ပရိယတ္တိ သာသနာ့တက္ကသိုလ် စာပေသင်ကြားမှုဆိုင်ရာများကို
မိန့်ကြားတော်မူသည်။
ထို့နောက် လုမ္ဗိနီဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ်ကြီးက
တက္ကသိုလ် ဆိုင်ရာများနှင့် ပတ်သက်၍ လျှောက်ထားတင်ပြပြီး မဟာဘွဲ့ သင်တန်းတက်ရောက်နေသည့်
ကျောင်းသား ကျောင်းသူများကလည်း နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)နှင့် ပတ်သက်၍
သိရှိလိုသည်များကို မေးမြန်းလျှောက်ထားရာ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန ဆရာတော်များက
ပြန်လည်ဖြေကြားပေးတော်မူခဲ့သည်။
ယင်းနောက် လုမ္ဗိနီဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာကြီးက
ဆရာတော်ကြီးအား အမှတ်တရပစ္စည်းများနှင့် စာအုပ်များ ဆက်ကပ်လှူဒါန်းသည်။
အဆိုပါလေ့လာရေးအဖွဲ့ဝင်များသည် မဟာလောကမာရဇိန်
ကုသိုလ်တော်ဘုရား၊ စန္ဒာမုနိဘုရား၊ မန္တလေးတောင်တော် ဆုတောင်းပြည့်မြတ်စွာဘုရားများသို့
သွားရောက် ဖူးမြော် ကြည်ညိုလေ့လာခဲ့ကြကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)
No comments:
Post a Comment